ကိုဇေယျာဦးကို ထောင်ပြောင်း တိုက်ပိတ်

Saturday, February 19, 2011


၈လေးလုံးနေ့ ဆွမ်းကပ်ပွဲပြုလုပ်ဖို့ စီစဉ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကိုဇေယျာဦးကို သံတွဲထောင်က စစ်တွေထောင်ကို ပြောင်းရွှေ့လိုက်ပြီး တိုက်ပိတ်ထားတယ်လို့ သိရပါတယ်။


“ကိုဇေယျာဦးနဲ့ နောက်တဦးကို ရွေ့လိုက်တာ။နောက်တဦးနာမည်ကို စုံစမ်းနေတုန်းပဲ။ ထောင်ထဲမှာ ရန်ဖြစ်တယ်ဆိုပြီး အကြောင်းပြတာပဲ။ ထောင်ဝန်ထမ်းတချို့ကတော့ သူတို့ကြောင့် သံတွဲထောင်က သတင်းတွေ မီဒီယာကို ပေါက်ကြားလို့ ရွှေ့လိုက်တာလို့ ပြောတယ်” လို့ သံတွဲဒေသခံတဦးက ပြောပါတယ်။


ကိုဇေယျာဦးဟာ ၇.၈.၂၀၀၈ ရက်ညက ကမာရွတ်မြို့နယ် ၊ ဆင်မလိုက်ရှိ အဆောင်တခုကို သွားစဉ် ၈လေးလုံးနေ့မှာ ဆွမ်းကပ်ဖို့ ပြင်ဆင်ထားတယ်ဆိုပြီး အာဏာပိုင်တွေက ဖမ်းဆီးထောင်ချခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေးပုဒ်မ ၅၀၅ (ခ) တပ်ခဲ့ကာ အင်းစိန် ထောင်တွင်းတရားရုံးမှာပဲ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပြီး သံတွဲထောင်ကို ပို့ဆောင်ထားတာဖြစ်ပါတယ်။


သံတွဲထောင်က သတင်းတွေပေါက်ကြားတယ်ဆိုပြီး ထောင်အရာရှိ ၂ ယောက် အလုပ်ပြုတ်ခဲ့အပြီးမှာ ကိုဇေယျာဦးတို့ကိုလည်း ဖေဖော်ဝါရီ ၅ ရက်နေ့မှာ စစ်တွေ ထောင်ပြောင်းပြီး တိုက်ပိတ်လိုက်တယ်ဆိုတဲ့ သတင်းပေါ်ထွက်လာတာပါ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved