ဝမ်းနည်းမှတ်တမ်း

Saturday, March 5, 2011


၁၉၈၈ ခုနှစ် မေလမှာ ရေးလို့ပြီးခဲ့ပြီး အဲဒီနှစ် သြဂုတ်လဆန်းမှာ ထုတ်ဝေခဲ့တဲ့ စာရေးဆရာ မင်းလူရဲ့ “ရင်ခုန်သူများ” ဝတ္ထုစာအုပ် (ပထမအကြိမ်) ထဲက ကဗျာတပုဒ်ပါ။ ဒုတိယအကြိမ် ထုတ်ဝေတော့ ဒီကဗျာလေး ပါမလာတော့ပါဘူး။ ကဗျာအမည်က ဝမ်းနည်းမှတ်တမ်း ဖြစ်ပါတယ်။ ဝမ်းနည်းစရာ အမှတ်တရတွေ ပြည့်နေတဲ့ မတ်လနဲ့ ဒီကဗျာလေးက လိုက်ဖက်လွန်းလှတဲ့အတွက် ဧရာဝတီက ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

ဝမ်းနည်းမှတ်တမ်း

တပေါင်းနွေတွင်
ကြွေလွင့်မျောလျက်၊ နွေသစ်ရွက်ရယ်
မင်းတွက် လွမ်းတေး ဆိုပါမည်။

ဥသြငှက်လျှင်၊ မျှော်စင်ထက်မှ
အမျှပေးဝေ တောင်းဆုချွေဆဲ

အင်းလျားကန်က မှန်သားမျက်နှာ
လက်ဖြင့်ကာလျက် မရှုရက်နိုင်

ဘွဲ့နှင်းသဘင် မရွှင်မပျ
မျက်လွှာချလျက် နှုတ်မဆက်နိုင်

ကြေးခြင်္သေ့သည် မျက်လုံးနီလျက်
မျက်ရည်တစ ထိန်းမရတော့

အဓိပတိ မချိသဖြင့်
ရင်နင့်လှိုင်းထ မောပန်းလှပြီ

ကံ့ကော်တောအုပ် အပူရုပ်ဖြင့်
စုတ်သပ်မစဲ ယိုင်လဲမတတ်

မင်းအချစ်ဦး လိပ်ပြာရူးပြီ
ဟိုကူးဒီလာ ဆတ်ဆတ်ခါစဉ်

သစ်ပုတ်ပင်သည်
ရင်မှပေါက်ဖွား သူ၏သားတွက်
ဖားလျားပင်ယံ ပန်းမပန်ဘဲ
အလံတဝက် လွှင့်ထူပြီ။

တပေါင်းနွေတွင်
ကြွေလွင့်မျောလျက် နွေသစ်ရွက်ရယ်
မင်းတွက် လွမ်းတေး ဆိုပါမည် ...။

ကဗျာမူရင်း ဓာတ်ပုံကို ဒီက ယူပါတယ်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved