အာရှခေါင်းဆောင်များရဲ့အဆင့်အတန်း

Monday, January 17, 2011

သြော်..ဖြစ်မှ၊ ဖြစ်ရလေ

မွန်ဇော်နိုင်၊ ဇန်နဝါရီ ၁၇၊ ၂၀၁၁

အာဖရိကတိုက်၊ အိုင်ဗရီကို့စ် နိုင်ငံသမ္မတ ရွေးကောက်ပွဲနဲ့ ယှက်နွှယ်ပြီး ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတာတွေကို ဖတ်ရှုကြားသိနေရတယ်ခင်ဗျ။ ဒီတော့မှ ကျနော်တို့ အာရှတိုက်က နိုင်ငံခေါင်းဆောင်ကြီးတွေရဲ့ အဆင့်အတန်းကို သတိပြုမိပြီး “သြော် .. ဖြစ်မှဖြစ်ရလေ” လို့ အားမလိုအားမရ၊ မအီမလည် ဖြစ်ရပါတော့တယ်ဗျာ။

ဇာတ်လမ်းက ဟောဒီလိုပါဗျ။ အိုင်ဗရီကို့စ်နိုင်ငံ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတက ရှုံးသွားပြီး အတိုက်အခံသမ္မတလောင်းက နိုင်သွားပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကရော ရွေးကောက်ပွဲ စောင့်ကြည့်နေကြတဲ့ အာဖရိကနိုင်ငံများအပါအ၀င် ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ အင်္ဂလန်တို့ကပါ အတိုက်အခံ သမ္မတလောင်း အနိုင်ရရှိကြောင်း အသိအမှတ်ပြုခဲ့ကြပါတယ်ခင်ဗျာ။

ဒါပေမယ့် လက်ရှိသမ္မတက သူရှုံးနိမ့်ကြောင်း လက်မခံဘဲ အာဏာ လွှဲပြောင်းပေးရမှာကို ငြင်းဆန်နေတယ်ခင်ဗျ။

ဒါကြောင့် အိုင်ဗရီကို့စ်နိုင်ငံရဲ့ အိမ်နီးချင်း သုံးနိုင်ငံက သမ္မတသုံးဦးဟာ ရှုံးနိမ့်သွားတဲ့သမ္မတက အနိုင်ရတဲ့သမ္မတလောင်းအား အာဏာလွှဲပြောင်းပေးဖို့ အိုင်ဗရီကို့စ်နိုင်ငံကို သွားရောက် တိုက်တွန်းပါတယ်။တိုက်တွန်းတာကို လက်မခံရင် သုံးနိုင်ငံစစ်တပ်ရဲ့ အင်အားကိုသုံးပြီး လက်ရှိသမ္မတကို ဖြုတ်ချမယ်လို့လည်း သတင်းတွေက ဆိုပါတယ်။


အနောက်အာဖရိက နိုင်ငံများအဖွဲ့ECOWASကလည်း အနိုင်ရအတိုက်အခံ ခေါင်းဆောင်သမ္မတလောင်းကို
အာဏာလွှဲပြောင်းပေးဖို့ တိုက်တွန်းနေပါတယ်။ လောလောဆယ် အိုင်ဗရီကို့စ်နိုင်ငံနဲ့ ဆက်ဆံရေးကိုလည်း ယာယီ ဖြတ်တောက်ထားပါတယ်။

ဓမ္မနဲ့အဓမ္မအပေါ် ပြတ်ပြတ်သားသား ခွဲခြားရပ်တည်ပြီး ဆုံးဖြတ်၊ အရေးယူ၊ ကူညီကြတဲ့ အာဖရိက ခေါင်းဆောင်များနဲ့ အာဖရိကပြည်သူများကို တွေ့ရတော့ ကျနော်တို့ အာရှတိုက်၊ အာရှနိုင်ငံ၊ အာရှခေါင်းဆောင်များနဲ့ မနှိုင်းယှဉ်ဘဲ မနေနိုင်တော့ပါဘူးခင်ဗျာ။

ကြည့်ကြပါဦးဗျာ။ ၁၉၉၀ ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရွေးကောက်ပွဲမှာ NLD က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပါတယ်။ သို့ပေမယ့် အာဏာသိမ်းစစ်အစိုးရကNLDကို အာဏာလွှဲပြောင်း ပေးအပ်ခြင်း မပြုခဲ့ပါဘူး။ဒါ့အပြင် ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကိုရော NLD ခေါင်းဆောင်တွေ အခြားအခြားသော နိုင်ငံရေးအင်အားစုများက နိုင်ငံရေးခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေကိုပါ ဖမ်းဆီးထောင်ချခဲ့ပါတယ်။

ပြည်သူတွေရဲ့ ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ဘုန်းကြီး ရဟန်းကိုတောင်မရှောင် ရက်ရက်စက်စက် မောင်းပြန်သေနတ်များနဲ့ ပစ်ခတ်သတ်ဖြတ်ပြီး ဖြိုခွဲခဲ့ပါတယ်။ ယနေ့ထက်တိုင် စစ်အာဏာရှင် ဗိုလ်ချုပ်တစုက နိုင်ငံ့အာဏာကို မတရား သိမ်းပိုက်ထားဆဲ နိုင်ငံရေးအကျဉ်းသားပေါင်း နှစ်ထောင်ကျော်ကို ဖမ်းဆီးအကျဉ်းချထားဆဲဆိုတာ တကမ္ဘာလုံး အသိပါခင်ဗျာ။

သို့ပေမယ့် ကျနော်တို့ရဲ့ အိမ်နီးချင်းများဖြစ်ကြတဲ့ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဆိုတဲ့ အိန္ဒိယနိုင်ငံ၊ ကမ္ဘာ့အဖိနှိပ်ခံ ပြည်သူတွေရဲ့တပ်ဦးပါတီပါလို့ ရင်ကော့ပြီး ကြီးစိုးအုပ်ချုပ်တဲ့ တရုတ်နိုင်ငံ၊ အာဆီယံအဖွဲ့ဝင် အိမ်နီးချင်း ၉ နိုင်ငံနဲ့ အခြားအာရှနိုင်ငံများဟာ မြန်မာနိုင်ငံက တရားမ၀င်တဲ့စစ်အစိုးရကို ယနေ့အထိ ဘယ်လိုတုန့်ပြန်ခဲ့ပါသလဲ။ ယနေ့အထိဘယ်လိုဆက်ဆံနေပါသလဲ။

ဒီနေရာမှာ ရွေးကောက်ပွဲရှုံးနိမ့်ပါလျက် အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်နေတဲ့ လက်ရှိ အိုင်ဗရီကို့စ် သမ္မတကို အိမ်နီးချင်းနိုင်ငံများနဲ့ အာဖရိကတိုက်နိုင်ငံများက ဘယ်လိုတုန့်ပြန် အရးယူနေကြသလဲဆိုတဲ့ အချက်နဲ့ နှိုင်းယှဉ် ကြည့်လိုက်တော့ ကွာခြားလွန်းလှပါပကော ရပ်ကတို့။

တကယ်တော့ မြန်မာနိုင်ငံရဲ့ ပတ်ခြာလည်က နိုင်ငံ့ခေါင်းဆောင်တွေကို ကြည့်လိုက်တော့ လား..လား.. မြန်မာနိုင်ငံရဲ့ အနောက်ပိုင်းမှာက မဟတ္တမဂန္ဒီ နေရူး။ မြောက်ပိုင်းမှာက မော်စီတုန်း၊ ချူအင်လိုင်း၊ တိန်ရှောက်ပင်။ အရှေ့ဘက်မှာက ဟိုချီမင်း။ အရှေ့တောင်ဘက်မှာက ဆူကာနို၊ လီကွမ်းယု၊ မဟာသီယာ။“ဒိတ်” ဆိုတဲ့ခေတ်ပြိုင်ခေါင်း ဆောင်ကြီးတွေပါ။ ဟိုး ခေတ်နှောင်း ကမ္ဘာ့ အကျော်အမော်ကြီးတွေကလည်း မနည်းလှဘူးဗျ။ သို့ကလို ကမ္ဘာကျော်ခေါင်းဆောင်ကြီးများ ဦးဆောင်ခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အလယ်ခေါင်မှာ တည်ရှိတာက မြန်မာနိုင်ငံပါနော်။

ဒါပေမယ့်... ဒါပေမယ့်.. အဲ…။

ယနေ့တိုင် ဖြေရှင်းမရသေးတဲ့ မြန်မာ့အရေးအခင်းမှာ အိမ်နီးချင်းနိုင်ငံများရဲ့ လက်ရှိနိုင်ငံ့ခေါင်းဆောင်များဟာ ဓမ္မနဲ့အဓမ္မတရားအပေါ် ခွဲခြားရပ်တည်ခြင်း မပြုနိုင်သေးတာ.. အံ့ပါ့ဗျာ။ နိုင်ငံ့အာဏာကို မတရားသိမ်းထားတဲ့ စစ်အစိုးရ စစ်အာဏာရှင် ဗိုလ်ချုပ်တွေက ပြည်သူတွေကို မတရားဖမ်းဆီး အကျဉ်းချ သတ်ဖြတ်နေတာ။ ဗိုလ်ချုပ်တွေခြစား လာဘ်စားလို့ နိုင်ငံစီးပွားရေးပျက်ပြီး ပြည်သူတွေ ဒုက္ခဆင်းရဲရောက်ရတာ။ ဒါတွေကို သူတို့ကမြန်မာ့ပြည်တွင်းရေးပါ..တဲ့။ သူတို့ရဲ့တရားက “တနိုင်ငံရဲ့ ပြည်တွင်းရေးကို အခြားတနိုင်ငံက ၀င်မစွက်ရ”ပါ.. တဲ့။ ထားပါတော့..။ ထားလိုက်ပါတော့..။

အခြားတဘက်မှာကျပြန်တော့ အနောက်ဘက်၊ မြောက်ဘက်၊ အရှေ့ဘက်က အိမ်နီးချင်းကောင်းတွေပါဆိုတဲ့
နိုင်ငံတွေဟာ စစ်အာဏာရှင်ဗိုလ်ချုပ်တွေကို လူမိုက်အားပေး ပုလင်းတူဘူးဆို့ လုပ်ပြီး မြန်မာ့ရေမြေတောတောင် သယံဇာတတွေကို “သူ့ထက်ငါဦး” သယ်ထုတ်နေကြတာ မမြင်ချင့်အဆုံး၊ မကြားချင့်အဆုံး၊ မသိချင့်အဆုံးပါဗျ။ ယခုထက်တိုင် သယ်လို့ကို မ၀နိုင်၊ မဆုံးနိုင်သေးပါကလားဗျာ။

ဒီတော့ “ပြည်တွင်းရေး”၊ “ပြည်တွင်းရေး၊ ၀င်မစွတ်ရေး” ဆိုတာကို အရင်းစစ်ကြည့်လိုက်တော့ တရားတာ၊ မတရားတာ၊ အသာထား။ဓမ္မ၊ အဓမ္မဆိုတာ၊ ဘေးချိတ်။ ကိုယ်ကျိုးစီးပွားချမ်းသာဖို့သာ၊ အဓိက။ဘယ်သူသေသေ၊ ငတေမာပြီးရော..။ ဒါမျိုးတွေချည့်ဖြစ်နေလေတော့ ကျနော်တို့ အာရှတိုက် နိုင်ငံ့ခေါင်းဆောင်များရဲ့ အတွေး၊ အမြင် စိတ်နေသဘောထား ကိုယ်ကျင့်သိက္ခာ သီလ သမာဓိဆိုတာတွေဟာ မွန်မြတ်၊ သန့်စင်၊ မြင့်မားတယ်လို့ ဆိုနိုင်ပါ့မလားဗျာ။

လောလောလတ်လတ်မှာ အိုင်ဗရီကို့စ်နိုင်ငံရဲ့ အရေးအခင်းကို တွေ့နေရတော့ စစ်အာဏာရှင် စစ်ဖိနပ်အောက်မှာ ပြားပြားဝပ် ဒုက္ခခံစားနေရတဲ့ မြန်မာပြည်သား တယောက်အနေနဲ့ အဆင့်အတန်းမြင့်မားပါတယ်ဆိုတဲ့ သဘောနဲ့ အာရှယဉ်ကျေးမှု Asia Value လို့ အသံလွှင့် ၀င့်ကြွားနေကြကုန်သော အာရှတိုက် နိုင်ငံ့ခေါင်းဆောင်များရဲ့ အဆင့်အတန်းဆိုတာ “သြော်..ဖြစ်မှ၊ ဖြစ်ရလေ” လို့ ဝေဖန်သုံးသပ်သမှု ပြုရကြောင်းပါခင်ဗျား။ ကျနော်တို့ မြန်မာတွေရဲ့နေရာမှာ ကိုယ်ချင်းစာစိတ်နဲ့ ခဏကလေးမျှ ၀င်ရောက်နေရာယူ ကြည့်ကြပါလို့လည်း မေတ္တာရပ်ခံ တိုက်တွန်းရကြောင်းပါခင်ဗျား။ ။

18 comments :

  1. Anonymous said... :

    မှန်လိုက်တာဗျာ..စေ့စေ့တွေရေးရေးပေါ်ပဲဗျို့..

  1. MHK said... :

    well said !!

  1. Anonymous said... :

    ဒီဆောင်းပါးကို အင်္ဂလိပ် လို ရေးပြီး အာဆီယံ ခေါင်းဆောင်များကိုပို့ပေးပါ။
    Asia Value ရှက်စရာ အလွန်ကောင်းသော အိမ်နီချင်း များ ဖြစ်ကြောင်း ရေးပို့ ပေးပါ။ ဆောင်းပါရှင်ကို အားပေးပါတယ်။ မကြာခဏ ဖတ်ရပါတယ်။ အရေးအသားများ ထိရောက်ပါတယ်။ ဆက်ပြီးများများ ရေးပေးပါ။ အမှန်တရားအတွက် တက်နိုင်တဲ့ဘက်က ရပ်တည်ရေးပေးတာ ကျေးဇူးတင်ပါတယ်။ လေးစားလျက်။ စာဖတ်သူတစ်ဦး။

  1. Anonymous said... :

    This article is JUST GREAT!!!

  1. Anonymous said... :

    အိမ်နီးချင်းများ မိသားစုစိတ်ဓာတ်ဖြင့် ဤကဲ့သို့ သုံးသပ် ခံစားတတ်လျှင် ကျတော်တို့ရဲ့ ညတွေ မိုးအမြန် လင်းမှာသေချာတယ် ဆရာတို့ရေ။

    ဆက်လက်၍ အလင်း ပေးနိုင်ပါစေ။

  1. Anonymous said... :

    it is a very nice writing. I think such a piece of writing should be posted to Famous news paper such as Straight Time. Such a piece of writing should be included in the paper in order to know leaders from China, India and Asean.

  1. Anonymous said... :

    so true and nice.
    should b translated into english so that those who this article trying to say know and understand...

  1. Anonymous said... :

    ကောင်းလေစွ။ မှန်ပေစွ။ ဟုတ်ပါပေစွ။

  1. Anonymous said... :

    Is from is get air ginger(busket).

  1. timothy said... :

    အာရှခေါင်းဆောင်များရဲ့အဆင့်အတမ်းကတော့စာရေးသူရေးထားတဲ့အတိုင်း
    သြောချလောက်ပါပေတယ်။လွတ်လပ်ရေးရခဲ့ရင်တောင်မှ၊ဒီဖေါက်ပြန်တဲ့အာရှ
    တိုင်းပြည်များနဲ့သိပ်အရောဝင်လို့မဖြစ်ဘူး။Asia Value ဆိုတာကွက်ကွက်ကွင်းကွင်းကိုအဓိပ္ပါယ်ဖေါ်ပြနေတာဘဲ။ အောက်တမ်းနောက်တမ်းကျပြီးသိပ်ရှက်ဘို့ကောင်းပါတယ်။

  1. Anonymous said... :

    Before this article I thought about "THIS IS INTERNAL AFFAIR OF MYANMAR" That they all said especially from China.
    OK. If it is the internal affair of Myanmar WHY? Please answer WHY CHINA MADE VITO IN UN SECURITY COUNCIL ON THE DESICION FOR MYANMAR????

  1. Anonymous said... :

    အာရှကလူတွေရဲ့စိတ်ဓာတ်အဆင့်အတန်းကိုက အောက်တန်းကျတယ်။တိုင်းပြည်တခုလုံးမပြောနဲ့ဗျ ကုမ္ပဏီတခုထဲမှာတောင် စရိုက်တွေက အောချလောက်ရတယ်။
    သူများမကောင်းကြောင်းပြော သူများဒုက္ခရောက်အောင် ချောက်တွန်း ကိုယ်နေရာရအောင် နည်းမျိုးစုံနဲ့လုပ်နေကြတဲ့ အကျင့်စရိုက်တွေ ဘယ်လိုလုပ်ပြီး ခေါင်းဆောင်ကောင်း ဖြစ်လာတော့မှာလဲ?

  1. တောသားလေး said... :

    Good and Great Post!!!!!
    ဒီပို့စ်ကို ဖြစ်နိုင်ရင် နိုင်ငံခေါင်းဆောင်တွေဆီပို့ပေးပါ...
    သတင်းစာတွေမှာ ဆောင်းပါးအဖြစ် ဖော်ပြပေးပါ...

  1. Anonymous said... :

    သက်ဆိုင်ရာ အာရှခေါင်းဆောင်ကြီးများသိအောင် ဒီဆောင်းပါလေးကို အင်္ဂလိပ်ဘာသာပြန်ပြီး ထင်ရှားတဲ့ သတင်းစာတွေ ရေဒီယိုတွေကနေ တင်ပြသင့်ပါတယ်။ သူတို့ပြည်သူတွေသိအောင်လုပ်ပေးနိုင်လျှင်လည်း ပိုကောင်းပါတယ်။ ဒါမှ ပြည်သူတွေကလည်းသူတို့ခေါင်းဆောင်တွေရဲ့ စိတ်ဓာတ်နဲ့ အရည်အချင်းကို ကောင်းကောင်းသိကြမှာပါ။ အာရှလူ့ယဉ်ကျေးမှုက အာဖရိကထက်တောင်နိမ့်ကျနေပါသေးလား လို့ သိလိုက်ရတော့ ခေါင်းဆောင်တွေကိုချည်း ပုံချနေလို့ ရပါတော့မလား၊ ဒီခေါင်းဆောင်တွေကို လက်ခံထားတဲ့ တိုင်းသူပြည်သားတွေကော ညံ့ရာကျမနေဘူးလား။

    ဆောင်းပါးရှင်ကို ကျေးဇူးတင်ပါတယ်။

  1. Anonymous said... :

    အရမ်းကောင်းတဲ့ အတွေးအမြင်ပါ၊ အင်္ဂလိပ် လို ဘာသာပြန်ပြီး WORLD MEDIA တွေ ပေါ်ရောက်စေချင် ပါသည်။

  1. Anonymous said... :

    great,well done, fully support you, appreciate you,go ahead and straight forward

  1. Anonymous said... :

    Asian leaders are obviously taking advantage of Burma's political crisis. Their national interest is their priority.

  1. Anonymous said... :

    Should be translated into English & reveal to World Media. Agreed with above comments. What a shameful asian countries!

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved