ဗိုလ်ချုပ်မှူးကြီးဦးဆောင်သော နိုင်ငံ့ဥသျှောင်အဖွဲ့ဖွဲ့မည်

Thursday, February 10, 2011

သမ္မတ ဦးသိန်းစိန်ကို အစိုးရ အုပ်ချုပ်ရေးအာဏာလွှဲပေးမည်ဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်ပါဝင်သော နိုင်ငံ့ဥသျှောင် အဖွဲ့ ဖွဲ့စည်းပြီး အုပ်ချုပ်ရေး ယန္တရားကို ကြီးကြပ်ကွပ်ကဲမည်ဖြစ်ကြောင်း နေပြည်တော်အခြေစိုက် သတင်း ရပ်ကွက်မှ စုံစမ်းသိရှိရသည်။


မြန်မာနိုင်ငံကို အဓိက ကြီးကြပ်ကွပ်ကဲ အုပ်ချုပ်မည့် အဖွဲ့အစည်းများအဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော နိုင်ငံ့ဥသျှောင်အဖွဲ့နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော နိုင်ငံတော်လုံခြုံရေးကောင်စီ အဖွဲ့ဟူ၍ ၂ ဖွဲ့ ရှိလာမည် ဖြစ်သည်။

နိုင်ငံ့ဥသျှောင်အဖွဲ့တွင် အဖွဲ့ဝင် ၈ ဦး ပါဝင်မည်ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီးဟောင်းနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ သမ္မတဦးသိန်းစိန်၊ ဒုတိယ သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးနှင့်အတူ တခြားအဆင့်မြင့် စစ်အရာရှိဟောင်း ၂ ဦး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ဒီ ဥသျှောင်အဖွဲ့ ဆိုတာက နိုင်ငံတော်ရဲ့ အဆင့်အမြင့်ဆုံးသော အဖွဲ့အစည်းကြီးပေါ့။ အုပ်ချုပ်ရေး ယန္တရားကို ကြီးကြပ်တာမျိုးထက် အကြံပေးအဖွဲ့ဆိုတဲ့ ပုံစံနဲ့ အစိုးရ အဆက်ဆက်ကို ကူညီအကြံပေးတာမျိုး လုပ်မယ်လို့ သိရမယ်။ ဒါပေမယ့် အဲဒီအဖွဲ့ရဲ့ သြဇာအာဏာက တော်တော်ကြီးမား ပါလိမ့်မယ်” ဟု စစ်တပ်အသိုင်း အ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ဖြစ်ပေါ်လာမည့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် သမ္မတ၊ ဒုတိယ သမ္မတ ၂ ဦး၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေး ၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌတို့ ပါဝင်သော အဖွဲ့ဝင် ၁၁ အဖွဲ့ဖြစ်သည်။

နောက်ဆုံးသိရသော သတင်းများအရ လာမည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် နအဖက အရပ်သားအစိုးရကို အာဏာလွှဲပြောင်း ပေးမည်ဖြစ်ကြောင်း၊ ယခုအခါ နေပြည်တော်၌ အစည်းအဝေးများ ထိုင်နေပြီဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် ရဲချုပ်ရာထူးကို ရန်ကုန်တိုင်း ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းအားလည်းကောင်း၊ ရဲ အထူးသတင်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်အား ဗိုလ်မှူးကြီး တင်စိုးအားလည်းကောင်း ခန့်အပ်လိုက်ပြီဖြစ်သည်။

စစ်တပ်အတွင်း ရာထူးအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီးနောက် ကြီးစဉ်ငယ်လိုက် မဟုတ်ဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယုံကြည်သူများသာ အဓိက ရာထူးများ ရရှိနေခြင်းကြောင့် မကျေနပ်မှုများဖြစ်ပေါ်နေကြောင်း နေပြည်တော် စစ်တပ် အသိုင်းအဝန်းမှ သိရှိရသည်။

ကာကွယ်ရေးဦးစီးချုပ် မဖြစ်ခဲ့သည့်အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို စောဒကတက်သော ဒုတိယဗိုလ် ချုပ်ကြီး သူရမြင့်အောင်သည် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးက ကာကွယ်ရေးဦးစီးချုပ် ခန့်အပ်ရန် အဆိုပြု ထားခဲ့သူဖြစ်ပြီး ယခုအခါ တပ်မှ အထုတ်ပယ် ခံထားရကြောင်း သတင်းရရှိသည်။

ဧရာဝတီ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved