သိုဟန်ဘွားသန်းရွှေ … ဒင်းကြီးကို ဒီလိုရှင်းမယ် (အပိုင်း-၄)

Friday, February 18, 2011

ဦးအလံမလှဲ

ယခုပင်လျှင် ဦးလေးကြီးက ရှေ့ဆက်ရမည့်စကားခရီးစဉ် (၄) အတွက်`တော့´(talk)စရာကို`တော့´လေသည်။

“ကိုတူမောင်..ရေ။ အခုပြောမှာက..မီဒီယာနည်း..။ သိုဟန်ဘွားသန်းရွှေရဲ့ လက်ကိုင်ဒုတ် ပြန်ကြားရေးဝန်ကြီး ကျော်ဆန်း ကြွေးကြော်ထားတာရှိတယ်။`မီဒီယာကို မီဒီယာနဲ့ပြန်တိုက်ရမယ်´..တဲ့။ ဒါဟာ.. နအဖစစ်အာဏာရှင်တို့ရဲ့ ပေါ်လစီ..။”

ဦးလေးကြီးက စစ်အာဏာရှင်တို့၏ မီဒီယာပေါ်လစီကို အထုပ်ဖြေချလိုက်သည်။

“ဒီပေါ်လစီက ၀န်ခံထားတဲ့အချက်နှစ်ချက်ရှိတယ်။ နံပါတ်တစ်က.. မီဒီယာတွေရဲ့ အမှန်တရားဖေါ်ပြချက်တွေကြောင့် စစ်အာဏာရှင်တွေ အလူးအလဲ ကုန်းခံနေရတယ်ဆိုတဲ့အချက်..။ နံပါတ်နှစ်က.. ပြည်သူ့မီဒီယာတွေက တင်ပြတဲ့အမှန်တရားတွေကို ခြေဖျက်ပစ်ရေးသက်သက်ရည်ရွယ်ပြီး နအဖစစ်အာဏာရှင်က တန်ပြန်တဲ့`လုပ်မီဒီယာ´ကို `လုပ်လက်နက်´အဖြစ် အသုံးချနေပြီဆိုတဲ့အချက်..။ အဲဒီအချက်နှစ်ချက်ကို ဘယ်သူကမှရိုက်မစစ်ပါပဲ လက်ကိုင်ဒုတ်ကျော်ဆန်းက သူ့ဘာသာသူထွက်ဆိုဝန်ခံထားတာ..။”

ကိုတူမောင်က အခွင့်သာသဖြင့်ဝင်၍`သမ´လိုက်သည်။

“ဒါဆို.. လက်ကိုင်ဒုတ်ကျော်ဆန်း.. တော်သလား.. ရှော်သလား..။”


ကိုတူမောင်၏အမေးကို ဦးလေးကြီးက`ကွန့်´ပြီး ဖြေသည်။

“လက်ကိုင်ဒုတ်ကျော်ဆန်း.. တော်သလား..ရှော်သလား.. ဟဲ..ဟဲ..။ သူရဲ့သတင်းစာရှင်းလင်းပွဲ အမူအရာက အဖြေပေးထားလေ..ရဲ့။ လူကြီးလူကောင်း ၀န်ကြီးစတိုင်လား..။ ထမီကိုစွန်တောင်ဆွဲ၊ တင်ပါးကြီးကိုနောက်ပစ်၊ ခါးအထက်ကိုရှေ့ကိုင်း၊ အာပြဲအသံနဲ့ရန်တွေ့.. ဟဲ..ဟဲ..လမ်းဘေးက `ဟ၀ှာ´စတိုင်လား.. ဟဲ..ဟဲ..။”

ဦးလေးကြီးက လက်ကိုင်ဒုတ်ကျော်ဆန်း၏ ရုပ်သွင်ကို ပီပြင်စွာပုံဖေါ်လိုက်သည်။ ထို့နောက်လက်ကိုင်ဒုတ် ကျော်ဆန်းကြားဖူး၊ ဖတ်ဖူးမည်မဟုတ်သော အကြောင်းအရာ..၊ ကြားရရုံဖတ်ရရုံမျှနှင့် `စိုက်´ကျသွားစေနိုင်သည့် အကြောင်းအရာ..။ ထိုထိုအကြောင်းအရာကို ပြန်ဖော်လိုက်သည်။
“ဟိုး..လွန်ခဲ့တဲ့ ရာစုနှစ်ဝက်က ကမ္ဘာအေးမှာ သတင်းစာညီလာခံကျင်းပခဲ့တယ်။ ထွန်းနေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးထွန်းဖေက မိန့်ခွန်းမြွက်ကြားခဲ့တယ်။ အဲဒီမိန့်ခွန်းထဲက မှတ်သားစရာ`အဆီအနှစ်´စကားက သတင်းစာဆိုတာဟာ.. ၀န်ကြီးချုပ်ကိုလည်း ဖြုတ်ချနိုင်သတဲ့..။ အစိုးရအဖွဲ့ကိုလည်း ဖြုတ်ချနိုင်သတဲ့..။”

ဦးလေးကြီး ဆက်လက်ပြောဆိုသည့်စကားအရ သိရှိရသည်မှာ ဦးထွန်းဖေသည် သတင်းစာ၏ ထက်မြက်သောစွမ်းရည်တန်ခိုးကို ဒုတ်ဒုတ်ထိသိသည်။ သတင်းစာကို အလွန်တန်ဖိုးထားသည်။ ဖဆပလ အစိုးရအဖွဲ့ဝင်ဝန်ကြီး လုပ်ရသည်ကို စိတ်တိုင်းလည်းမကျ၊ အားလည်းမရ၍ ၀န်ကြီးအဖြစ်မှ နှုတ်ထွက်သည်။ မူလသတင်းစာအလုပ်ကိုသာ ပြန်လုပ်တော့သည်။ ၀န်ကြီးချုပ်ဦးနုကို ဘ၀ရှင်မင်းတရားကြီးစိတ်ပေါက်နေသူအဖြစ် ဖွင့်ချခဲ့သည်။

“ကဲ..ကိုတူမောင်..ရေ..။ ဦးထွန်းဖေကဦးနုကို အာဏာရှင်ဆန်တယ်လို့ တိုင်းသိပြည်သိကြေညာပြီး`နှက်´ခဲ့တာ။ ဦးထွန်းဖေက`နှက်´ ရဲတဲ့သတ္တိရှိတယ်။ ဦးနုက ဦးထွန်းဖေကို အရေးမယူဘူး။ သတင်းစာလွတ်လပ်ခွင့်ကို အသိအမှတ်ပြုတယ်။ ဒါကြောင့် ဟိုခေတ်သတင်းစာတွေက သတင်းစာနဲ့တူတယ်။”

ဦးလေးကြီးက ဤတွင်တကဏ္ဍဖြတ်ပြီး လက်ကိုင်ဒုတ်ကျော်ဆန်းတယောက် သတင်းစာကို၊ မီဒီယာကို အလွန်းအကျူး ဘာကြောင့်ကြောက်နေရသလဲဟူသည်၏ နောက်ခံအကြောင်းကို လက်တွေ့မျက်တွေ့ရှင်းပြသည်။

“မီဒီယာကို လက်ကိုင်ဒုတ်ကျော်ဆန်း ကြောက်မယ်ဆိုလည်း၊ ကြောက်လောက်ပါပေတယ်။ ရှစ်လေးလုံးအရေးတော်ပုံကို အခါပေးတာ..။ တိုက်ပွဲခေါ်သံ ဟိန်းထွက်လာအောင်.. စည်တီးတာ..၊ မောင်းတီးတာ..၊ ခရာမှုတ်တာ..။ အကြမ်းမဖက်လူထုတိုက်ပွဲကို ဆင်လေနှာမောင်းနဲ့မွှေ့ပေးတာ..။ အဲဒါတွေကိုပုံဖော်ပေးတဲ့အထဲမှာ ရေဒီယိုမီဒီယာရဲ့ လက်ချက်ကမသေးပါ။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး`၀ုန်း´ ခနဲပေါက်ကွဲလာတာကို မီးလောင်ရာ လေပင့်ပေးတာကလည်း ရေဒီယိုမီဒီယာပါပဲ။ သံဃာတော်တွေ အရိုက်ခံနေရတာ၊ နှိပ်စက်ခံနေရတာတွေကို နိုင်ငံတကာက ချက်ချင်းလက်ငင်းမြင်ရတွေ့ရအောင် ဖော်ထုတ်ပြတာက လက်ကိုင်ဖုန်း ကင်မရာမဲင်းန် ဘလော်ဂါ..။”

ဦးလေးကြီးက ရေဒီယိုမီဒီယာ၊ ဘလော့ဂ်မီဒီယာ၏ ထက်မြက်စူးရှသောအစွမ်းကို ပြည်တွင်းရေးရာဖြင့် ထောက်ပြ၍ အပြီးကလေးတွင်ပင် ကိုတူမောင်ကဆိုလာသည်။

“ဦးလေးကြီး..ရေ။ သိုဟန်ဘွားသန်းရွှေရော၊ သူ့လက်ကိုင်ဒုတ်တွေရော၊ တူနီးရှားနဲ့ အီဂျစ်ကအဖြစ်တွေကိုကြည့်ပြီး ကြောက်ဒူးတွေ တုန်နေကြတယ်ဆိုပဲ”

“ကြောက်ဒူးတုန်တာထက် ပိုဆိုးဦးမယ်..ကိုတူမောင်။ မျက်ခုံးတွေလှုပ်၊ မျက်လုံးတွေပြူးပြီး ကြောက်အသဲ၊ ကြောက်နှလုံးတွေပါ တဆတ်ဆတ်တုန်ခါနေပြီ။ တူနီးရှားနဲ့အီဂျစ်က လူထုတိုက်ပွဲတွေ ဟုန်းဟုန်း တောက်လောင်နေတာတွေကိုသာကြည့်..။ မီးခဲ၊ မီးစက ဖေ့စ်ဘွတ်ခ်..တဲ့။ တွစ်တာ..တဲ့။”

ဦးလေးကြီက တဆက်တည်းပြောသည်မှာ နောက်ထပ်ပို၍ပို၍ စွမ်းသည်ထက်ပိုစွမ်းသည့် မီဒီယာအသစ်အသစ်တွေက တမျိုးပြီးတမျိုး နေ့ချင်းညချင်းပေါ်လာဦးမည်။ တစ်ပါတီအာဏာရှင်နိုင်ငံတွေ၊ စစ်အာဏာရှင်နိုင်ငံတွေ၊ တဗြုံးဗြုံးပြိုလဲကြရပေဦးမည်။ ဒိုင်နိုဆောကြီးတွေကဲ့သို့ မျိုးပြုတ်ကြရပေဦးမည်။
“အဲဒါပဲ..ကိုတူမောင်..။ ဒီလောက်ဆိုရင် ပြည်တွင်းပြည်ပ အာဏာရှင်တော်လှန်ရေးတိုက်ပွဲတွေမှာ မီဒီယာတွေ ဘယ်လောက်စွမ်းတယ်ဆိုတာ ပေါလောကြီးပေါ်နေပါပြီ။ ကိုင်း..ဒီတော့ ဦးလေးကြီးတို့၊ ကိုတူမောင်တို့ အဖိနှိပ်ခံ ပြည်သူေ တွ၊ အဖိနှိပ်ခံ ပြည်သူ့ဘက်တော်သားတွေ၊ ဘာလုပ်ကြမလဲ..။”
ဦးလေးကြီးက ကိုယ့်မေးခွန်ကို ကိုယ်တိုင်ဖြေရင်း တပ်လှန့်လိုက်သည်။

“စစ်ယူနီဖေါင်းချွတ်ပြီး ခေါင်းပေါင်းပေါင်းထားတဲ့ စစ်အာဏာရှင်တွေကို မီဒီယာနဲ့ပါ တိုက်ခိုက်တော်လှန်ကြရလိမ့်မယ်။ ဒါကြောင့်..ပြည်တွင်း ပြည်ပ ရှိရှိသမျှ တိုင်းရင်းသားပြည်သူများခင်ဗျား..။ `ကိုယ့်ကိုကိုယ်ခန့်´ မီဒီယာသမားအဖြစ် ခံယူကြပါလော့။
အင်တာနက်ကို အခြေခံတဲ့ အီးမေးလ်၊ ၀က်ဘ်ဆိုက်၊ ဘလော့ဂ်၊ ဖေ့စ်ဘွတ်ခ်၊ တွစ်တာတို့အပါအ၀င် နောက်ထပ်ဆန်းသစ်လာဦးမယ့် မီဒီယာနည်းပညာ တပြုံလုံးကိုသုံးပြီး ဘုံရန်သူစစ်အာဏာရှင်များကို တိုက်ခိုက်ကြပါလော့။

“၁၉၉၀ရွေးကောက်ပွဲရလဒ် ပျက်ပြယ်စေရေး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးရည်ရွယ်ချက်နဲ့ စစ်အာဏာရှင်တွေကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲအတုမှာ ၉၀ ခုနှစ်ပြည်သူ့ဆန္ဒကို သစ္စာဖောက်ခဲ့ကြတဲ့ အမတ်ရူးတွေကို နောင်ကျဉ်အောင် ထိုးနှက်ဆုံးမကြပါလော့။

“ပဒိုမန်းရှာရဲ့ အာဘော်အတိုင်းပြောရရင်.. `နိုင်ငံရေးထဲဝင်ရှုပ်တဲ့ ရေဒီယိုလေလှိုင်းပေါ်က စကော်လာယောင်ယောင်´ နိုင်ငံရေးလုပ်စားလူရှုပ်များ၊ ပြည်တွင်း ဂျာနယ်မဂ္ဂဇင်းစာမျက်နှာပေါ်က ဖော်လံဖားများကိုလည်း သံပုံးတီးပြီး တောထုတ်ကြပါလော့။
“ပြောခဲ့တဲ့ မီဒီယာနည်းပညာတွေကို မသုံးတတ်သူတွေကလည်း ဘ၀တူမှန်သမျှကိုလက်တို့ပြီး ကိုယ်ပိုင်`နှုတ်မီဒီယာ´ဖြင့် တွတ်ထိုးကာ သတင်းဝေမျှ စည်းရုံးလှုံ့ဆော်တိုက်ပွဲခေါ်ကြပါလော့။”

ဦးလေးကြီးက`လော့´ပြီးရင်း `လော့´ရင်းနှင့် `လော့´လို့ပြီးပြီဖြစ်၍ စကားခရီးတထောက်နားတော့မည်။ နားခါနီးလာမှကပ်ပြီး ပြောဖော်ကြီးကိုတူမောင်ကို တိုင်တည်သမှုပြု၍ ဆိုင်ရာဆိုင်ရာ`ဟ၀ှာ´များ ကြားသိရအောင် ဟစ်လိုက်သည်။

“ကိုင်း..ကိုတူမောင်.. အာဏာရှင်စစ်ဘီလူးဆိုတဲ့ ပါဝါရူး ဥစ္စာရူး..တွေနဲ့ သူတို့ရဲ့အောက်ဆွဲ ငမိုက်မဲစကော်လာယောင်၊ သစ်ကိုင်းကျနိုင်ငံရေး မျောက်သုံးကောင်ရယ်၊ အမတ်ရူးတွေရယ်ကို လက်တွေ့ပြမယ်မို့ လက်နက်ကိုင်မယ့်နောက်စကားဝိုင်းသို့ လိုက်ခဲ့ကြပါချီတက်ခဲ့ကြပါလို့ အလေးထားကာ ဖိတ်မန္တက ပြုလိုက်ကြောင်းပါခင်ဗျား။ ။

1 comments :

  1. Anonymous said... :

    Good Very Good I like it

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved