စာရေးဆရာ ဒါရိုက်တာ အကယ်ဒမီ မောင်ဝဏ္ဏ ကွယ်လွန်

Tuesday, January 11, 2011


စာရေးဆရာ ဒါရိုက်တာ အကယ်ဒမီ မောင်ဝဏ္ဏ (၆၄ နှစ်) ဟာ ဒီနေ့ မနက် ၄ နာရီ ၂၀ ခန့်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒါရိုက်တာ မောင်ဝဏ္ဏဟာ ကင်ဆာဝေဒနာကို တနှစ်နီးပါး ခံစားခဲ့ရပြီး ကွယ်လွန်သွားတာပါ။

ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်ချိုချိုရီနဲ့ သားသမီးများဖြစ်ကြတဲ့ စာရေးဆရာမ ဝါနု၊ သရုပ်ဆောင် ပြေဇင်၊ ဥက္ကာ ဆိုတဲ့သားသမီး ၃ ဦးနဲ့ ပန်းနု ဆိုတဲ့ မြေးမလေးတဦး ကျန်ရစ်ခဲ့ပါတယ်။

ဒါရိုက်တာ မောင်ဝဏ္ဏ ကွယ်လွန်သွားတဲ့အတွက် သာဓု သဘာဝအုပ်စုထဲမှာ အခုဆိုရင် ညီဖြစ်သူ စာရေး ဆရာမင်းလူ၊ သရုပ်ဆောင် မောင်ရူပနဲ့ ဒါရိုက်တာ အာယု တို့ပဲ ကျန်ပါတော့တယ်။

ဒါရိုက်တာမောင်ဝဏ္ဏဟာ ကတ္တိပါဖိနပ်စီး ရွှေထီးဆောင်း၊ ခုနစ်စဉ် အလွမ်း ဇာတ်ကား ၂ ကားနဲ့ အကယ်ဒမီ ဆုကို ဆွတ်ခူးခဲ့ပါတယ်။ မောင်ဝဏ္ဏရဲ့ သဘာဝကျကျ အိမ်ထောင်ရေး ဟာသ ဝတ္ထုများဖြစ်တဲ့ မောင်စိန်သောင်း မနှင်းရည် ဝတ္ထုတွေဟာ လူကြိုက်များပါတယ်။

မောင်ဝဏ္ဏဟာ စာရေးဆရာ ဒါရိုက်တာ သာဓုရဲ့ သားကြီး၊ စာရေးဆရာ အဆိုတော် သရုပ်ဆောင် အကယ်ဒမီ သုမောင်နဲ့ စာရေးဆရာ မင်းလူတို့ရဲ့ အစ်ကိုကြီးဖြစ်ပါတယ်။

အခုဆိုရင် သာဓုမျိုးဆက်တွေအဖြစ် သုမောင်ရဲ့ သား အဆိုတော် သရုပ်ဆောင် ဖိုးသောကြာ၊ မောင်ဝဏ္ဏရဲ့ သား သရုပ်ဆောင် ပြည်ဇင်တို့ကို မွေးထုတ်နိုင်ခဲ့တယ်လို့ စာရေးဆရာမ သန်းမြင့်အောင်က ပြောပါတယ်။

“ပြည်သူတွေဘက်က ရပ်တည်တဲ့၊ ပြည်သူချစ်တဲ့ အနုပညာရှင်တွေထဲက တယောက်ဖြစ်တဲ့ ကြယ်တပွင့် ဆုံးရှုံး သွားတာပါ” လို့ ဆရာမ သန်းမြင့်အောင်က ဧရာဝတီကို ပြောပါတယ်။

မောင်ဝဏ္ဏရဲ့ ပန်းတွေနဲ့ဝေ ဇာတ်ကားကို လူသိများ၊ လူကြိုက်များပါတယ်။ ၂၀၁၁ နှစ်ဦးမှာတော့ ဒါရိုက်တာ မောင်ဝဏ္ဏဟာ ကွယ်လွန်သူ ဒုတိယမြောက် အနုပညာရှင်ဖြစ်ပါတယ်။ အရင်တပတ်မှာ ဇာတ်ပို့ကောင်း တဦးဖြစ်တဲ့ ကေတုမတီ (ဦး) မျိုးအောင် ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

ဒါရိုက်တာ မောင်ဝဏ္ဏရဲ့ ဈာပဏ အခမ်းအနားကို ရေဝေးသုဿာန်မှာ ဇန်နဝါရီ ၁၃ ရက်နေ့ ကျင်းပမယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အေးချမ်းမြေ့

3 comments :

  1. ဗဟန်း said... :

    မောင်ရူပ ဆိုသူတစ်ယောက်ရှိသေးတယ်မဟုတ်လား.. ကျနော်သိပ်မမှတ်မိ တော့ဘူး.. သူ့တို့ညီအကိုတွေရဲ့အရေးအသား ကို အသေအလဲစွဲလမ်းခဲ့တာပေါ့.. မောင်ဝဏ္ဏရဲ့ ချစ်တဲ့သူငယ်လေ ဆိုတဲ့စာအုပ်ကို ဖတ်ရင် ဇတ်လိုက်ကို အဲလောက်တုံးရပါ့မလားဆိုပြီး ဒေါသတကြီးနဲ့ စာအုပ်ကို ပစ်ပေါက်ပစ်လိုက်ချင်စိတ်ပေါက်အောင် အဖွဲ့ပီပြင်လွန်းလှပါတယ်..ပန်းတွေနဲ့ဝေ ရုပ်ရှင် (ညွန့်ဝင်းခင်ယုမေ) ကြည့်ပြိး ၇၇-၇၈ ခုနှစ်လောက်ထင်တယ်.. တကသိုလ် ရောက်ချင်စိတ်ပေါက်မိတယ်.. သူ့အဖေရဲ့ အတာဆိုတဲ့ စာအုပ်နဲ့ အနုဝင်္ကဘာ ဆောင်းပါးများဟာ ကျနော်တို့ညီအစ်ကိုရဲ့ အသဲစွဲများပါ.. ဆရာမောင်ဝဏ္ဏ ကောင်းရာဂတိရောက်ပါစေ..

  1. Anonymous said... :

    What happen to Mg Yu Pa ?
    i think he is still alive ;)
    u should include his name as well

  1. Unknown said... :

    နှမြောစရာအလွန်ကောင်းပါတယ်။ဦးသုမောင် ခု ဆရာမောင်ဝဏ္ဏ စိတ်မကောင်းတော်တော်ဖြစ်မိတယ်။ဆရာတို့ရုပ်ရှင်တွေစာတွေအားလုံးရဲ့ပရိတ်သတ်ပါ။ညီအစ်ကိုနှစ်ယောက်လုံးကောင်းရာသုဂတိ
    ရောက်ပါစေ..လို့ဆုတောင်းပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved