ဆွေမျိုး ပေါက်ဖော်စိုးရိမ်တယ်

Saturday, March 19, 2011


ကျားပေါက်၊ မတ် ၁၉၊ ၂၀၁၁

မြန်မာတပ်မတော်သမိုင်းမှာ ဦးစီးချုပ်တွေ နိုင်ငံတကာမှာ အိမ်ဝယ်၊ နိုင်ငံခြားဘဏ်တွေမှာ ငွေစု၊ သန်းနဲ့ချီ တန်ဖိုးရှိတဲ့ ပတ္တမြား၊ ကျောက်စိန် ခိုးထုတ်တာ အခုခေတ်မှမဟုတ်။ သွားလေသူ ဦးနေဝင်းလုပ်ခဲ့ပါတယ်လို့ တပ်ချုပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဘကြီးမိသားစု လုပ်စားတာကို ကာကွယ်ခဲ့ပါတယ်။ အောက်က ဗိုလ်ကြီး၊ ဗိုလ်မှူးတွေ မသိနိုင်ပါ။ တရုတ်ပြည်မှာ အိမ်ဝယ်တာကို ဘယ်သူမှ မသိပေမယ့် ဘိန်းဘုရင် လော်စစ်ဟန်သားကို ခိုင်းမိတဲ့ ရှစ်လုံးတော့ ပြုံးပြုံးပါပဲ။

နအဖ ဦးဆာင်အဖွဲ့က နိုင်ငံတော် အုပ်ချုပ်ရေးအရပ်ရပ်ကို စနစ်သစ်တွင်လည်း ၁၀၀% ထိန်းချုပ်ထားသည်လို့ ပေါက်ဖော်တွေကို ပြောဆိုပေမယ့် ပေါက်ဖော်တို့က စိတ်မချနိုင်ပါ။ အကယ်၍ ကျန်းမာရေး အကြောင်းပြပြီး တပ်ချုပ်တယောက် အခြေအနေမကောင်းရင် အိမ်နိမ့်စံဘဝရောက်ရင်တောင် ပီကင်းမှာ သက်သောင့်သက်သာ ရှိစေဖို့ နေရာတခုတော့ စီစဉ်ရတာပါပဲ။

ပေါက်ဖော်-နဖအ ဆက်ဆံရေး ထူထောင်ဖို့အတွက် တပ်ချုပ်ကြိုးပမ်းမှုကို ပြန်ကြည့်ရအောင်။ ၂၀၀၀ ပြည့်နှစ်အတွင်း ပေါက်ဖော်တို့ လိုချင်နေတဲ့ ဧရာဝတီမြစ်ကြောင်း ဆက်သွယ်ရေး စီမံကိန်းကို ဘာမပြောမဆိုနဲ့ လက်မှတ်ထိုးခါနီးမှာ တပ်ချုပ် ပယ်ချလို့ ပေါက်ဖော် သမ္မတကြီး မျက်နှာပျက်၊ စိတ်ဆိုးဆိုးနဲ့ နအဖအပေါ် အကူအညီရပ်ဖို့တောင် စဉ်းစားခဲ့သေးတာပဲ။

တပ်ချုပ်ရဲ့ စဉ်းစားချက်က အမျိုးသားလုံခြုံရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးကို ဦးတည်စဉ်းစားလေတော့ တရုတ်ပေါက်ဖော်များရဲ့ မဟာဗျူဟာ ဆက်သွယ်ရေးလမ်းကြောင်းကို ပေးလိုက်ရင်၊ မြန်မာပြည်ဟာ နာရီပိုင်းအတွင်း တရုတ်တပ်နီတော်အောက် ရောက်သွားမယ်ဆိုပြီး မပေးခဲ့တာပါ။


ပေါက်ဖော်တို့လည်း ကြံရာမရ၊ ဗိုလ်ခင်ညွှန့်ကို တိုင်းရင်းသား အပစ်ရပ်များကတဆင့် ဆက်ဆံရေး ထူထောင်ရတာပေါ့။ ပေါက်ဖော်-ဗိုလ်ခင်ညွှန့်ဆက်ဆံရေးဟာ သမားရိုးကျမဟုတ်တော့ဘူးလို့ သုံးသပ်၊ ကွက်ကျော်ရိုက်တာ များတော့လည်း ထောက်လှမ်းရေး အားလုံးကို သုတ်သင်ရတော့တယ်။
ပေါက်ဖော်တို့လည်း ခြေမကိုင်မိ၊ လက်မကိုင်မိနဲ့ ဖြစ်တော့တာပါပဲ။ ပေါက်ဖော်-နအဖ ဆက်ဆံရေး ကျဲလာတာနဲ့အမျှ ၂၀၀၄-၂၀၀၆ မှာ အိန္ဒိယ-နအဖဆက်ဆံရေး တက်လာပါတယ်။

နယ်ကျော်ဆက်ဆံရေးဖွင့်ဖို့၊ ပေါက်ဖော်တို့ကိုလည်း စိုးရိမ်စိတ် မကြီးစေဖို့၊ သမီးတော်ကို ပီကင်းသံရုံးပို့ပြီး ချစ်ကြည်ရေး ဆက်စေတယ်။

ပေါက်ဖော်ကလည်း မခေပါ။ သမီးတော်ကို ပီကင်း တက္ကသိုလ်က PhD ဘွဲ့ နေ့ချင်းညချင်း ပြီးစေတာပါပဲ။
ပေါက်ဖော်နဲ့ ခပ်ကင်းကင်းနေဖို့ ကြိုးစားတာလား၊ ဗိုလ်ခင်ညွှန့်လောက် မျက်နှာသာပေးတာကို နည်းတယ်လို့ ယူဆသလားတော့မသိပါ၊ အနောက်နိုင်ငံခေါင်းဆောင် ဦးထုပ်ရှည်ဝတ် ပုဂ္ဂိုလ်ရဲ့ ဖိအားကို ရင်ဆိုင်ဖို့အတွက် အိန္ဒိယတိုက်သားပဲ အားကိုးရင် အခက်တွေ့မယ်ဆိုပြီး ပေါက်ဖော်-တပ်ချုပ်ဆက်ဆံရေးကို ပြန်လည်ထူထောင်ခဲ့ပါတယ်။

တပ်ချုပ်အပါးတော်မြဲတွေက ပေါက်ဖော်တို့ရဲ့ Body Language ခန္ဓာဗေဒ ဘာသာကို ဘာသာပြန်လေ့ရှိတယ်။ ကြိုက်သလား၊ ထောက်ခံသလား၊ ရောင်းလိုက်တဲ့ မဟုတ်တရုတ် ဇာတ်လမ်းကို ဝယ်သလားဆိုတာကို ပေါက်ဖော်တို့နဲ့ တွေ့ပြီးရင် နိဂုံးချုပ် ဆွေးနွေးပွဲလုပ်ရစမြဲ။

ဒါနဲ့ပဲ ပေါက်ဖော်တို့ ရင်းနှီးမှုတွေကို ကိုရွှေဘ (ဗိုလ်ချုပ်တင်အေး) ကတဆင့် သမီးတော်များကို ဆက်သရတယ်။ အသွင်ကူးပြောင်းရေးမှာ တကယ်လိုမယ့် စီမံကိန်းတွေကို ချုပ်ဖို့ ကိုရွှေဘတယောက် လုပ်ပေးမှာမဟုတ်လို့ ရှစ်လုံးနဲ့ သူ့ရဲ့ စီးပွားရေးဘက်ကို စီစဉ်ခိုင်းရပါတယ်။

ကိုကို စိန်စီသောညက၊ ကူမင်းရဲ့ကောင်စစ်ဝန်ချုပ်နဲ့ ပို့လိုက်တော့ ကိုရွှေပေါက်ဖော်တို့ အရမ်းကျေနပ်သွားကြဆိုပဲ။ တပ်ချုပ်က ရှေးဘုရင်များလိုပဲ ကိုယ့်သားသမီးအရင်း၊ သားမက်ကို တရုတ်ဆက်ဆံရေးအတွက် ရင်းနှီးပေးခဲ့ရတာတွေပါ။

ကိုရွှေဘတို့ ပြောတိုင်းယုံရမှာလား၊ ကိုယ့်သမီးမေးရင် အမှန်အတိုင်း ပြောမှာပေါ့လို့ ဆိုတာပါပဲ။ ကိုရွှေဘက လူကောင်ကြီးပြီ ဖြတ်ထိုးဉာဏ်နည်းတယ်လို့ မယ်တော်က သုံးသပ်တယ်။ ဒါနဲ့ပဲ ရှစ်လုံးကို ဘဏ္ဍာတော် ဖြည့်တင်းရေးအတွက် တိုက်ရိုက်ညွှန်ကြားရတော့တာပဲ။ ရှစ်လုံးလည်း လက်မှတ်ထိုး၊ ဟိန်းဟောက်၊ ဆေးလိပ်ပြာခွက်နဲ့ ပေါက်တတ်တာကလွဲလို့ တင်ဒါတင်တဲ့ ငွေရင်းပမာဏ၊ ပြည်သူ့ဘဏ္ဍာထဲ ရောက်ဖို့ ပမာဏ၊ လမ်းမှာ ကိုယ်ပိုင်ငွေစာရင်းထဲဝင်မယ့် ပမာဏတို့ကို မတွက်တတ်လို့ ကိုထွန်မြင့်နိုင်ကလေး အကူအညီတောင်းရတော့တာပဲ။

ကိုထွန်းမြင့်နိုင်ခမျာ စင်ကာပူစာရင်းကိုင်တွေနဲ့ တပ်ချုပ်ကိုယ်ပိုင် ငွေစာရင်းဖွင့်၊ အပေါင်းအနုတ် အမြှောက်အစားအတွက် သီးသန့် အချိန်ပေးရပါတယ်။ တပ်ချုပ်ဘယ်သွားသွား ကိုထွန်းမြင့်နိုင်ကိုမေးရင် အချိန်နဲ့တပြေးညီ ဖြေနိုင်ဖို့ စီစဉ်ရတာ ရှစ်လုံးရဲ့ အမျိုးသားရေး တာဝန်ဖြစ်ခဲ့ရပါတယ်။ ပေါက်ဖော်ကြီး ထင်တာက ခင်ဗျားလည်းစား၊ ကျုပ်တို့လိုချင်တာ လုပ်ပေးပါဆိုတဲ့ ရည်ရွယ်ချက်ရှိခဲ့ပေမယ့် ငြိမ်းအဖွဲ့တွေနဲ့ ဆက်ဆံရေး တင်းမာလာတဲ့အခါ ဘယ်သူကို ပြောရမှန်း မသိတောင်ဖြစ်ရတယ်တဲ့။

ဒါနဲ့ပဲ တပ်ချုပ်ကို ခေါ်ပြီးဆုံးမရတော့တာပဲ။ တပ်ချုပ်က ခေသူမဟုတ်ဘူးလေ။ စီးပွားရေးနဲ့ နိုင်ငံရေး မရောစေချင်ဘူး။ ကျုပ်အမေရိကန်ကို မျက်နှာသာမပေးရင် ခင်ဗျားတို့ ကျေနပ်ပါတော့ ဗျူဟာပဲသုံးသတဲ့။ ဥရောပကို ခါးကြားထဲလိပ်ထားပြီး ဆွေးနွေးပွဲတိုင်းမှာ ထုတ်မပြဘူး။ ပေါက်ဖော်တွေကို ခေါင်းစားထားစေတယ်။ ကိုးကန့်ကို ဝင်တွယ်လိုက်တာ တရုတ်ယဉ်ကျေးမှု ဒုဝန်ကြီး မြန်မာသင်္ကြန်ကို မန္တလေးမြို့မှာ ရေပက်လာရင်း မင်းဆရာ ကိုအောင်သောင်းကို တိုင်လို့ပါလို့ ပြန်ဖြေတယ်လေ။

တပ်ချုပ်လည်း အိုစာမင်းစာတွေ တရုတ်ပြည်ရွှေ့မိတော့ တရုတ်-မြန်မာဆက်ဆံရေး ခိုင်မြဲရတော့မှာပေါ့။ ဒါပေမယ့် ပေါက်ဖော်လည်း ကပ်သာထိုးမိတယ်၊ အကယ်၍ တပ်ချုပ်အာဏာမဲခဲ့ရင် ဆိုတာကို စိတ်ပူနေရပါတယ်။ ဘယ်သူတွေ တက်ကာ အာဏာရှိလာမလဲ။ အာဏာလုပွဲတွေ ထပ်ဖြစ်ဦးမလား၊ တပ်ချုပ်ကို ပေးရတာ ကိုက်ပါ့မလားလို့ ပေါက်ဖော်ပီပီ ပေသီးတွက် တွက်ရတာပေါ့။

တပ်ချုပ်ဟာ စီးပွားရေးနဲ့ နိုင်ငံရေး ခွဲထားချင်ပါတယ်တဲ့၊ ပေါက်ဖော်တွေကို စိတ်ဓာတ် လှုပ်ရှားစေတယ်။ ပေါက်ဖော်တွေကလည်း တံတား၊ လမ်း၊ မီးရထားလမ်း၊ စီးပွားရေးဇုန်တွေများလာပြီး ရင်နှီးကြဖို့၊ အမေရိကန်နဲ့ ဥရောပ ဖိအားကို ခံနိုင်ဖို့၊ အမေရိကန် ဒူးမနာသားတွေ ဝင်လာမှာကို စိုးရိမ်လို့ ခေါ်ပေမယ့် ပေါက်ဖော် ကွန်မြူနစ်ဖြစ်ဖြစ်၊ အရင်းရှင်ဖြစ်ဖြစ် ပေါက်ဖော်သွေးက အရောင်းအဝယ်သွေးပဲလေ။ ရှုံးနိုင်မယ့်ကိစ္စ ပေါက်ဖော်တို့ မလုပ်ဗျို့။ မြတ်မလား နာမည်ပျက်ပါစေ၊ ရှုံးနိုင်မလား ပေါက်ဖော် နှာစေးနေပါရစေ။ တပ်ချုပ်ခွင့်ပြုတိုင်း ပေါက်ဖော်မလိုက်နိုင်။ အခုကိစ္စမှာ ပီကင်းဆရာကြီးများ ခေါင်းပူလာနေပြီ။ ကိုမင်းအောင်လှိုင်ရဲ့ အနာဂတ်မြန်မာတပ်မတော် နိုင်ငံရေးအပေါ် ကြိုးကိုင် နိုင်မနိုင် လေ့လာရသလို၊ အစိုးရသစ်ဖွဲ့ပြီးတာနဲ့ ပေါ်လစီဗျူရိုက အမြဲတမ်းအဖွဲ့ဝင်လည်းဖြစ်၊ မြန်မာအကြောင်း သိကောင်းစရာတွေ ရေးဖတ်နေတဲ့ပုဂ္ဂိုလ် လေယာဉ်စီးဖို့ စောင့်နေလေရဲ့။

ပေါက်ဖော်အတွက် တပ်ချုပ်လုပ်စားတာကတော့ ကလေးမုန့်ဖို့းလောက်ပဲရှိပါတယ်။ ဒါပေမယ့် တကယ်တမ်း ရင်နှီးပြီး နှောင်အစိုးရသစ်က တပ်ချုပ် လုပ်ချင်တာ မလုပ်ပေးခဲ့ရင်၊ ကိုရွှေအမေရိကန်တွေနဲ့ တွဲကပြီး ဟမ်ဘာဂါ စားနေရင် ဘာလုပ်မလဲဆိုတာ စဉ်းစားရပြီပေါ့။ တပ်ချုပ် လက်ထောက်တွေ ဥရောပသားတွေနဲ့ နွေးထွေးလာတာကို စိုးရိမ်မှုတွေ ဖြစ်လာတယ်။ ဥရောပသား စီးပွားရေးပိတ်ဆို့မှု ရပ်စေချင်တာကိုပဲ ဝါရှင်တန်က ဗျူဟာသစ်လို့ ယုံနေလေရဲ့။
ပေါက်ဖော်ခမျာ တပ်ချုပ်နဲ့ အပေါင်းအပါတွေ ဝါရှင်တန်နဲ့ ဝေးရင် ပြီးရောဆိုတာကို တပ်ချုပ် သိပေမယ့် အောက်က ဆရာတွေ မသိလေသလား။ အဆိုးထဲက အကောင်းလား၊ အကောင်းထဲက အဆိုးလားတော့ မသိ၊ တပ်ချုပ်နဲ့ ပေါက်ဖော် ဉာဏ်ရည်စမ်းပွဲ စနေပြီလို့ နေပြည်တော်ဆရာများ သုံးသပ်ပါတယ်။

ပေါက်ဖော် မေးတိုင်းမဖြေနိုင်ပါ၊ လွှတ်တော်မှာ အလုပ်များနေတယ်တဲ့။ ပေါက်ဖော်ရဲ့ ပေါ်လစီဗျူရို အမြဲတမ်း ဆရာကို စောင့်ပါတဲ့။ တပ်ချုပ်ရဲ့ အချိန်ဆွဲနည်းကို နိုင်ငံရေးသိပ္ပံဆရာများ အဖြေထုတ်သင့်ပါတယ်။ ပေါက်ဖော်က ဆရာကြီးနဲ့ မပြောရတာ စိတ်မပူပါ။ ဆရာကြီး အာဏာမရှိပဲ ဖြစ်ချင်ရာဖြစ်မှာကိုပဲ စိုးရိမ်တာပါတဲ့။

1 comments :

  1. တရုပ် အားကိုး ပုဆိန်ရိုး သူခိုးဗိုလ်ချုပ်များအား ဆန့်ကျင်ကြ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved