“ကိုတူမောင်..ရေ။ ပြီးခဲ့တဲ့စကားဝိုင်းမှာ ဦးလေးကြီး စကားလက်စသတ်ခဲ့တဲ့အတိုင်း ဒီစကားဝိုင်းမှာ နိုင်ငံရေးနည်းအကြောင်းက စ, ပြောမယ်။”
ဤသို့ဦးလေးကြီးက နိဒါန်းချီပြီးနိုင်ငံရေးနည်းအကြောင်းကို ရှင်းပြသည်မှာ အိမ်ထောင်တစု၏ အရေးအရာ ကိစ္စ၀ိစ္စဟူသမျှသည် အိမ်ထောင့်အရေး၊ အိမ်ထောင်ရေးဖြစ်သည်။ အိမ်ထောင့်အရေး၊ အိမ်ထောင်ရေးကို ဦးဆောင်ဖြေရှင်းရသူမှာ အိမ်ထောင်ဦးစီးဖြစ်သည်။ ထိုအိမ်ထောင်ဦးစီးသည် ငါတကောမကော၊ ထင်ရာမစိုင်း၊ အိမ်ထောင့်အရေး၊ အိမ်ထောင်ရေးကို ငြိမ်းချမ်းသာယာစေရန် အိမ်ထောင်စုဝင်မိသားစုနှင့် အကျေအလည် တိုင်ပင်ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်အကောင်အထည်ဖော်ရသည်။
“ကိုတူမောင်..ရေ။ အိမ်ထောင့်အရေး၊ အိမ်ထောင်ရေးရဲ့ သဘောသဘာဝကို ပြောခဲ့ပြီးပြီ။ ခုဆက်ပြီး နိုင်ငံ့အရေး၊ နိုင်ငံရေးအကြောင်းကိုပြောမယ်။”
ဤသို့အစပျိုးပြီးဦးလေးကြီးက ဆက်၍ပြောပြန်သည်။ ဦးလေးကြီး၏ အာဘော်အရ နိုင်ငံတခု၏ အရေးအရာကိစ္စ၀ိစ္စဟူသမျှသည် နိုင်ငံ့အရေး၊ နိုင်ငံရေးဖြစ်သည်။ နိုင်ငံ့အရေး၊ နိုင်ငံရေးကို ဦးဆောင်ဖြေရှင်းရသူမှာ နိုင်ငံသူနိုင်ငံသား လူအများက ရွေးကောက်တင်မြှောက်လိုက်သည့် နိုင်ငံ့ဦးစီး (၀ါ) နိုင်ငံတော်သမ္မတမင်းဖြစ်သည်။ ထိုနိုင်ငံ့ဦးစီး (၀ါ) နိုင်ငံတော်သမ္မတမင်းသည် ငါတကောမကော၊ ထင်ရာမစိုင်း။ နိုင်ငံ့အရေး၊ နိုင်ငံရေးကို ငြိမ်းချမ်းသာယာစေရန် နယ်ပယ်အသီးသီး၊ အလွှာအသီးသီးက၊ နိုင်ငံသူ နိုင်ငံသားများ၊ သို့မဟုတ် နိုင်ငံသူ နိုင်ငံသားတို့၏ ကိုယ်စားလှယ်များနှင့် အကျေအလည် တိုင်ပင်ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်အကောင်အထည်ဖေါ်ရသည်။ ဤလုပ်ငန်းစဉ်သည် `နိုင်ငံရေးနည်း´ဟူ၏။
“ကဲ..ကိုတူမောင်။ ဘယ်မှာလဲ နိုင်ငံတော်သမ္မတမင်း။ ခုရှိနေတဲ့ဒင်းကြီးက လက်နက်နဲ့မီးကုန်ရမ်းကုန် ကြမ်းနေတဲ့ အကြမ်းဖက်သမားကြီး..။ ဒင်းကြီးရဲ့အခွက်ကို သေသေချာချာကြည့်။ ဘယ်မှာလည်းအကြည်ဓါတ်။ စိတ်ဓါတ်က ကြမ်းကြုတ် ယုတ်မာရက်စက်လွန်းတော့ ဒင်းကြီးရဲ့အခွက်ကိုယ်က အမင်္ဂလာ အယုတ်တမာကြီး။”
ခံစားချက်ပြင်းထန်လွန်းလို့ ဦးလေးကြီးပေါက်ကွဲပြီ။ ပေါက်ကွဲမှုကမရပ်။ ထပ်ဆင့်၍ပေါက်ကွဲပြန်သည်။
“ဒီအယုတ်တမာကြီးက နိုင်ငံသူ နိုင်ငံသားများရဲ့ ကိုယ်စားလှယ်အစစ်အမှန် ၉၀ ခုနှစ်ရွေးကောက်ခံများနဲ့ ဘယ်ခါမျှ အကျေအလည် တိုင်ပင်ညှိနှိုင်းဆွေးနွေးသမှုမပြုခဲ့ဘူး။ ဗိုလ်ခင်မမညွန့် တွင်ကျယ်နေတုန်းက သူ့တပည့်ကျော် ဗိုလ်သန်းထွန်းကလေးက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တမေ့တမောကြီးကြာခါမှ တခါ၊ နောက်ထပ်တမေ့တမောကြီးကြာခါမှ နောက်တခါ လာ, လာပြီးတွေ့တယ်။ ဘာတွေများအရေအဖတ် ရခဲ့လို့လဲ။”
ဦးလေးကြီးက ရင်ထဲကပွင့်အံထွက်လာသော စကားလုံးများဖြင့် ချည်ပြီးတုတ်ပြီးမေးခွန်းထုတ်ခဲ့လေပြီ။ သည်မေးခွန်းမျှနှင့်အားမရသေးသဖြင့် နောက်မေးခွန်းတစ်မျိုးကို ဆွဲထုတ်လာပြန်သည်။
“ဗိုလ်ခင်မမညွန့် အချုပ်နန်းစံ ၀ဋ်ခံနေရတုန်းမှာလည်း နိုင်ငံတကာက`တွေ့ဆုံဆွေးနွေးပါ´လို့ အလီလီအဖန်ဖန်`တွန်း´ကြ``ဖိ´ကြတယ်။ ဒီတော့ သန်းရွှေကြီးက `ပြခန်း´တခုကို`ဥုံဖွ´လုပ်ပြီး ဖန်တီးလိုက်တယ်။ `ပြခန်း´မှာ ဖြတ်ခနဲမြင်လိုက်ရတာက ဗိုလ်ရုပ်သေးအောင်ကြည်ရဲ့ ဓါတ်ပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓါတ်ပုံ..။ ထုံးစံအတိုင်း တမေ့တမောကြီးကြာခါမှ နောက်တခါ..။ နောက်ထပ် တမေ့တမောကြီးကြာခါမှ.. အဲ..နောက်တလီ..။ ဒီ`ပြခန်း´ကလေးကို ဖြတ်ခနဲဖြတ်ခနဲ မြင်ရုံလေးမျှသာမြင်ရတာ..။ စတိသဘောလေးသာ မြင်ရတာ..။ ဘာတတ်နိုင်သေးလဲ နိုင်ငံတကာတို့..။ တကယ်တော့ ဒါတွေဟာ နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာတော့မယောင် မူယာမာယာဟန်ပြလုပ်နေတာ။ တစ်တုံး၊ နှစ်တုံး၊ သုံး လေး ငါး တုံး..မက စားပြီးတာတောင် သဘောမပေါက်နိုင်ကြသေးဘူး။ လှည့်စားနေတာတွေကို ဟုတ်နိုးနိုးနဲ့ နောက်ထပ်မျှော်ကာ မျှော်ကာ မျှော်နေသေးရင်တော့လား၊ ရွှေပြည်တော် မျှော်လေတိုင်းဝေးတဲ့ဘ၀က ဘယ်ပုံဘယ်နည်း လွတ်မြောက်ကြတော့မှာလဲကွယ်။”
ဦးလေးကြီးခမျာ မောမောနှင့်ညည်းတွားရလေပြီ။ မောနေ ညည်းနေလို့ပြီးမှာ မဟုတ်လေတော့ ဆက်ရပြန်ပြီ။ နောက်တလီ။
“ကဲ..ကိုတူမောင်။ နိုင်ငံရေးနည်း သက်သက်မျှနဲ့တော့ စစ်အာဏာရှင် အရင့်အထော်ကြီးတွေရဲ့ စစ်ဖိနပ်အောက်ရောက်နေတဲ့ မြန်မာ့နိုင်ငံရေးဟာ ဘယ်သောခါမျှ ရင်အေးရမှာမဟုတ်ဘူး။ ဒီအကြောင်းကို ဖြတ်သန်းတွေ့ကြုံခဲ့ရတဲ့ အဖြစ်သနစ်တွေနဲ့ နှိုင်းယှဉ်ပြီး ဦးလေးကြီးကဝေမျှခဲ့ပြီးပြီ။”
“ဦးလေးကြီးလည်း ပြောရလွန်းလို့ မောလှပါပြီ။ နားပါဦးခင်ဗျာ။”
“ကိုတူမောင်..ရေ။ နားတော့ နားချင်တာပေါ့။ ဒါပေမယ့်နားလို့မရဘူး။ အကြမ်းမဖက် လူထုတိုက်ပွဲနည်းကို ဆက်ဦးမယ်။”
ဦးလေးကြီးက ဤသို့ခြေဆင်းစကားပြောကြားပြီး အကြမ်းမဖက် လူထုတိုက်ပွဲနည်းကို ဆက်လက်ဝေမျှသည်မှာ မဆလအမြုတေပါတီခေတ်လွန်ခဲ့ပြီ။ မဆလပြည်သူ့ပါတီခေတ် ရောက်လာပြီ။ ပထမဦးဆုံး ပြည်သူ့လွှတ်တော် သက်တမ်းအတွင်းမှာပင် အကြမ်းမဖက်လူထုတိုက်ပွဲ `၀ုန်း´ခနဲ ပေါ်လာသည်။ အလုပ်သမားတွေ စားဝတ်နေရေးကြပ်တည်းလွန်းသဖြင့် ဆန်တောင်းသည့်ဆန္ဒပြပွဲတွေဖြစ်ခဲ့သည်။ အလုပ်သမားအရေးအခင်းဟု အမည်တွင်ခဲ့သည်။
ကြည်းတပ်က သေနတ်များဖြင့် ပစ်ခတ်သဖြင့် လှိုင်မြို့နယ် ဘာတာရပ် အင်းစိန်ကားလမ်မကြီးပေါ်မှာ အလုပ်သမားတွေ သွေးမြေကျပြီးသေကြရသည်။ ရေတပ်စစ်သင်္ဘောက သေနတ်များဖြင ပစ်ခတ်သဖြင့် ဆင်မလိုက်သင်္ဘောကျင်းမှာ အလုပ်သမားတွေ သွေးမြေကျပြီးသေကြရသည်။ ရန်ကုန်မြို့လယ်ခေါင် ရန်ုကုန်တိုင်းပြည်သူ့ကောင်စီ ရုံးစိုက်ရာမြို့တော်ခန်းမနှင့် မဟာဗန္ဓုလပန်းခြံအကြားက ကားလမ်းမကျယ်ကြီးပေါ်မှာလည်း ထိုနည်းအတိုင်းပင်။ အလုပ်သမားတွေ သွေးမြေကျကာ သေပွဲဝင်ခဲ့ကြရရှာသည်။
ထိုအလုပ်သမားအရေးအခင်းကို သေနတ်ဖြင့်ပစ်ခတ်ဖြိုခွင်းရေးကိစ္စ ဆွေးနွေးကြရာ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်၊ စစ်ဦးစီးချုပ်လည်းဖြစ်သော ဗိုလ်ချုပ်ကြီးသူရတင်ဦး (ယခု NLD ဒု-ဥက္ကဋ္ဌဦးတင်ဦး) က သဘောမတူခဲ့။ ဆန္ဒပြအလုပ်သမားများက ဗိုလ်ချုပ်ကြီးတင်ဦး ကျန်းမာပါစေဟု ကြွေးကြော်ခဲ့ကြသည်တဲ့။
“ကိုတူမောင်..ရေ။ ဗိုလ်ချုပ်ကြီးတင်ဦး ကျန်းမာပါစေဆိုတဲ့ကြွေးကြော်သံက ဦးနေ၀င်ရဲ့နားထဲရောက်သွားတော့ ငှက်ဆိုးထိုးသံဖြစ်သွားသတဲ့။ ဆန္ဒပြအလုပ်သမားတွေကို သေနတ်နဲ့ပစ်ခတ်ဖြိုခွင်းရေးကိစ္စ..။ အဲဒီကိစ္စကိုဗိုလ်ချုပ်ကြီးသူရတင်ဦး သဘောမတူတဲ့သတင်းကလည်း ဦးနေ၀င်ရဲ့နားအုံနှစ်ဖက်စလုံးကို `၀ုန်း´ခနဲပစ်ရိုက်လိုက်သတဲ့။”
“ဘယ်လိုဖြစ်ကုန်တာလဲ.. ဦးလေးကြီး..ရဲ့။”
“ဒီလို..ဒီလို..ကိုတူမောင်..ရေ။ ဦးနေ၀င်ရဲ့စိတ်မနောက သူသာလျှင်`ဟီးရိုး´ဖြစ်ချင်တာ။ သူသာလျှင်`အကြည်ညိုခံပုဂ္ဂိုလ်´ဖြစ်ချင်တာ။ ခုတော့သူက`ဗီလိန်´ဖြစ်။ သူ့လက်အောက်က ဗိုလ်ချုပ်ကြီးတင်ဦးက`ဟီးရိုး´ဖြစ်။ `အကြည်ညိုခံပုဂ္ဂိုလ်´ဖြစ်။
ဒီမှာတင်ဦးနေ၀င်က ဒေါသအိုးပေါက်ကွဲတော့သတဲ့။ ငါမွေးလို့လူဖြစ်လာတဲ့ကောင်၊ တပည့်သားဖြစ်ဖြစ် ဘာဖြစ်ဖြစ် မလိုချင်ဘူးဟေ့…ဂျောင်း..ဂျောင်း..ဂျောင်း..တဲ့။ ဂျောင်းဆိုတာက ဟိုတုန်းကမြန်မာတွေကပါ ပြောလေ့ရှိတဲ့ ဟိန္ဒူစတန်စကား။ မြန်မာလိုအဓိပ်ပါယ်က.. သွား..သွား..သွား..တဲ့။”
ထိုစဉ်က စစ်ထောက်လှမ်းရေးကိုကိုင်သော မျက်မှန်တင်ဦး (ခေါ်) လန်ဘားတင်ဦး (ခေါ်) စာရေးဆရာ မောင်မစူးမစမ်းရဲ့ ငယ်သူငယ်ချင်း ဗိုလ်တင်ဦး..၊ သူငယ်ချင်း မောင်မစူးမစမ်းကို၊ `ကလန်´တန်တန်လုပ်တတ်တဲ့စရိုက်ကြောင့် ငယ်ကျိုးငယ်နာဖေါ်ပြီး `ကလန်´ လို့နံမည်မှဲ့ပေးခဲ့တဲ့ ထောက်လှမ်းရေး `၀မ်းအဲင်န်ဟပ်ဖ်´ ဗိုလ်တင်ဦး..။ အနှီဗိုလ်တင်ဦးက အကွက်ချောင်နေသူဖြစ်လေတော့ အကြိုက်တွေ့သွားပြီ။ အကြံအဖန်အမှုဆင်ပြီး ခွက်စောင်းခုတ်ပြီ။
“ကိုတူမောင်..ရေ။ ထွက်လာတဲ့ရလာဒ်အရ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်၊ စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတင်ဦး စစ်ဘောင်းဘီချွတ်လိုက်ရပြီး ဦးတင်ဦးဖြစ်သွားပါလေရော။”
ဒီကိစ္စက သည်မျှနှင့်မပြီးသေးပါ။ ဦးတင်ဦး၏ကံကြမ္မာက နောက်တမျိုးဖန်လာပြန်သည်။ ဗိုလ်ကြီးအုန်းကျော်မြင့်က ဦးနေ၀င်းနှင့်တကွ ထိပ်တန်းအာဏာပိုင်အချို့ကို လုပ်ကြံရန်ကြံစည်သည်ဟူသော အမှုအခင်းပေါ်ပေါက်လာခဲ့သည်။ ထိုအမှုအခင်းက ဦးတင်ဦးနှင့်တပည့်ဖြစ်ခဲ့ဘူးသူ ဗိုလ်ကြီးဝင်းထိန်တို့ထံ အခြောက်တိုက် ရိုက်ခတ်လာခဲ့သည်။
“အဲ..ကိုတူမောင်..။ ဖြစ်ကြောင်းရယ်ကုန်စင် ပြောနေရင်း ချော်တောငေါ့ကုန်ရော့မယ်။ စာရင်းချုပ်အချုပ်မှာတော့ ဦးတင်ဦးလည်းထောင်ထဲရောက်..။ ဗိုလ်ကြီးတဖြစ်လဲ ဦးဝင်းထိန်နဲ့လုပ်ဖေါ်ကိုင်ဖက်တချို့လည်း ထောင်ထဲရောက်..။ အဲဒီလိုဗျောင်းတိဗျောင်းဆန်တွေ ဖြစ်ကုန်တယ်။”
ဦးလေးကြီးက စကားအဆုံးတွင် ဤသို့မှတ်ချက်ပေးလေသည်။
“ဒီဖြစ်စဉ်တွေကို ကောက်ချက်ဆွဲလိုက်ရင် အကြမ်းမဘက် လူထုတိုက်ပွဲနည်းသက်သက်ဟာလည်း ဒီတိုင်းပြည်က စစ်အာဏာရှင်တွေရဲ့ စစ်ဖိနပ်အောက်မှာ အမှုန့်ဖြစ်ပြီး လေထဲလွင့်ပျောက်သွားတာပဲ။”
ဦးလေးကြီးက ဤသို့ကောက်ချက်ဆွဲအပြီးတွင် စကားဝိုင်းအပိုင်း (၂) ကိုလက်စသတ်ဖို့ တာစူလိုက်လေသည်။
“ဦးလေးကြီးတို့၊ ကိုတူမောင်တို့ရဲ့ တိုင်းပြည်က စစ်အာဏာရှင်တွေကို နိုင်းငံရေးနည်းသက်သက်နဲ့လည်းဖြိုလို့မပြို။ အကြမ်းမဖက် လူထုတိုက်ပွဲနည်းသက်သက်နဲ့လည်း လှဲလို့မလဲ။ နောက်စကားဝိုင်းကျရင်တော့ အဖြေသေချာ ထွက်လို့လာမှာပါ။ ကိုင်း.. ဧရာဝတီအယ်ဒီတာ.. ဆရာ့ဆရာများဗျာတို့..။ စကားခရီးစဉ်ကို ဒီမှာပင်တထောက်နားကြပါစို့”။
(အပိုင်း - ၃ သို့ဆက်ရန်)
0 comments :
Post a Comment