သိုဟန်ဘွားသန်းရွှေ … ဒင်းကြီးကို ဒီလိုရှင်းမယ် (အပိုင်း-၃)

Friday, February 11, 2011


သိုဟန်ဘွားသန်းရွှေ … ဒင်းကြီးကို ဒီလိုရှင်းမယ် (အပိုင်း-၁)
သိုဟန်ဘွားသန်းရွှေ … ဒင်းကြီးကို ဒီလိုရှင်းမယ် (အပိုင်း-၂)


ဦးအလံမလှဲ

“ဦးလေးကြီးခင်ဗျာ..။ သံတမန်နည်းကစ ရမှာနော်။”

“ဟုတ်တယ်..ကိုတူမောင်။ အဲဒါရဲ့ရှေ့ပြေးအဖြစ်ပြောချင်တာက သံကန့်လန့်ကာအကြောင်း..။ ကိုယ့်နိုင်ငံတွင်းက အဖြစ်အပျက်တွေကို အခြားနိုင်ငံတွေကမသိနိုင်အောင် ပိတ်တာဆို့တာ..။ အခြားနိုင်ငံတွင်းက အဖြစ်အပျက်တွေကို ကိုယ့်နိုင်ငံကမသိနိုင်အောင်ပိတ်တာဆို့တာ..။ အဲဒါတွေဟာ သံကန့်လန့်ကာချတာတွေပဲ။ သံကန့်လာကာချထားလို့ရလေ စစ်အာဏာရှင်ကလုပ်ချင်တာကို တဇွတ်ထိုးလုပ်ဖို့ဇက်ရဲလက်ရဲဖြစ်လေ။ ဒါကြောင့် သံကန့်လန့်ကာကို ချိုးဖျက်ပစ်ရမယ့်အလုပ်ဟာ အဖိနှပ်ခံ တိုင်းရင်းသားပြည်သူအားလုံး မလုပ်မနေလုပ်ကို လုပ်ရမယ့်အလုပ်ဖြစ်တယ်။”

ဦးလေးကြီးက သံကန့်လန့်ကာကို ပဏာမပြု၍ ကြောင်းကျိုးစကားဖြင့် စ,လိုက်သည်။ ပြီးမှ..နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်က အဖြစ်သနစ်များအကြောင်းကို ဆက်သည်။

“ကဲ..ကိုတူမောင်။ ကမ္ဘာကြီးမှာတနိုင်ငံနဲ့တနိုင်ငံ ဆက်ဆံနေကြရတယ်။ လူတစ်ယောက်နဲ့တစ်ယောက် စရိုက်ချင်းမတူ, မူချင်းမတူသလို တနိုင်ငံနဲ့တနိုင်ငံကလည်း စရိုက်ချင်းမတူကြဘူး။ ပေါ်လစီချင်းမတူကြဘူး။ ပေါ်လစီကို လက်တွေ့ကျင့်သုံးတဲ့နေရာမှာလည်း သူ့နည်းနာနဲ့သူ။ သူ့နည်း, သူ့ဟန်, သူ့စတိုင်နဲ့သူ။”

ဦးလေးကြီးက အခြေခံမှစတင်၍ ကိုင်ခဲ့ပြီ။ ပြီးတော့.. ဆိုခဲ့သည့်နိုင်ငံတကာဆက်ဆံရေးနယ်ပယ်က နှစ်မြို့စရာကောင်းကွက်များကို ပြောပြ၏။
“ကိုတူမောင်..ရဲ့။ တချို့နိုင်ငံက ဂုဏ်သိက္ခာကို တန်ဘိုးထားတယ်။ အမှန်တရားကို ဆုပ်ကိုင်တယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဦးစားပေးတယ်။ အကြောင်းကိစ္စမှန်သမျှမှာ ဖြောင့်ဖြောင့်မတ်မတ် ပြတ်ပြတ်သားသားရပ်တည်တယ်။ အဲဒီလိုအခြေအနေမျိုးကို ပေးတဲ့အကြောင်းတရား အင်အားတွေကလည်း အပြည့်အစုံအခိုင်အမာရှိတယ်။ အဲဒါ..ဘယ်နိုင်ငံတွေလဲ ကိုတူမောင်။”

ကိုတူမောင်ကဖြေမယ်အလုပ် ဦးလေးကြီးက ဖြတ်ခနဲတမျိုးပြောလာပြန်သည်။

“ရတယ်..ကိုတူမောင်။ ဘယ်နိုင်ငံတွေကို ပြောတော့မယ်ဆိုတာ ဦးလေးကြီးသိပါတယ်..ဟဲ..ဟဲ။”
ဦးလေးကြီးက ခပ်ရွှင်ရွှင် ရယ်ရွှန်းဖတ်ရွှန်းပြောပြီး `ပါးစပ်ကဘုရား လက်ကကားယား´ နိုင်ငံများ၏ မနှစ်မြို့စရာ ဆိုးကွက်ကို ပွင့်ပွင့်လင်းလင်း ဗြောင်ပြောချလိုက်သည်။

“ခုဆက်ပြောမယ့်နိုင်ငံတွေက ဖဆပလခေတ်သုံးစကားနဲ့ပြောရရင် `ငို့ဘ´ငါ့ဘို့ဆိုတဲ့ ကိုယ်ကျိုးစီးပွါးအဓိကထားနိုင်ငံတွေ။ ဦးလေးကြီးတည့်တည့် ပြောလိုက်မယ်။ တရုတ်နဲ့ရုရှား။ အဲဒီနှစ်နိုင်ငံဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတန်းအဖွဲ့ဝင် `ကြီးငါးကြီး´ထဲက`ကြီးနှစ်ကြီး´။ ဒီတရုပ်နဲ့ရုရှားဆိုတာ အဖိနှပ်ခံတွေဘက်က ရပ်တည်ပါတယ်၊ ဖိနှိပ်တဲ့ဖေါက်ပြန်ရေးသမားတွေကို ဆန့်ကျင်ပါတယ်လို့ ကမ္ဘာပေါ်မှာ အကျယ်လောင်ဆုံးအသံကောင်း`ဟစ်´တဲ့ နှစ်နိုင်ငံ။ တရုပ်ကရုရှားထက်ပိုကဲတယ်။ ဘန်ဒေါင်းမူငါးချက်အရ ဘက်မလိုက်ဘူး။ အခြားနိုင်ငံရဲ့ပြည်တွင်းရေးကို ၀င်မစွက်ဘူး။ ဒါဟာတရုပ်ရဲ့လက်သုံးစကား။ ဒါပေမယ့်..”

ဦးလေးကြီး၏ စကားအဆုံးက ကိုတူမောင်ကမစောင့်တော့ဘဲ သိထားပြီးအကြောင်းအချက်များဖြင့် ၀င်၍စွက်လိုက်သည်။

“အဲ..ဒါပေမယ့်..ဦးလေးကြီး..ရဲ့၊ ..တရုတ်ဗျ..တရုတ်..။ တလောက ဧရာဝတီဘလော့ဂ်`ဆောင်းပါး´ခန်းမှာ ဆရာမွန်ဇော်နိုင်က ဖွင့်ချထားလေရဲ့..။ `ကိုတရုပ်ကြီးရဲ့ မျက်နှာနှစ်ဖက်ထားမူဝါဒ´တဲ့..။ မှန်လိုက်လေခင်ဗျာ။ သွေးထွက်အောင်ကိုမှန်တာ။ ဆရာမွန်ဇော်နိုင်က ကိုတရုတ်ကြီးအကြောင်းကို ကောင်းကောင်းကြီးသိတယ်။ ဒါပေမယ့် အကြောင်းကြောင်းတွေထောက်ပြီး သူ့ကလောင်ကို`ချို´ထားတာ။ ကိုတူမောင်ပြောပါရစေ..ဦးလေးကြီးရဲ့။ ပြောတော့..ဘက်မလိုက်ပါဘူး။ ပြည်တွင်းရေးဝင်မစွက်ပါဘူး။ ကောင်းပါပြီ..။ ဒါဆို..မြန်မာ့အရေးနဲ့ပတ်သက်လာရင်.. ဘယ်စင်ပေါ်မှာပဲဖြစ်ဖြစ် ငြိမ်ငြိမ်ကလေးငုတ်တုတ်ထိုင်နေ..။ ကောင်းတယ်,ဆိုးတယ်ဝင်မပြောနဲ့..။ ဗီတိုကို ဒီအတိုင်းထား..။ ထောက်လည်း,မထောက်ခံနဲ့..။ ကန့်လည်း,မကန့်ကွက်နဲ့..။ ခုတော့..သူ့ကတိစကားကို သူကိုယ်တိုင်ကဖျက်နေတာ..။”

“ဖျက်မှာပေါ့..ကိုတူမောင်။ ရည်ရွယ်ချက်က အချောင်နှိုက်မယ်။ အစုတ်ရောင်းမယ်။ မြောက်ကိုရီးယားနဲ့မြန်မာဆိုတဲ့ လူရမ်းကားအာဏာရှင်နှစ်ကောင်ကို မွေးထားမယ်။ အဲဒီအာဏာရှင်နှစ်ကောင် ရမ်းကားမှာကိုစိုးရိမ်တဲ့ နိုင်ငံတွေရဲ့ မျက်နှာချိုသွေး မျက်နှာသာပေးတာကို အမြတ်ထုတ်မယ်။ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ လူဆိုးထိန်း, အာဏာရှင်ထိန်းအဖြစ်အရေးပါတဲ့ ကုလားထိုင်ကိုအရယူမယ်။ ထိုင်ဝမ်အရေး၊ တိဗက်အရေး၊ ဇင်ကျန်အရေး၊ အဲ..တလောက ပေါ်ထွက်လာတဲ့နိုဗယ်ဆုရှင် လျူရှောက်ပိုအရေး.. အဲဒီလိုမျိုး သူ့ပြည်တွင်းရေးနဲ့ ပတ်သက်လာမှာကိုစိုးရိမ်လို့ သူတပါးပြည်တွင်းရေး ၀င်မစွက်ဘူးဆိုတဲ့ သံကန့်လန့်ကာနဲ့ လူလည်လုပ်ပြီးကာတယ်။ လူလည်လုပ်..တရုတ်..ဟင်း..”
ဦးလေးကြီးက ပြောရင်း,ပြောရင်း စိတ်ထဲကတင်း တင်းလာသဖြင့် သက်ပြင်းကြီးကိုပင် မှုတ်ထုတ်လိုက်သည်။ ထို့နောက်တရုပ်နှင့် ရုရှားနှစ်နိုင်ငံ၏ ဇာတိရုပ်ကိုဦးလေးကြီးက ဆက်လက်ဖွင့်ချလိုက်သည်မှာ ရပ်မိရပ်ဖ, မြို့မိမြို့ဖ, ရှိရသကဲ့သို့ ကမ္ဘာမိ, ကမ္ဘာဖ ရှိရသည်။ `ကြီးငါးကြီး´သည် ကမ္ဘာမိ, ကမ္ဘာဖ နိုင်ငံကြီးများဖြစ်သည်။ သို့ဖြစ်ပါလျက် `ကြီးနှစ်ကြီး´ ဖြစ်သည့်တရုပ်နှင့်ရုရှားက မြန်မာပြည်က ၈၈ အုံကြွမှုအကြောင်း၊ ၉၀ရွေးကောက်ပွဲအကြောင်း၊ ၁/၉၀ ကို နအဖချိုးဖျက်သည့်အကြောင်း၊ ၂၀၀၃ ဒီပဲယင်းအကြမ်းဖက်မှု၊ စစ်ကျွန်ပြု ၂၀၀၈ အခြေခံဥပဒေ၊ ၂၀၁၀ ဟန်ပြရွေးကောက်ပွဲအတုအလိမ်.. အစရှိသည့်.. နအဖစစ်အာဏာရှင်ဖိနှိပ်သူ၏ မတော်မတရားမှု အစုစုကို ဆန့်ကျင်ဟန့်တားရမည့်အစား မသိကျိုးကျွံပြုခဲ့သည်။ အဖိနှပ်ခံပြည်သူနှင့် ပြည်သူ့ဘက်တော်သားများဖက်မှ ရပ်တည်ထောက်ခံကာကွယ်ပေးရမည့်အစား လစ်လျူရှုခဲ့သည်။

“ကဲ..မောင်တူမောင်။ ဒိထက်ပိုဆိုးတာက တရုပ်နဲ့ရုရှားနှစ်နိုင်ငံစလုံးဟာ မြန်မာပြည်အရေးနဲ့ပတ်သက်လို့ `ငို့ဘ´ ငါ့ဘို့ပေါ်လစီကို မျက်နှာပြောင်တိုက်ပြီး လက်တွေ့ကျင့်သုံးတယ်။ မြန်မာပြည်မှာ စစ်အာဏာရှင် အစိုးရ သက်ဆိုးရှည်သမျှကာလပတ်လုံး သယံဇာတကအစ သူတို့လိုချင်သမျှအ၀၀ကို အောက်ဈေးနဲ့အချောင်နှိုက်နေတယ်။ ဒိတ်အောက်လွန်းတဲ့နည်းပညာဆိုင်ရာ အစုတ်အပြတ်တွေကို ဖုံခါဆေးမှုတ်ပြီးရောင်းစားတယ်။ ကုန်ကုန်ပြောမယ်..ကိုတူမောင်။ တရုတ်ပြည်ကဆို.. ဓါတ်ခွဲခန်းမှာသုံးပြီးလို့စွန့်ပစ်ရမယ့်, ဆီးထဲ့တဲ့, ချီးထဲ့တဲ့.. ပဲင်နဲင်စလင်ပုလင်းလို ပုလင်းတွေ..၊ အဲဒီညစ်ပတ်နံစော်တာမျိုးကိုပါ ရောင်းစားနေတာ။”

သို့ဖြင့်မြန်မာပြည်သည် တရုတ်နှင့်ရုရှား `ငို့ဘ´ နှစ်နိုင်ငံအတွက် ရေလုပ်သားစကားဖြင့်ဆိုရသော် ကွန်ပစ်၍ကောင်းသည့်`ကွန်ချက်´..၊ တောင်သူလယ်သမားစကားဖြင့်ဆိုရသော် ကျွဲနွားကျောင်း၍ကောင်းသည့် `စားကျက်´ ဖြစ်နေလေသည်။ ဤသည်မှာ တရုတ်နှင့်ရုရှားတို့ `ဗီတို´ သုံးရခြင်း၏စီးပွားရေးဆိုင်ရာ အကြောင်းအချက်ဖြစ်သည်။ ထိုအကြောင်းအချက်ကို အထင်းသားမြင်ရလွယ်သော်လည်း နက်ရှိုင်းလှ၍ရှင်းပြဖို့ရာ အချိန်စားလွန်းသော အကြောင်းအချက်ကရှိနေသေးသည်။ ဤသည်ကား နိုင်ငံတကာနိုင်ငံရေး, စီးပွါးရေး, စစ်ရေးအရ မဟာဗျူဟာမြောက်လှသော မြန်မာနိုင်ငံ၏ ပထ၀ီအနေအထားဖြစ်သည်။

“ချုပ်ပြီးပြောရရင်တော့ ကိုတူမောင်..ရေ့၊ တရုတ်နဲ့ရုရှားသာမကဘူး။ ပတ်ချာလည်က အိန္ဒိယရော၊ အာဆီယံနိုင်ငံတွေရော၊ အခြားအာရှနိုင်ငံတွေရော၊ အဲ..နိုင်ငံရေးအကျင့်သိက္ခာအရ၊ အာဖရိကနိုင်ငံတွေလောက် အဆင့်အတန်းလုံးဝမရှိဘူး။ `အာရှနိုင်ငံခေါင်းဆောင်များရဲ့ အဆင့်အတန်း´ဆိုတဲ့ ခေါင်းစီးနဲ့ တလောကပဲ ဧရာဝတီဘလော့ဂ်ဆောင်းပါးခန်းမှာ ဆရာမွန်ဇော်နိုင်ကထောက်ပြခဲ့တယ်။ ဒီတော့မြန်မာ့နိုင်ငံအရေးအရာ အဖြစ်သနစ်တွေကို တရုတ်ရုရှားနဲ့ အာဆီယန်နိုင်ငံအားလုံးက မသိကျိုးကျွံပြုလို့မရအောင်၊ မသိပါဘူးလို့ငြင်းမရအောင်၊ ရေငုံနှုတ်ပိတ်နေလို့မရအောင်၊ သံကန့်လန့်ကာတွေကို ချိုးဖျက်ပစ်ရမယ်။ သံကန့်လန့်ကာတွေကို ချိုးဖျက်ပစ်ဖို့ သံတမန်ထိုးစစ်ကြီးကို ကျယ်ကျယ်ပျံ့ပျံ့ဆင်နွှဲရလိမ့်မယ်။”

“ဦးလေးကြီး..ရဲ့။ ခုလည်း.. သံခင်းတမန်ခင်းတွေကို လုပ်နေကြတာပဲမဟုတ်လား။ NCGUB ရဲ့ ကုလသမဂ္ဂရေးရာတို့၊ US Campaignတို့၊ BURMA Campaign(UK)တို့၊ နောက်ဟိုအဖွဲ့ဒီအစုတို့.. မျိုးကိုစုံလို့။”

“ကိုတူမောင်ပြောသလို လုပ်တော့,လုပ်ကြတာပါပဲ။ ဒါပေမယ့်..အဲ..ဒါပေမယ့် ဦးလေးကြီးတို့, ကိုတူမောင်တို့လူမျိုးက နောက်လိုက်ငယ်သားမလုပ်ဘူး။ အားလုံးက`ဗိုလ်´တွေ။ အားလုံးက`ခေါင်းဆောင်´တွေ။ ရုံးတစ်ရုံး, ဓါးတစ်စင်း၊ တဗိုလ်,တမင်း၊ ငါ့မြင်း, ငါစိုင်း။ ငါဆောက်, ငါ့စင်၊ ငါ့စင်, ငါက..သမားတွေ။ ကိုယ့်ကိုယ်ကိုတော့ လူစွမ်းကောင်းလို့ထင်နေကြလေရဲ့။ နိုင်ငံတကာ့အမြင်မှာတော့.. ရယ်စရာ, ဟားစရာ, အထင်သေးစရာ, တပ်ပျက်ဗိုလ်တွေချည့်ပဲ..ဟဲ..ဟဲ..။ အဲဒီကိုယ်တော်မြတ်တွေကို ဦးလေးကြီးက ပြောချင်တာကိုပြောလိုက်မယ်။ ဝေဖန်ရေး၊ ကိုယ့်ကိုယ်ကိုဝေဖန်ရေးလည်း လုပ်ကြပါဦး..ဆြာတို့။”

ဦးလေးကြီးက ထောက်ပြသင့်သည်ဟုယူဆ၍ ထောက်ပြလိုက်ခြင်းဖြစ်သည်။ မိမိကိုဝေဖန်စရာရှိက ဝေဖန်ရန်လည်း ဖိမန္တကပြုလိုက်သေးသည်။

“ဦးလေးကြီးကတော့ ဝေဖန်သမှုကိုကြိုဆိုတယ်။ ဦးလေးကြီးနဲ့ ကိုတူမောင်တို့ပြောဆိုနေတာတွေကို ရှုထောင့်အမျိုးမျိုးက စုတ်ပြတ်သတ်အောင်ဝေဖန်သူကို ဒင်နာပေးပြီးကျေးဇူးဆပ်မယ်။ ယမကာတော့မပါဘူးနော်..ဟဲ..ဟဲ..”
ဦးလေးကြီးက ဝေဖန်ရေးကို လက်ကမ်းလိုက်ပြီး တဆက်တည်းဆက်ပြောပြန်သည်။

ဦးလေးကြီး၏အာဘော်အရ နိုင်ငံတကာကယင်းတို့နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိန်းသည့်အနေဖြင့် မြန်မာနိုင်ငံအရေးမှာ ဖြောင့်မတ်တက်ကြွစွာ လှုပ်ရှားလာအောင်အားထုတ်ရမည်။ ထိုကိစ္စကိုတစ်ဦးတည်း၊ တစုတည်း၊ တဖွဲ့တည်းကသာ ပူးပေါင်းပါဝင်လာသူမရှိ၍ မိမိကိုယ်တိုင်ကလည်း ထိုင်မနေနိုင်၍`ချွန်´ပြီးလုပ်နေရုံမျှနှင့် အောင်မြင်နိုင်မည်မဟုတ်။ တစ်ကိုယ်တည်း လက်ဝါးကြီးအုပ်ပြီး မဏ္ဍပ်တိုင်တက်နေရုံမျှနှင့်လည်း အောင်မြင်နိုင်မည်မဟုတ်။ သို့တည်းမဟုတ် တစ်ဦးတစ်ယောက်, တစ်စုတစ်ဖွဲ့၏ ဦးဆောင်မှုအောက်တွင် ကျရာတာဝန်ဝင်ထမ်းရမည်ကို`မာန်´ခံပြီး ကပ်ဖဲ့လုပ်နေလျှင်, ကန်တန်တန်လုပ်နေလျှင်လည်း အောင်မြင်နိုင်မည်မဟုတ်။

“ကိုတူမောင်..ရေ။ ကပ်ဖဲ့သမားတွေ, ကန်တန်တန်သမားတွေကတော့ သမိုင်းမှာ`အနှံ´ခံရလိမ့်မယ်။ လှည်းဆွဲလာတဲ့ နွားနှစ်ကောင်ထဲက တစ်ကောင်က ကပ်ဖဲ့လုပ်ရင် ခြေထောက်လေးချောင်းကို မတ်မတ်မလှမ်းဘဲ ကန်တန်တန်လှမ်းနေရင် ကြိမ်အဆော်ခံရတယ်..ဟဲ..ဟဲ..။”

ဦးလေးကြီးက အဝေးရောက်တွေကို ရည်ရွယ်ကာ`ကလိ´လိုက်ပြီး စကားတထောက်နားရန် တာစူလိုက်သည်။

“ဦးလေးကြီးက နိုင်ငံတကာရောက်နေကြတဲ့ ရဲဘော်ရဲမေတွေကို ပွင့်ပွင့်လင်းလင်း တောင်းဆိုချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှာစကားကို မှီးပြီးတောင်းဆိုချင်တာက ညီညွတ်ရေးအတွက်အတ္တတွေကို ဖြုတ်ကြပါခင်ဗျ။ ဦးဝင်းတင်ရဲ့အမှာစကားကို မှီးပြီးတောင်းဆိုချင်တာက ဒီချိန်ဒီခါမှာ ခွဲတဲ့သူ, ကွဲတဲ့သူဟာ, သစ္စာဖေါက်..။ ဒါကြောင့်မခွဲကြပါနဲ့, မကွဲကြပါနဲ့။ နောက်ပြီးထွက်ပေါက်ကိုရှာမယ့်အစား ဖေါက်ထွက်ကြပါခင်ဗျား။”

ဦးလေးကြီက တောင်းဆိုစကားပြောအပြီးမှာ ပန်ကြားစကားကို ထပ်ဆောင်း၍ပြောလိုက်သေးသည်။
“အဝေးရောက်များခင်ဗျား..။ အဝေးရောက်ချင်းညှိကြပါ။ ဒီနိုင်ငံကအဝေးရောက်နဲ့ဟိုနိုင်ငံ.. ဟိုးနိုင်ငံတွေက အဝေးရောက်ချင်းညှိကြပါ။ နဖူးစီးတစ်ခုတည်း, အမ်ဘရဲလားတလက်တည်းရဲ့အောက်မှာ တညီတညာတည်းစုရပ်, ရပ်ကြပါ။ ကိုယ်ရောက်ရှိရာ တိုင်းပြည်မှာရှိတဲ့ သံရုံးတိုင်းရဲ့မျက်နှာစာကို ပုံမှန်သတ်မှတ်ရက်တိုင်းကြွကြပါ။ ချီတက်ကြပါ။ မိမိတို့တိုင်းပြည် ဘာဖြစ်နေတယ်ဆိုတာ နှုတ်နဲ့သာမက ပြည့်စုံထိမိတဲ့စာနဲ့ပါတင်ပြကြပါ။ စစ်အာဏာရှင်တွေ`ရှင်´နေသမျှ ကာလပတ်လုံး ဇွဲမလျှော့ဘဲ မပျက်မကွက်ဆင်နွှဲကြပါခင်ဗျား။”

ဤသို့ ပန်ကြားအပြီး တဆက်တည်းမှာပင် ဦးလေးကြီးက မိမိဖြစ်စေချင်တာတွေကို ဖော်ပြရင်း အဝေးရောက်ရဲဘော်ရဲမေအပေါင်းအား မေးခွန်းကလေးဖြင့် အတင်းတွန်းလေသည်။

“`ငို့ဘ´ပေါ်လစီ ကျင့်သုံးနေတဲ့နိုင်ငံတွေ`တန့်´သွားစေချင်ပါတယ်။ မြန်ပြည်အရေး စိတ်အေးရဖို့အတွက် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအသီးသီးက အမှန်တရားဖက်က ရပ်တည်လာစေချင်ပါတယ်။ လူကြီးမင်းတို့ကို ဒီလိုကိစ္စမျိုးမှာအားကိုးလို့မရဘူးဆိုရင် ဘယ်သူ့ကိုအားကိုးရမှာလဲခင်ဗျား။”

ဦးလေးကြီးက သည်မျှနှင့်အားမရနိုင်သေးသဖြင့် အဝေးရောက်များစွမ်းနိုင်သည့် အခန်းကဏ္ဍကိုပါ ထောက်ပြလိုက်ပါသေးသည်။

“ပညာရှိသတိဖြစ်ခဲမို့ လူကြီးမင်းတို့ကို ကျနော်နောက်ဆုံးဘောပဲင်နဲ့တို့ပြီး ပြောပါရစေ။ လူကြီးမင်းတို့ အဝေးရောက်အားလုံးသည် မြန်မာပြည်ရဲ့အဖြစ်သနစ်ဆိုးတွေကို နိုင်ငံတကာက ပြည့်ပြည့်စုံစုံရှင်းရှင်းလင်းလင်း မမြင်ရ၊ မကြားရအောင် ကန့်ထား, ကာထားသည့် သံကန်လန့်ကာများကို ချိုးဖျက်ပစ်နိုင်စွမ်းတဲ့`ကိုယ့်ကိုကိုယ်ခန့် သံတမန်များ´ ဖြစ်ကြကြောင်းပါခင်ဗျား။”

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved