“ဘယ်လိုလဲ သူငယ်ချင်း ... အိမ်ရှင်းပြီးပြီလား”

Tuesday, February 15, 2011

ဒီထဲမှာ အိမ်ရှင်းမယ့် သူငယ်ချင်းတွေ ဘယ်နှစ်ယောက်ပါသလဲတော့ မသိ


ဒီကနေ့ နေပြည်တော် ၀န်ကြီးဌာန အဆင်မြင့် အရာရှိကြီးများ အကြား တဦးနဲ့ တဦးတွေ့ဆုံတဲ့ အခါ “ဘယ်လိုလဲ သူငယ်ချင်း အိမ်ရှင်း ပြီးပြီလား” ဆိုတဲ့ နှုတ်ဆက်စကားက ရေပန်းအစားဆုံး စကားဖြစ်နေတယ်လို့ သိရပါတယ်။

အပြင်လူတဦး အနေနဲ့တော့ ဒီလို နှုတ်ဆက်စကားကို ကြားရင် အဆင့်မြင့်အရာရှိကြီးတွေ ခမျာ အစိုးရ ရုံးအလုပ် တွေကိုလည်း လုပ်ရ အိမ်ပြန်ရောက်တော့လည်း မိန်းမဆီက မျက်နှာရအောင် အိမ်ရှင်းလင်းရေး လုပ်ရတယ်လို့ ထင်မြင်ကောင်း ထင်မြင်ပါ လိမ့်မယ်။

ဒါအပြင် “နေကောင်းလား၊ စားပြီးပြီလား” ဆိုတဲ့လူမှုဝတ္တရားအရ မေးလေ့မေးထရှိတဲ့ ပဋိသန္တာရ စကားကို အမြဲပြောဆို သုံးနှုန်းလေ့ ရှိသူ တဦးအတွက်တော့ နေပြည်တော် အရာရှိကြီးများရဲ့ နှုတ်ဆက်စကားဟာ ထူးဆန်းကောင်း ထူးဆန်း နေပါ လိမ့်မယ်။

တကယ်တော့ ဒါဟာ အချင်းချင်းတွေ့တဲ့ အခါမှ မေးတဲ့ လျှို့ဝှက် မေးခွန်းတခုပါ၊ ညွန်မှူးတို့ ညွန်ချုပ်တို့လို အဆင့်မြင့် အရာရှိ ကြီးတွေအကြား တဦးနဲ့တဦး အပြင်လူ မရိပ်မိအောင် အထာနဲ့ မေးလိုက်တဲ့ မေးခွန်းပါပဲ။

နေပြည်တော် အဆင့်မြင့်အရာရှိကြီး တဦးရှင်းပြတာကတော့ “၀န်ကြီးဌာနတွေ ကြေညာပြီ ၀န်ကြီးအသစ်တွေ လာတော့မယ်၊ ဘာတွေဘယ်လို ပြောင်းမယ်ဆိုတာ မသိဘူး၊ ဒီတော့ ရဲဘော် စာရင်းရှင်းစရာရှင်း၊ ပိုနေရင် ၀ိုက်၊ လိုနေရင် စိုက်လုပ် ပြီးပြီလား” ဆိုတဲ့ အဓိပ္ပာယ်လို့ ပြောပါတယ်။

အခုဆိုရင် နေပြည်တော် ၀န်ထမ်းတွေ အနေနဲ့ အစိုးရအသစ် တက်လာရင် လက်ရှိရာထူးနေရာမှာပဲ အပြောင်းအလဲမရှိ ဆက်ရှိ နေမလား၊ တခြားဌာနနဲ့ တွဲ ရမလား ဆိုတာ မရေရာမသေချာတဲ့ အတွက် လုပ်ငန်းခွင်က ကိစ္စတွေကို အပြတ်ရှင်းနေကြတယ်လို့ သိရပါတယ်။

ဒီလိုမျိုး ၀န်ကြီးအကူးအပြောင်း၊ စာရင်းအလွှဲအပြောင်း စပ်ကူးမတ်ကူး ကာလ (ကြားကာလ)မှာ ရုံးကိစ္စ အရှုပ်ထုတ်တွေကို အပျောက်ရှင်းကြတာကတော့ ရုံးဝန်ထမ်း လောက ဓမ္မတာတခုလို ဖြစ်နေပါပြီ၊ ဒီလိုရှင်းလင်း မှုတွေမှာ အခန့် မသင့်ရင် ၀န်ထမ်း တွေကိုယ်တိုင် “အပက” ဆိုတဲ့ အများပြည်သူပိုင် ပစ္စည်း ကာကွယ်ခွင့် အက်ဥပဒေနဲ့ အနှစ် ၂၀ လောက် ထောင်တန်း ကျသွားနိုင် သလို သူဌေးဖြစ်သွားတဲ့ အရာရှိကြီးတွေလည်း မနည်းပါဘူး။

အရင် မဆလလက်ထက်မှာ တော့ သမ၀ါယမဆိုင်တွေ ခေတ်ကောင်းစဉ်က အခုလို ဆောင်းအကုန် နွေအကူး၊ နှစ်ကုန်လို့ ဘတ် ဂျက် စာရင်းပိတ်ချိန်ဆိုရင် ရှင်းမရ၊ လင်းမရ လျော်စရာကလည်း မရှိဖြစ်ပြီး ကြံရာမရ မီးရှို့ တတ်တဲ့ အတွက် မီးလောင်မှု မကြာခဏ ဖြစ်တတ်ပါတယ်။

အစိုးရ ၀န်ကြီးဌာန တခုအနေနဲ့ မှတ်မှတ်ရရ မီးအကြီးအကျယ် လောင်ခဲ့တာတော့ နအဖခေတ် ရန်ကုန်မြို့က ကုန်သွန်လယ်ယာ ရုံးချုပ်ကြီးပါပဲ။ ထွက်ပေါ်လာတဲ သတင်းတွေအရတော့ စာရင်းရှင်းမရလို့ မီးရှို့လိုက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ အဖြစ်အပျက်မျိုး လယ်ယာစိုက်ပျိုးရေး နဲ့ ဆည်မြောင်းဝန်ကြီး ဌာနမှာလည်း မကြာခဏ ဖြစ်လေ့ဖြစ်ထ ရှိတတ် ပါတယ်။

ဒါကြောင့် လက်ရှိ နေပြည်တော် ၀န်ထမ်းတချို့က အစိုးရ အသစ်အပြောင်းအလဲမှာ မီးရှို့မှု၊ မီးလောင်မှု တွေလည်း နေပြည်တော် မှာ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုနေကြတယ်လို့ ဧရာဝတီက စုံစမ်းသိရပါတယ်။
ရန်ပိုင်


1 comments :

  1. Anonymous said... :

    စိတ်ရင်းအတိုင်းပြောရရင် ၀န်ထမ်းအဖြစ် ၊ စစ်သားအဖြစ် အသက်မွေး ၀မ်ကျောင်း ကြတဲ့သူအားလုံးနီးပါအတွက် စည်ကမ်းပြည့်တဲ့ အမှန်အကန် ဒီမိုနိုင်ငံကြီးဖြစ်သွားမှာ စိုးရိမ်ပါတယ်။ လာဘ်ပေးလာဘ်ယူသာမရှိရင် ဒီလူတွေ သွားပြီ။ အားလုံးက တံဆိပ်တုံးထု ပိုက်ဆံတောင်း ၊လက်မှတ်ထိုး ပိုက်ဆံယူ ။ဒါလောက်ပဲလုပ်တတ် ကြတော့တာ။ စီးပွားရေးအမြင် ဇီးရိုး အတတ်ပညာ သုံည နဲ့အပြင်မှာ လုပ်စားကျဟေ့ဆို မလုပ်တတ်မကိုင်တတ် ရှိတာထိုင်သုံး ပြုတ်ပြုတ်ပြုန်း ကျတော့တာပါပဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved