ကိုဇာဂနာ့မွေးနေ့ သီးညီအစ်ကိုများရဲ့ ပဒေသာကပွဲ

Friday, January 28, 2011







ပြည်သူချစ် အနုပညာရှင် ကိုဇာဂနာရဲ့ အသက် ၅၀ ပြည့် ရွှေရတု မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် သီးညီအစ်ကို အဖွဲ့ကတင်ဆက်တဲ့ ပဒေသာကပွဲနဲ့ အငြိမ့်ပါ။ ဇန်နဝါရီ ၂၇ ရက် ညက ထိုင်းနိုင်ငံ ချင်းမိုင် Art Museum မှာ ကျင်းပပါတယ်။ ဒီပွဲကရတဲ့ ငွေတွေကို ကိုဇာဂနာ့အတွက် လှူဒါန်းမယ်လို့ သိရပါတယ်။ ကြယ်သီး၊ ဇီးသီး၊ ပန်းသီး၊ မြစံပယ်ငုံ၊ ရွှေရည်တို့ ၅ ယောက်တည်း ကြဲတဲ့ပွဲလို့တောင် ပြောလို့ရပါတယ်။ ထူးခြားတာကတော့ ပထမဆုံးတင်ဆက်တဲ့ နတ်ယိမ်း အကပါ။ မြူးကြွတဲ့ အကတွေ၊ နတ်ဒိုးသံတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပန်းရောင်တောက်တောက် နတ်ဝတ်စုံတွေက လူတွေကို အထူး ဖမ်းစားထားပါတယ်။

နောက်တော့ လူနဲ့ အရုပ် အတူကတဲ့ ရုပ်ကြီးစင် အကပါ။ အဲဒီမှာ အရုပ်ကို ပန်းသီးက ကြိုးဆွဲပြီး လူမင်းသား ဇီးသီးကိုတော့ ကြယ်သီးက ကြိုးဆွဲပါတယ်။ ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ် စတဲ့ အကတွေ ကိုလည်း မင်းသမီးလေးတွေက တင်ဆက်ပါတယ်။ အဲဒီမှာတော့ တခြား မင်းသမီးငယ်လေးတယောက်က ရွှေရည်နဲ့ မြစံပယ်ငုံကို အားဖြည့် ထားပါတယ်။

ဒီပွဲမှာ သီးညီအစ်ကိုအဖွဲ့ကို မြင်ရတာ အားရစရာလည်း ကောင်း၊ ရင်မောစရာလည်း ကောင်းလှပါတယ်။ ပွဲအစီအစဉ်တွေ အားလုံး သူတို့ချည်း ဝင်ချည်ထွက်ချည်၊ အခု အဝတ်အစားတမျိုး၊ နောက်အဝတ်အစား တမျိုးနဲ့ ဖျော်ဖြေနေတာကို ကြည့်ပြီး မောရတာပါ။ မြန်မာ့ဆိုင်းကိုလည်း မြိုင်မြိုင်ဆိုင်ဆိုင် တီးပြခဲ့ပါသေးတယ်။ ဆိုင်းဝိုင်း အပြည့် မဟုတ်ပေမယ့် တခြားသော မြန်မာ ဆိုင်းပညာရှင်တွေနဲ့ ပူးပေါင်းပြီး ပန်းသီးက ပတ္တလား၊ ဇီးသီး၊ ကြယ်သီးတို့ပါ ပါဝင်တီးခတ်ထားတာပါ။ မြမန်းဂီရိ သေလာတောင် သီချင်းကြီးနဲ့ ရှမ်းရိုးမက အိုးစည်သံ မြူးမြူးကြွကြွ သီချင်းတို့ကို ဆက်တိုက်တီးပြတာ နားထောင်လို့တော်တော်ကောင်းပါတယ်။

အစီအစဉ်တွေအားလုံး ပရိသတ်ကို ဖမ်းစားနိုင်တယ်လို့ ယူဆရပါတယ်။ အနည်းငယ် လစ်ဟာမှုလေး တွေကိုတော့ ပရိသတ်က ခွင့်လွှတ်ခံစားတာတွေ့ရတယ်။ လူနည်းနည်းနဲ့ ဝိုင်းရတဲ့ပွဲ ဆိုတာကို ချင်းမိုင်ပရိသတ်က နားလည်နေပါတယ်။

အငြိမ့်ခန်း စဖွင့်တာကတော့ လွမ်းမောဖွယ် ကောင်းလှပါတယ်။ ကိုဇာဂနာနဲ့ လူရွှင်တော်အဖွဲ့က ပိတ်ကားပေါ်မှာ ခွန်းထောက်ဆိုပြီး စဖွင့်တာပါ။ သီးညီအစ်ကိုတွေက ခွန်းထောက် မဆိုတော့ဘဲ မင်းသမီး ရွှေရည်ရဲ့ အကနဲ့ စပါတယ်။ “ဗေဒါလမ်း” သီချင်းနဲ့ မြစံပယ်ငံကကပြီး ရွှေရည်ကတော့ ကြယ်သီး ရေးစပ် ထားတဲ့ မြတ်ဆရာဆိုတဲ့ သီချင်းနဲ့ ကပါတယ်။ ပြက်လုံးတွေကတော့ ခါတိုင်း ခွင်တွေလောက် မကောင်းဘူးလို့ ပြောရမှာပါ။ လူရွှင်တော် ၃ ယောက်တည်းနဲ့ စီစဉ်ရလို့ ဖြစ်မှာပါ။ အငြိမ့်ခွင်ကိုတော့ အရှေ့ပိုင်းက တင်ဆက်မှုတွေလောက် အားမရပါဘူး။

အဆုံးသတ်ပြီးသွားတဲ့ အချိန်မှာ သီးညီအစ်ကို ၃ ယောက်၊ မင်းသမီး ၂ ယောက်နဲ့ တခြား မင်းသမီး ငယ်လေးတွေစုပေါင်းပြီး ကိုဇာဂနာအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ဆုတောင်းရင်း တင်ဆက်တဲ့ ဆီမီးခွက် ယိမ်းကို ကြည့်ရပါတယ်။

ဆရာသမားအတွက် အားကြိုးမာန်တက် ပင်ပင်ပမ်းပမ်း တင်ဆက်သွားကြတဲ့ သီးညီအစ်ကို အဖွဲ့သားများကို ချီးကျူး ဂုဏ်ပြုပါတယ်။



1 comments :

  1. Anonymous said... :

    သီးလေးသီးကနေ ဘယ်လို သီးညီနောင် ဖြစ်သွားတာလဲဗျို့။ ကွဲကြ ပြဲကြပြီ လားဗျို့...။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved