တိုင်းရင်းသားလူမျိုးတပ်မတော်များ

Monday, January 31, 2011

မွန်ဇော်နိုင်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၁

ဒီနေ့မြန်မာနိုင်ငံမှာက စစ်အာဏာရှင်သန်းရွှေရဲ့ စစ်တပ် တတပ်တည်းသာ ရှိတာမဟုတ်ဘူးခင်ဗျ။
ကရင်တပ်မတော်၊ ကချင်တပ်မတော်၊ ရှမ်းတပ်မတော်၊ “၀” တပ်မတော်၊ ကယား၊ ချင်း၊ ပအိုဝ့်၊ မွန်၊ ရခိုင်အသီးသီးတို့ရဲ့ တပ်မတော်။ အဲဒီလို တိုင်းရင်းသားလူမျိုးတပ်မတော်တွေ ရှိနေကြပြီဗျ။

တိုင်းရင်းသားလူမျိုးတပ်မတော်များကို သောင်းကျန်းသူအဖျက်သမား၊ အကြမ်းဖက်သောင်းကျန်းသူရယ်လို့ ဆိုင်းဘုတ်တပ်ပြီး၊ စစ်အာဏာရှင်ကြီးရဲ့ စိတ်ဓါတ်စစ်ဆင်ရေး “ဆိုက်ဝါး” ဓာတ်ပြားဟောင်းကို ဖွင့်လိုက်ရင်တောင် ပြည်သူအများ နားယောင်သွားမယ်ထင်သလား။ ယနေ့အိုင်တီခေတ် ပြည်သူဟာ ဟိုယခင်ဓါတ်ပြားခေတ် ပြည်သူနဲ့ မတူတော့ဘူးဗျ။

စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ တိုင်းရင်းသားလူမျိုးတပ်မတော်တွေကို အဖျက်သမားလို့ အမနာပပြောရအောင် ဖျက်စရာရယ်လို့ လက်ညှိုးထိုးပြစရာ ဘာတွေကိုများ စစ်အာဏာရှင်ကြီးက တည်ဆောက်ထားလို့တုန်း။

နိုင်ငံ့သယံဇာတတွေကို လက်ညှိးထိုး ရောင်းစားလိုက်တာ အရိုးအရင်းအကြွင်းအကျန် အကပ်အသပ်လေးမျှ ရှိပါသေးရဲ့လား အာဏာရှင်ကြီးရယ်။


စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကိုရည်ရွယ်ပြီး စစ်တပ်, စစ်ဗိုလ် ဖေါင်းပွကြီးထွားအောင် မိုက်ကန်းရမ်းကားပစ်တာကလွဲလို့ နိုင်ငံရေး..ဖျက်။ စီးပွားရေး..ဖျက်။ ပညာရေး..ဖျက်။ ကျန်းမာရေး..ဖျက်။ အကျင့်စရိတ္တ..ဖျက်။ နောက်ဆုံး ယဉ်ကျေးမှုသမိုင်း အမွှေအနှစ်တောင်မချန်၊ တဖျက်တည်းဖျက်ဆီးပစ်နေတဲ့ တကယ့်အဖျက်သမား အကြမ်းဖက်စစ်စစ်ကြီးဟာ စစ်အာဏာရှင်ကြီး မဟုတ်ပါလားခင်ဗျာ။

တိုင်းရင်းသားလူမျိုးတပ်မတော်တွေက သူတို့လူမျိုးတွေကို သူတို့ကိုယ်တိုင်ပြန်ပြီး အကြမ်းဖက်ပါ့မလား။ ဆိုကြပါစို့..ဗျာ။ ကရင်တပ်မတော်က ကရင်လူမျိုးတွေကို သတ်ပါ့မလား။ ကရင်ရွာတွေကို မီးရှို့ပါ့မလား။ ကရင်အမျိုးသမီးတွေကို အဓမ္မကျင့်ပါ့မလား။ ဒါတွေကိုကျူးလွန်နေတာက စစ်အာဏာရှင်အဆက်ဆက်က ရည်ရွယ်ချက်ရှိရှိ ပုံသွင်းထားတဲ့ နအဖစစ်တပ်ပါဗျာ။ ဒါတွေကို တနိုင်ငံလုံးကသာမက ကမ္ဘာနိုင်ငံများစွာတို့ကပါ နားလျှံအောင်ကြားသိပြီး အော့နှလုံးနာနေကြလေရဲ့။

အမှန်တကယ်က စစ်ဆိုတာ နိုင်ငံရေးနည်းလမ်းနဲ့ လက်တဆုံးနှိုက်ပြီး ဘယ်လိုမျှဖြေရှင်းမရတော့မှ မလွှဲမရှောင်သာ လက်နက်ကိုင်ပြီး စစ်ခင်းကြရတာမဟုတ်လား။

ပင်လုံညီလာခံကို ကြည့်ကြပါစို့ဗျာ။

ပင်လုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်များဟာ အနာဂတ်ပြည်ထောင်စုကြီး ထူထောင်ဖို့ရာ နိုင်ငံရေးနည်းလမ်းအရ ညှိနှိုင်းတိုင်ပင်နိုင်ခဲ့လို့သာ ကျနော်တို့နိုင်ငံ လွတ်လပ်ရေးရခဲ့တာ မဟုတ်ပါလား။

ဗိုလ်ချုပ်နဲ့ တိုင်းရင်းသားခေါင်းဆောင်များ သဘောတူခဲ့ကြတာက တိုင်းရင်းသားလူမျိုးတိုင်းရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေး၊ ပြီးတော့.. တစည်းတလုံးတည်း အတူတကွလွတ်လပ်ရေး ရယူရေးတို့ဖြစ်တယ်ဗျ။
ဒါပေမယ့် ပင်လုံညီလာခံက ချမှတ်လိုက်တဲ့ နိုင်ငံရေးကတိက၀တ်တွေ ပီပီပြင်ပြင်ပြည့်ပြည့်၀၀ ပေါ်ထွန်းလာခဲ့ပါရဲ့လား။ လက်တွေ့အကောင်အထည်ဖေါ်ရာမှာ အမြင်သဘောထားတွေက မတူခဲ့ကြဘူး။ ကွဲပြားနေခဲ့ကြတယ်လေ။ ပြဿနာတွေကတော့ အမှန်တကယ်ရှိနေခဲ့လေရဲ့။

ပထမဆုံး ဒီပြဿနာကို ၀န်ကြီးချုပ်ဦးနုနဲ့ တိုင်းရင်းသားခေါင်းဆောင်များက နိုင်ငံရေးအရ ညှိနှိုင်းဖြေရှင်းဖို့ ကြိုးပမ်းခဲ့ကြပါတယ်ဗျာ။ ဒါပေမယ် ကြိုးပမ်းကြသူဦးနုနှင့် တိုင်းရင်းသားခေါင်းဆောင်များဟာ ဗိုလ်နေ၀င်းစစ်တပ်ရဲ့ ဖမ်းဆီးအကျဉ်းချလိုက်ခြင်းကို ခံခဲ့ရတယ်။ ကြိုးပမ်းချက်တွေ မအောင်မြင်ခဲ့ဘူးဗျာ။ တိုင်းရင်းသားအခွင့်အရေး မဆိုထားဘိ၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးတရပ်လုံး၊ အဲဒီအချိန်ကစလို့ လက်နက်ကိုင်စစ်သားတို့ရဲ့ ဖျက်သိမ်းချေမှုန်းခြင်းကို ခံခဲ့ရတော့တာပါပဲ။

ဒုတိယအကြိမ်အဖြစ် နေ၀င်းဆက်ခံသူစစ်အာဏာရှင်တို့က “အမျိုးသားညီလာခံ”မှာ ညှိနှိုင်းဖြေရှင်းပေးပါ့မယ်လို့ တိုင်းရင်းသားခေါင်းဆောင်များကို ကျောသပ်ချွေးသိပ်ခဲ့တယ်ခင်ဗျ။
၂၀၀၈ ဖွဲ့စည်းပုံဆိုတာကို တဖက်သတ်ရေး၊ ဇွတ်အဓမ္မအတည်ပြုအပြီးမှာတော့ တိုင်းရင်းသားလူမျိုးလက်နက်ကိုင် တပ်မတော်များကို “နယ်ခြားစောင့်တပ်” အသွင်ပြောင်းရမယ်လို့ `အချိုး´ ပြောင်းလာတယ်။ တကယ်က တိုင်းရင်းသားလက်နက်ကိုင်တပ်မတော်များကို အစအနအမှုံအမွှား အငွေ့အသက်ရယ်လို့ ယောင်ယောင်ကလေးမျှ မကျန်ရလေအောင် အမှည့်ချွေ,ချွေဖို့ သူငယ်နှပ်စားလုပ်ကြံနေတာကလား။ စိတ်စေတနာကောင်း အလျဉ်းမပါလေတော့ မညက်ဘူးဗျ၊ မညက်ဘူး။ အရမ်းကိုကြမ်းတယ်။

ယခုတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းခွင့်မရ၊ လမ်းဆုံးသွားပြီဗျ။ ဒါကြောင့်စစ်ရေးနည်းနဲ့သာ ဖြေရှင်းရတော့မှာပေါ့ဗျာ။ ဒါကြောင့် ကရင်တပ်မတော်၊ ကချင်တပ်မတော်၊ ရှမ်းတပ်မတော်၊ “၀” တပ်မတော်၊ ကယား၊ ချင်း၊ မွန်၊ ရခိုင်တမ်မတော် အသီးသီးတို့က စစ်အာဏာရှင်စစ်တပ်ကို ပြန်လည်ခုခံတိုက်ခိုက်ဖို့ အသင့်ပြင်ဆင်ထားကြပြီခင်ဗျ။

အဲဒီလိုအသင့်ပြင်ထားပြီးဖြစ်တဲ့ တိုင်းရင်းသားလူမျိုးတပ်မတော် အသီးသီးဟာ စစ်အာဏာရှင်တို့ရဲ့ သွေးခွဲတိုက်ခိုက်နည်းမျိုးစုံကို သမိုင်းအတွေ့အကြုံရှိပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ်မှာ တပေါင်းတစည်းတည်း လက်တွဲပြီး တွန်းလှန်တိုက်ခိုက်သွားကြမယ်လို့ ဆိုထားလေတော့ အထူးတလည် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်ခင်ဗျာ။

တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရရှိရေးဟာ ပြည်သူတရပ်လုံး ဒီမိုကရေစီနှင့်လူ့အခွင့်အရေးရရှိမှသာ အောင်မြင်မှာပါခင်ဗျ။ ဒါကြောင့် တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ ဘုံရန်သူဟာ စစ်အာဏာရှင်အစိုးရဖြစ်နေပါတယ်။ ဒါကြောင့် ပြည်သူတရပ်လုံးက တိုင်းရင်းသားအားလုံးရဲ့ တန်းတူအခွင့်အရေးရရှိရေးတိုက်ပွဲကို အုံးအုံးကြွက်ကြွက်ထောက်ခံကြရမယ်ခင်ဗျ။ ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီး တိုက်ပွဲဆင်နွှဲကြရမယ်ခင်ဗျ။ တိုင်းရင်းသားအားလုံးကလည်း ပြည်သူတရပ်လုံးရဲ့ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီရေးတိုက်ပွဲကို တက်ညီလက်ညီ ထောက်ခံကြရမယ်ခင်ဗျ။ ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီး တိုက်ပွဲဆင်နွှဲကြရမယ်ခင်ဗျ။

လတ်တလော မြ၀တီနယ်မြေတကြောမှာတော့ စစ်အာဏာရှင်စစ်တပ်ကို တိုက်ခိုက်နေတဲ့ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်တဲ့ DKBA ကရင်တပ်မတော်ကို ကျောင်းသားတပ်မတော်က ပူးပေါင်းပြီး အတူတကွတိုက်ပွဲဝင်လျက်ရှိပါတယ်။ KNLA ကရင်တပ်မတော်ကလည်း နားလည်မှုအပြည့်အ၀ထားပြီး သူ့နည်းသူ့ဟန်နဲ့ပံ့ပိုးလျက်၊ တိုက်ပွဲဝင်လျက်ရှိပါတယ်။ ဒီလိုညီညွတ်တဲ့ ပူးတွဲလုပ်ရပ်တွေကြောင့် သက်ဆိုင်သူ ရဲဘော်ရဲဘက်အားလုံးကို ကျနော်တို့်က ဧရာဝတီမှတဆင့် အလေးပြုဦးညွှတ်လိုက်ပါတယ်ခင်ဗျာ။

အထူးတလည် ဆက်လက်တင်ပြလိုတာက သေနတ်ပြောင်းဝကထွက်တဲ့ အာဏာအားကိုးနဲ့ အစဉ်တစိုက်ဗိုလ်ကျစိုးမိုးဖိနှပ် ရမ်းကားလာတဲ့ စစ်အာဏာရှင်တွေရဲ့ လက်ရှိပကတိအနေအထားပါခင်ဗျ။ ဒင်းတို့ဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံကို ယခင်ကလို စစ်ရေးနည်းနဲ့ အကြမ်းဘက်အနိုင်ယူလို့ မရတော့ဘူးဆိုတဲ့အချက်ပါပဲခင်ဗျာ။ ဒီအချက်ကို ဗိုလ်နှုတ်ခမ်းမွှေးတို့ရဲ့ အောင်ပွဲတွေက သက်သေထူနေပါပကောဗျာ။

လက်ရှိအခြေအနေမှာ စစ်အာဏာရှင်အစိုးရကို ရင်ဆိုင်တွန်းလှန်မယ့် တိုင်းရင်းသားလူမျိုးတပ်မတော်တွေကို အခိုင်အမာတည်ဆောက်ထားပြီးဖြစ်လို့ အသင့်အနေအထားမှာ ရှိနေတယ်ခင်ဗျ။ တချိန်တည်းမှာလည်း တိုင်းရင်းသားလူမျိုးတပ်မတော်တိုင်းက ပင်လုံညီလာခံမှာ ဗိုလ်ချုပ်နှင့်တိုင်းရင်းသားခေါင်းဆောင်ကြီးများ သဘောတူညီခဲ့ကြတဲ့ ကတိက၀တ်များအပေါ် အဓိကအခြေခံပြီး နိုင်ငံရေးအရ ညှိနှိုင်းဖြေရှင်းရန် ကမ်းလှမ်းနေကြတယ်ခင်ဗျ။

နိဂုံးချုပ်ပြောချင်တာက ပထမအကြိမ် ပင်လုံညီလာခံက လွတ်လပ်သော မြန်မာနိုင်ငံတော်ကြီး ပေါ်ထွန်းလာဖို့် “ပြည်တည်” နိုင်ခဲ့ပါတယ်။ တကယ်လို့ ပင်လုံညီလာခံရဲ့ ကတိက၀တ်များကို အဓိကအခြေပြုပြီး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်တို့ကို ရှိရှိသမျှ အင်အားစုအားလုံးက နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာယူနိုင်ပါက ရွှေပြည်တော်ကြီး မဝေးတော့ပြီပေါ့ခင်ဗျား။ ။

11 comments :

  1. Anonymous said... :

    မြန်မာနိုင်ငံမှာ တပ်မတော်မှလွဲရင် ကျန်တဲ့လက်နက်ကိုင်တွေဟာ အကြမ်းဖက်တွေပဲဖြစ်ပါတယ်။ထို့အတူကမ္ဘာ့နိုင်ငံအားလုံးမှာလည်း တပ်မတော်ကလွဲပြီး ကျန်တဲ့လက်နက်ကိုင်သောင်းကျန်းနေတဲ့သူတွေဟာ အကြမ်းဖက်အဖွဲ့တွေသာဖြစ်ပါတယ်။

  1. Anonymous said... :

    အင်တာနက်စာမျက်နှာတွေမှာ
    နအဖစစ်တပ်၊ စစ်အစိုးရစစ်တပ် ဆိုတဲ့အသုံးအနှုန်းတွေတွေ့ရတာ အင်မတန်သင့်တော်တယ်လို့ထင်ပါတယ်။ အခုလွှတ်တော်အတုပေါ်လာပြီးနောက်ပိုင်းမှာ ရှေ့ဆက်ပြီးဘယ်လိုခေါ်ကြမလဲ။

  1. Anonymous said... :

    အမေရိကန်မှာရော။ အဲဒီနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့အစည်းတိုင်း တပ်မတှောလက်အောက်မှာမဟုတ်ဘူးဗျ။
    နောက်ပြီး တပ်မတှောဆိုတာ ပြည်တွင်းကကိစဿစသေးသေးလေးတွေမှာ ဝင်မစွက်ဖက်ဘူး။ ပြည်ပကျူးကျှောရန်ကိုကာကွယ်ဖို့ပဲ ပြင်ဆင်ရတာ။ ပြည်တွင်းမှာ ရဲတပ်ဖွဲ့သီးသန့်ရှိတယ်။ အဲဒာရောသိရဲ့လား။

    တပ်မတှောဆိုတာ ပြည်သူတွေက နိုင်ငံကိုကာကွယ်ဖို့လခပေးထားတဲ့ အဖွဲ့အစည်းမျှသာဖြစ်တယ်ဆို စိတ်များဆိုးမလားပဲ။

  1. အကြမ်းတကယ်ဖက်တဲ့ သူတွေရဲ့ အဖွဲ့ အစည်းကိုပဲ အကြမ်းဖက်အဖွဲ့အစည်းလို့ ခေါ်ရမှာမို့ တကယ် မြို့လည်ခေါင်ရော တောထဲတောင်ထဲမှာရော ဗမာကရင်ရှမ်းကချင်ရခိုင် တိုင်းရင်းသားအားလုံးကို အကြမ်းဖက်တာ မြန်မာစစ်တပ်ဆိုတာ အားလုံးသိလို့ စစ်တပ်သာ အဖျက်သမား ကြေးစား ပိုက်ဆံရရင် ရာထူးရရင် အကုန်လုပ်တဲ့ လူ့ငနွား လူဆိုးလူမိုက်တွေ အကြမ်းဖက်သမားတွေ ဆိုတာ ပြည်သူတွေထဲ ပြည်သူယောင်ဆောင်ပြီး စုံစမ်းရြင်သိပါတယ် ဗျာ

  1. Anonymous said... :

    ဘယ်ဒင်းက တပ်မတော် ဘယ်ဒင်းက အကြမ်းဖက်သလဲဆိုတာ လူထုက သိနေပါတယ်လို့ပဲ ပြောပါရစေ ခင်ဗျား။

  1. တစ်ခုပဲ ပြောပါရစေ တပ်မတော်ဆိုတာ ' ပြည်သူက ချစ်ခင်မြတ်နိုးသော လေးစားသော ယုံကြည်သော ပြည်သူဖက်ကရပ်တည်သော စစ်တပ်များကို' တပ်မတော်
ိုသို့မဟုတ် ပြည်သူ့စစ်တပ်ဟုခေါ်လေသည်။ အာဏာရှင်ဖက်ကရပ်တည်ခြင်းသည် တပ်မတော်မဟုတ် တပ်မတော်မမည် အာဏာရှင်ရဲ့ အစေပါး အဖျက်သမားမျှသာတည်း ပြည်သူတွေ ဘယ်လောက်ချစ် မချစ် လေးစားမှုရှိ မရှိဆိုတာကို ချိန်ထိုးကြည့်လိုက်တာနဲ့
    ဘာလဲဆိုတာ အဖြေ ပေါ်လာပါလိမ့်မည်။ မြန်မာပြည်မှာ တပ်မတော်က လွဲရင် ကျန်တဲ့ 'လက်နက်ကိုင်' အဖွဲ့အစည်းတွေဟာ အကြမ်းဖက်သမားတွေဆိုတော့ ရဲတွေကလည်း အကြမ်းဖက်သမားတွေပေါ့၊ ဒါဆိုရင်တော့ ရဲချုပ် ခင်ရီ တို့လည်း အကြမ်းသမားတွေပဲကိုး..နောက်ဆုံးတော့ သူ့ရဲ့ ဆရာလည်း အကြမ်းဖက်သမားဖြစ်နေတာပါလားကွယ်ရို့...

  1. ဘယ်လိုဘဲပြောပြော ညီမျှမှူးတန်းတူရှိလာတဲ့နေ့ ခွဲးခြားသတ်မှတ်တာတွေ မရှိလောက်ပါဘူး။

  1. Anonymous said... :

    One nation, One army is so good.

  1. Anonymous said... :

    နိုင်ငံတစ်နိုင်ငံမှာ လက်နက်ကိုင်တပ်ဖွဲ့ဆိုတာ တစ်ခုတည်း ရှိသင့်ပါတယ်၊

  1. Anonymous said... :

    One nation, One army is so good.နိုင်ငံတစ်နိုင်ငံမှာ လက်နက်ကိုင်တပ်ဖွဲ့ဆိုတာ တစ်ခုတည်း ရှိသင့်ပါတယ်၊ But in the barrack, NOT in the government and parliament

  1. Anonymous said... :

    တိုင်းရင်းသားတပ်မတော်တွေ တကယ်ညီညွတ်ကြလို့လား?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved