ခရီးသည် ဒဏ်ရာရမှုများတဲ့ ယာဉ်မတော်တဆမှုတွေ

Thursday, March 10, 2011

ရန်ကုန်-မန္တလေး ကားလမ်း (လမ်းဟောင်း) ပေါ်မှာ မတ်လ ၆ ရက်နေ့က ယာဉ်တိုက်မှု တခုဖြစ်ပွားခဲ့ပြီး ခရီးသည် ၁၁ ဦး ဒဏ်ရာ ရသွားတယ်လို့ စစ်အစိုးရရဲ့ ဒီနေ့ထုတ် သတင်းစာမှာ ရေးထားပါတယ်။

၁၀ ဘီးကားက တပင်ရွှေထီးယာဉ်လိုင်းက ခရီးသည်တင် ဟိုင်းလတ်ကို ဝင်တိုက်တာမို့ ဒဏ်ရာရသူ များပြားတာ ဖြစ်ပါတယ်။ ဘယ်လိုဝင်တိုက်တာလဲ ဆိုတာ မပါဘူး။ ဒဏ်ရာရတဲ့ ဟိုင်းလတ်ကားပေါ်က ခရီးသည် ၁၁ ယောက်ကို အုတ်တွင်းဆေးရုံ ပို့ပြီးတော့ ဆေးကုသနေပါတယ်။

မတ်လ ၇ ရက်နေ့မှာလည်း ပြင်ဦးလွင်မြို့နယ် ပွဲကောက်ရေတံခွန် ယာဉ်ရပ်နားစခန်းမှာ ယာဉ်တိုက်မှု တခုထပ်ဖြစ်ပါတယ်။

ဖူဆို ခရီးသည်တင် မှန်လုံကားကို မောင်းပြီးတော့ ယာဉ်ရပ်နားဖို့ ဘယ်ဘက်ကို ချိုးကွေ့လိုက်တာမှာ အရှိန် မထိန်းနိုင်ဘဲ မှောက်သွားတယ် ဆိုပါတယ်။ ဘယ်လောက် အရှိန်နဲ့ ကွေ့လိုက်သလဲတော့ မသိဘူး၊ ခရီးသည် ၂၂ ယောက်စလုံး ဒဏ်ရာတွေ ရသွားပါတယ်တဲ့။

ဒဏ်ရာရတဲ့ ခရီးသည်တွေ အားလုံး ပြင်ဦးလွင်မှာ ဆေးကုသနေပါတယ်။ ကားမောင်းသမားတွေကိုလည်း အရေးယူထားပါတယ်။

၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့မှ ၂၀၁၀ မေလ ၆ ရက်နေ့ အထိ ယာဉ်မတော်တဆမှု ပေါင်း ၁၃၀ ရှိခဲ့ပါတယ်။ သေဆုံးသူ ၅၇ ဦးနဲ့ ဒဏ်ရာရတဲ့ လူဦးရေးပေါင်း ၂၀၄ ဦး အထိရှိပါတယ်။

သန်းထိုက်ဦး၊ မတ် ၉၊ ၂၀၁၁

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved