Gripen အမျိုးအစား တိုက်လေယာဉ် အာဆီယံနိုင်ငံများအတွင်း ထိုင်း ပထမဆုံး အသုံးပြု

Wednesday, February 23, 2011


ဆွီဒင်နိုင်ငံထုတ် Gripen အမျိုးအစား ဂျက်တိုက်လေယာဉ် ၁၂ စီးကို ထိုင်းတော်ဝင် လေတပ်အတွက် ဝယ်ယူခဲ့ရာ ပထမအသုတ် အဖြစ် ၆ စီးသည် ထိုင်းနိုင်ငံ ဆူရတ်ထနီ ရှိ အမှတ် ၇ လေတပ်စခန်းသို့ ယမန်နေ့ ညဦးပိုင်းက ရောက်ရှိခဲ့သည်။

၎င်း ဂျက်တိုက်လေယာဉ်များကို ထိုင်းတော်ဝင်လေတပ်မှ F-5 A/B အမျိုးအစား ဂျက်တိုက်လေယာဉ်များကို အစားထိုးရန်ဝယ်ယူခဲ့ခြင်းဖြစ်ပြီး Gripen တိုက်လေယာဉ် ၁၂ စီး၏ တန်ဖိုးမှာ ထိုင်းဘတ် ၄၀ ဘီလီယံနီးပါးခန့် ဖြစ်ကြောင်း သိရသည်။

Gripen ဂျက်လေယာဉ်များကို ဆွီဒင် လေယာဉ်မှူးများမှ မောင်းနှင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လေယာဉ်များကို ထိုင်းတော်ဝင်လေတပ်မှ တာဝန်ရှိသူများထံ တရားဝင် လွှဲပြောင်းပေးရဦးမည် ဖြစ်သည်။

ယမန်နေ့က ရောက်ရှိသည့် Gripen တိုက်လေယာဉ် ၆ စီးသည် ဆွီဒင်နိုင်ငံမှ ယခုလ ၁၈ ရက်နေ့တွင် ထွက်ခွာ ခဲ့ခြင်းဖြစ်ပြီး ဟန်ဂေရီ၊ ဂရိ၊ အီဂျစ်နှင့် အိန္ဒိယနိုင်ငံတို့တွင် ရပ်နားခဲ့သေးသည်။ Gripen ဂျက်လေယာဉ် မောင်းနှင်နည်းကို ထိုင်းလေယာဉ်မှူး နှစ်ဦးက ဆွီဒင်နိုင်ငံ၌ လေ့ကျင့်ခဲ့ပြီး ယခုပထမ အသုတ် မှတဆင့် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့သည်။

၎င်းတို့နှစ်ဦးအနက် တဦးဖြစ်သူ Capt Putthipong Phonchiwin က “Gripen တွေက ကျနော့်အတွက်တော့ နံပါတ်တစ် တိုက်လေယာဉ်တွေပါပဲ။ အရင်က ကျနော် မောင်းခဲ့ဖူးတဲ့ F-5 တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဆီဒင်ကား နဲ့ ပြိုင်ကားတွေ မောင်းရတဲ့အတိုင်းပဲ”ဟု ဆိုသည်။

Gripen တိုက်လေယာဉ်များ၌ ထိုင်းတော်ဝင်လေတပ်တွင် လက်ရှိအသုံးပြုနေသည့် F-16 အမျိုးအစား တိုက်လေယာဉ်များတွင် တပ်ဆင်သည့် လက်နက်အတိုင်း တပ်ဆင်နိုင်မည်ဖြစ်ပြီး အဆိုပါ လေယာဉ်များကို ဝယ်ယူလိုက်ခြင်းအားဖြင့် ထိုင်းနိုင်ငံသည် အာဆီယံ နိုင်ငံများအနက် Gripen တိုက်လေယာဉ်များကို ပထမဆုံး အသုံးပြုသည့် နိုင်ငံဖြစ်လာသည်။

ထိုင်းတော်ဝင်လေတပ်သည် နောက်ထပ် လေယာဉ်မှူး ၁၀ ဦးကို Gripen မောင်းနှင်နည်း သင်တန်းအတွက် ဆွီဒင်နိုင်ငံသို့ ထပ်မံစေလွှတ်ထားပြီး ၎င်းတို့နှင့် ကျန်ရှိနေသေးသည့် Gripen ၆ စီးသည့် လာမည့်နှစ်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။

(ဓာတ်ပုံ- bangkok post)



5 comments :

  1. Anonymous said... :

    Gripen လည်း MIG-29 ကိုမမှီသေးပါဘူး။

  1. Anonymous said... :

    ဒါပေါ့ ရုရှားနဲ့ တရုတ်ကိုမယှဉ်နိုင်ပါဘူး

  1. Anonymous said... :

    သြော်! စိတ်ဓာတ်....စိတ်ဓာတ်.... စစ်တပ်...ကြံဖန်
    အဖေ ရှာပြီး ခေါ်တတ်ပါပေ့။...ရင်လေးတယ်

  1. Anonymous said... :

    ဒါပေါ့ မင်းအဖေတွေက အတော်ဆုံးဆိုတော့ ဘယ်မှီပါ့မလဲ။

  1. Anonymous said... :

    မင်းတို့လေတပ် ဘယ်လောက် ကောင်းကောင်း ဒို့ ဖမာ ပြည်ကြီး တရုတ် လက်အောက် ၀င်လိုက်ရင် မင်းတို့ မထိရဲပါဘူး ကွာ ..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved