မြန်မာ့ မိုးဇလကို မေးချင်တယ်

Wednesday, March 23, 2011


ကမ္ဘာ့ ရာသီဥတု ဖောက်ပြန်လို့ ပြောင်းလဲဖြစ်ပေါ်ခဲ့ရတဲ့ မြန်မာ့ရာသီ ဥတု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး သတင်း ထုတ်ပြန်ပေးနိုင်တဲ့ မြန်မာနိုင်ငံအတွက် တခုတည်းသော နေရာဟာ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ဝန်ကြီးဌာန (မိုး/ဇလ) ပဲ ရှိပါတယ်။ အဲဒီ မိုးဇလ ကမှ မထုတ်ပြန်ရင် ဘယ်သူမှ မသိနိုင်ပါဘူး။ မြန်မာပြည်ရဲ့ တောင်သူဦးကြီးတွေ၊ တံငါသည်တွေအနေနဲ့ အားကိုးရာဟာ ရေဒီယို တခုပဲ ရှိပါတယ်။ သူတို့မှာ အင်တာနက်လည်း မရှိပါဘူး။ ရေဒီယိုကမှ အဖြစ်မှန်အတိုင်း မကြေညာပေးရင် သူတို့ ဒုက္ခရောက်ဖို့ပဲ ရှိပါတယ်။

မြစ်ဝကျွန်းပေါ်ဘက်က ငါးဖမ်းသူတွေဟာ အခုလို နွေကာလရောက်ပြီဆိုရင် သူတို့ရဲ့ သဘာဝအတိုင်း ဖောင်တွေဖွဲ့၊ တဲတွေဆောက်ပြီး အစုလိုက်အပြုံလိုက် ငါးဖမ်းထွက်လေ့ ရှိကြတယ်လို့ သိရပါတယ်။ သူတို့မှာ တခါမှ မကြုံဘူးတဲ့ ရာသီဥတုဖြစ်စဉ်အတွက် အရေးပေါ် အခြေအနေ ကြေညာပေးဖို့၊ သတိပေးချက်တွေ ထုတ်ပြန်ပေးဖို့ အဓိက တာဝန်ရှိတာက မိုးဇလ ဌာနပါ။ အခြေအနေမှန်ကို အရေးပေါ် မကြေညာပေးနိုင် ခဲ့တဲ့ အတွက် အခု မတ်လ ၁၄၊ ၁၅၊ ၁၆ ရက်နေ့တွေက ဖြစ်ပေါ်ခဲ့တဲ့ လာနီညာ၊ စိုက်ဆင်း လေပြင်းတွေနဲ့အတူ သူတို့ရဲ့ ဖောင်တွေ ပြတ်ထွက် မျောပါပြီး ရေလုပ်သား ထောင်ကျော် ဒုက္ခရောက်ခဲ့ရပါတယ်။



မြန်မာပြည်မှာ ပြောင်းလဲတဲ့ ရာသီဥတု ဖြစ်စဉ်နဲ့အတူ နောက်က လိုက်လာတာက သဘာဝဘေးအန္တရာယ်ပဲ ဖြစ်ပါတယ်။ ဒါကိုလည်း နာဂစ်က ဥပမာ တခုအနေနဲ့ ပြသခဲ့ပြီးပါပြီ။ ၂၀၀၈ နာဂစ်တုန်းက မိုးဇလရဲ့ တာဝန် မဲ့မှု ကြောင့် လူပေါင်း သိန်းချီ သေဆုံးခဲ့ရပြီး အခုအချိန်ထိ အဲဒီဒေသတွေမှာ စီးပွားရေးနဲ့ ပတ်သက်လို့ နလံ မထူနိုင်သေးပါဘူး။ အတည် မပြုနိုင်တဲ့ သတင်းရပ်ကွက်တွေရဲ့ အဆိုအရ အဲဒီကာလ မတိုင်ခင်က မိုးဇလ ညွှန်ချုပ်ဦးထွန်းလွင်ဟာ ဒီသတင်းကို သိရှိပြီး ထုတ်ပြန်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း တာဝန်မဲ့သူ မြန်မာပြည်ရဲ့ အာဏာပိုင်တွေကြောင့် ဒီသတင်းကို အရေးပေါ် ထုတ်ပြန်ခွင့် မရခဲ့ဘူးလို့ သိရပါ တယ်။ အဲဒီတော့ မဖြစ်အပ်ဘဲ လူသိန်းနဲ့ချီ သေကြေပျက်စီးရပါတယ်။

အခုတခါ လူ ထောင်နဲ့ချီဒုက္ခရောက်ရတဲ့ ဖြစ်ရပ်ကျတော့ တမျိုးဖြစ်ပါလိမ့်မယ်။ အငြိမ်းစား မိုးဇလ ညွှန်ချုပ် ဦးထွန်းလွင်ရဲ့ ဝက်ဘ်ဆိုက်မှာ ရေးထားတာကတော့ စိုက်ဆင်းလေပြင်းတွေကို တိုင်းထွာဖို့အတွက် ကိရိယာကို မဝယ်နိုင်သေးလို့လို့ ဆိုပါတယ်။ နိုင်ငံနဲ့ ချီတဲ့ ဝန်ကြီးဌာနကြီးဖြစ်ပြီး ဒီလောက် အရေးကြီးတဲ့ ပစ္စည်းတခုကို မဝယ်နိုင်တာဟာ ဘယ်လောက်များ ဈေးကြီးလို့ပါလိမ့်လို့ စဉ်းစားမိပါတယ်။ ၁၉၉၇ ခုနှစ်ကတည်းက ဝယ်ဖို့ ကြိုးစားနေတာလို့ သူက ဆိုပါတယ်။ မိုးဇလ ဌာနဟာ လူတွေ နောက်ပြောင်ပြောဆိုနေသလို မိုးရွာ မရွာ သိဖို့ ဖား ၃ ကောင်မွေးထားတယ် ဆိုတာမျိုး တကယ်ပဲ ဖြစ်နေပြီလား ဆိုတာ တော်တော်မေးချင်စရာပါ။

တကယ်တန်း အပေါ်ယံတွေးကြည့်ရင်တော့ မိုးဇလဌာနက ဘာမှ အဂတိလိုက်စားစရာ မရှိတဲ့ဌာန၊ ဘာ လာဘ်ပေးလာဘ်ယူ ကိစ္စတွေမှ ရှိစရာမလိုတဲ့ ဌာနလို့ ပြောရမှာပါ။ ဒါပေမယ့် ကြားဖူးတဲ့ သတင်းတွေ အရတော့ ဒီလိုမဟုတ်ပါဘူး။

နာဂစ်မဖြစ်ခင် အစောပိုင်းကာလက မိုးဇလက ပင်လယ်ပြင်မှာ မိုးသက်မုန်တိုင်း ကျမယ် ဆိုတာမျိုး သတင်းမှား ထုတ်ပြန်လေ့ရှိတယ်လို့ သိရပါတယ်။ အဲဒီလို ထုတ်ပြန်လိုက်ရင် ရေတပ်သင်္ဘောတွေက ပင်လယ်ထဲ မထွက် တော့ပါဘူး။ အဲဒီအချိန်မှာ မှောင်ခိုလှေတွေ လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီပေါ့။ မိုးဇလက မှောင်ခို လှေတွေနဲ့ အပေးအယူလုပ်တယ် ဆိုတဲ့သဘောပါ။ ဒါ ကောလာဟလ ထွက်ခဲ့တဲ့ သတင်းတွေပါ။ ဒါပေမယ့် စဉ်းစားစရာက မြန်မာပြည်ရဲ့ ကောလာဟလ ဆိုတာ တကယ်ဖြစ်နေလို့ ထွက်တဲ့ သတင်းမှန်မျိုးပါ။ ၁၀ ခုမှာ ၉ ခုလောက်က မှန်တတ်ပါတယ်။

မိုးဇလရဲ့ တာဝန်မဲ့မှု၊ မှားယွင်း ထုတ်ပြန်မှုတွေကြောင့် အဓိက ခံစားရတာက အောက်ခြေလူတန်းစားတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လာနီညာ ဖြစ်စဉ်နဲ့ စိုက်ဆင်းမုန်တိုင်း ကိစ္စဆိုရင် တောင်သူဦးကြီးတွေနဲ့ တံငါသည်တွေ အဓိက ခံစားရပါတယ်။ အသက်ဆုံးရှုံးရသူတွေ ရှိသလို စီးပွားရေး နလံပြန်မထူနိုင် သူတွေအများကြီး ရှိခဲ့ပါတယ်။

မိုးဇလမှာ ပစ္စည်းကိရိယာ မစုံလင်လို့ဘဲ ဖြစ်ဖြစ်၊ အထက်က ပိတ်ပင်လို့ မကြေညာရတာဘဲ ဖြစ်ဖြစ် ... နောက်ဆက်တွဲ ဖြစ်စဉ်တွေက ကြောက်စရာ ကောင်းတယ်ဆိုတာ မငြင်းနိုင်ပါဘူး။

အခု လက်ရှိ ကမ္ဘာ့ရာသီဥတု အပြောင်းအလဲတွေရဲ့ နောက်မှာ စံချိန်တင် သဘာဝဘေးအန္တရာယ်တွေ၊ ဖြစ်စဉ် တွေက တောက်လျှောက် ဖြစ်ပေါ်နေပါတယ်။ မြန်မာပြည်မှာလည်း ကြောက်စရာ နာဂစ်လိုမျိုး နောက်ထပ် ဖြစ်မလာဘူးလို့ မပြောနိုင်ပါဘူး။ အရင်ကဆိုရင် မြန်မာပြည်သူ ပြည်သားတွေက မိုးလေဝသ သတင်းကို သိပ် စိတ်မဝင်စားပါဘူး။ တလတခါ ရုပ်မြင်သံကြားကနေ ဦးထွန်းလွင်မျက်နှာ ပေါ်လာပြီး ၁ နာရီလောက် ရှင်းပြတာကို ပျင်းကြပါတယ်။ နာဂစ် နောက်ပိုင်းမှာတော့ မိုးလေဝသ သတင်းတွေ၊ အခြေအနေတွေကို သေသေချာချာ စိတ်ဝင်စားနေကြပါပြီ။ သိလည်း သိချင်နေကြပါပြီ။ ဒီတော့ သတင်းမှန်တွေ၊ အချက်အလက်မှန်တွေကို မဖြစ်ဖြစ်တဲ့ နည်းနဲ့ ပြည်သူတွေဆီ ရောက်ဖို့ ပို့ပေးသင့်တယ် ထင်ပါတယ်။

သဘာဝဘေးအန္တရာယ် တခုခု ဖြစ်လာရင် အုပ်ချုပ်သူ အစိုးရကို အပြည့်အဝ အားကိုးလို့ မရဘူးဆိုတာ ပြည်သူ လူထု အားလုံးသိပါတယ်။ ပြီးခဲ့တဲ့ ၁၁ ရက်နေ့ သတင်းစာမှာဆိုရင် ကျင်းပနေတဲ့ လွှတ်တော်ထဲမှာ သဘာဝ ဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ဌာနဆိုပြီးရှိတဲ့အကြောင်း၊ အဲဒီမှာ နိုင်ငံတော်အဆင့် ဥက္ကဋ္ဌ အဖြစ် ဝန်ကြီးချုပ် ဦးသိန်းစိန်ကို ခန့်ထားတဲ့ အကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်မကလို့ တပ်ချုပ်ကြီးပဲ ဥက္ကဋ္ဌလုပ်လုပ် သဘာဝဘေးအန္တရာယ်ကြောင့် ခံစားရတဲ့ ပြည်သူတွေ နားလံထူဖို့ ဘာတခုမှ မလုပ်ပေးနိုင်ဘူး ဆိုတာ ခံစားရတဲ့ ပြည်သူတွေက နားလည်ကြပါတယ်။ ရခိုင်ဂီရိ ဒေသမှာဆို အခုထိ သောက်သုံးရေတောင် သေသေချာချာ မရသေးတဲ့သူတွေရှိပါတယ်။ ထမင်းစားဖို့တောင် အနိုင်နိုင် အိမ် ပြန်မဆောက်နိုင်တဲ့သူတွေ၊ လယ်ပြန်မလုပ်နိုင်လို့ ဝိသမ စီးပွားရေးသမားတွေလက်ထဲ ကိုယ်ပိုင်တဲ့လယ်ကို ဈေးပေါပေါနဲ့ ထိုးထည့်လိုက်ရတဲ့သူတွေ အများကြီးဆိုတာ သတင်းတွေကြည့်ရင်သိမှာပါ။

သေချာတာကတော့ ဖြစ်ပြီးသွားရင် ဘယ်သူ့ကိုမှ သေသေချာချာ အားကိုးဖို့ မဖြစ်နိုင်ပါဘူး။ နိုင်ငံတော် အဆင့်က လုပ်ရမယ့် ကိစ္စတွေကို သာမန် လူမှု အဖွဲ့အစည်းတွေက ကူညီပေမယ့်လည်း အများကြီး မထိရောက် နိုင်ပါဘူး။ ဒီကြားထဲ ကူလည်း မကူညီဘူး ကူညီတဲ့သူတွေကို နှောင့်ယှက်မယ်ဆိုတာမျိုး ဖျက်မြင်းတွေကလည်း ရှိနေပါသေးတယ်။

ဒီတော့ ဖြစ်ပြီးသွားမှ ဆိုတာထက် မဖြစ်ခင် သတိနဲ့ ဆောင်ရန် ရှောင်ရန်တွေကို ပြည်သူလူထု သိဖို့ လုပ်ပေး သင့်ပါတယ်။ ဦးထွန်းလွင်က သူ့ဝက်ဘ်ဆိုက်မှာ ရေးနေပေမယ့် အင်တာနက် ဆိုတာ ဘာမှန်းတောင် မသိတဲ့ ရေဒီယိုတခုပဲ အားကိုးနေရတဲ့ သူတွေသိဖို့၊ အောက်ခြေက အမြဲတန်း ခံစားနေရတဲ့ လူတွေ နားလည်ဖို့အထိ သတင်းမှန်တွေ၊ အခြေအနေ မှန်တွေကို ထုတ်လွှင့်ပေးသင့်တယ်လို့ ထင်ပါတယ်။ ဒါကလည်း နိုင်ငံတော် အဆင့်ကပဲ လုပ်ရမယ့်ကိစ္စပါ။

နိုင်ငံရေးသတင်း မဟုတ်တဲ့ သဘာဝဘေးဒဏ်နဲ့ စပ်ဆက်နေတဲ့ မိုးလေဝသ သတင်းတွေကို ဘာကြောင့်များ စိစစ်ဖြတ်တောက် နေတာလဲ ဆိုတာနဲ့ ... မိုးဇလ ဌာနတခုမှာ ရှိသင့်ရှိထိုက်တဲ့ ကိရိယာတွေ ဘာကြောင့် မရှိနိုင်သေးတာလဲ၊ မဝယ်နိုင်သေးတာလဲ ဆိုတာကိုတော့ မြန်မာ့ မိုးဇလကို မေးခွန်းထုတ်ချင်ပါတယ်။ ။

အေးချမ်းမြေ့

10 comments :

  1. Anonymous said... :

    ကောင်းလိုက်တဲ့ ရေးသားချက်ကွာ.......ဒက်ထိပဲ............

  1. Anonymous said... :

    very realistic post..It is exactly the same as happen in our land.

  1. ပြည်သူတွေအသက်က ဘာအရေးကြီးလို့လဲကွယ်။
    ဘဘကြီး မြေးလေး ညက ကလပ်က ပြန်လာတာ
    အမလေး လက်မှာနဲတဲ့ ခြင်ကိုက် ဖုကြီးမဟုတ်ဘူး။
    ဖွားဖွားကြီးလဲစိတ်ပူလွန်လွန်းလို့ ''ကိုရေ''ွှ ကိုလဲ ဆူရ၊
    စင်ကာပူ က အထူးကု သမားတော်တွေကိုလ
ဲ မောင်ဇေကိုနာမည်ခံခိုင်းထားတဲ့ကိုယ်ပိုင်လေယာဉ်ပျံတွေနဲ့ချက်ချင်းပင့် နေရတာနဲ့
    မင်းတို့ပြည်သူတွေကိုလှဲ့မကြည့်အားသေးပါဘူးကွယ်။

  1. ကိုရွှေ ကို ဆူရတာက မြေးတော်လေးသွားမဲ့လမ်းမှာ ခြင်မောင်းအထူးတပ်ဖွဲ့ မထားမိလို့လေ။
    ဖွားဖွားကြီး မနက်ဖြန်မှ ကိုရွှေလေး(ရွှေမန်း)နဲ့ကိုရှစ်လုံးတို့ကို မြေးတော်အတွက် သဘာဝအင်းဆက်ဘေးကာကွယ်ရေး
    အထူးတပ်ဖွဲ့လေးတစ်ဖွဲ့လောက် ဗိုလ်ချုပ် တစ်ယောက်လောက်ကိုဦးစီးပြီး
    ဖွဲ့ခိုင်းရတော့မှာပေါ့။

  1. Anonymous said... :

    ဟား ဟား ဘယ်ဌာနကများဖြေနိုင်နေလို့တုန်း၊ မိုးဇလလောက်တော့သနားတယ်။ သူတို့ကပေးမယ့်သူ၇ှိ၇င်ဆက်သွယ်ပေးပါတဲ့၊ခုတော့ဘယ်အကောင်ကြီးမှမလာတာကိုကြည့်ပြီးသဘောပေါက်ပါတဲ့။

  1. Anonymous said... :

    အင်တာနက်ကိုလက်လှမ်းမှီသူများအနေနဲ့အစိုးရထုတ်ပြန်တာကိုအားကိုး
    မနေကြပါနဲ့။http//weather.msn.com မှာ သက်ဆိုင်ရာမြို.တွေအလိုက်မိုးလေ၀သအခြေအနေတွေကို ၃ နာရိခြားတခါ
    တပါတ်စာကြိုတင်ကြေငြာပေးထားပါတယ်။မြန်မာနိုင်ငံအတွက်လဲပါပါတယ်။ အဲဒီအထဲကအသာလေးကူးချလိုက်ရုံပါပဲ။ မိုး/ဇလဌာနထက်အားကိုးရပါတယ်။ပြီးတော့မှအချင်းချင်းဝေငှကြတာပေါ့။

  1. Anonymous said... :

ေ၇ဒါကိုပေးမတပ်တဲ့အကြောင်း၇င်းကိုတကယ်မသိကြတာလား၊
    ဝေးချင်ယောင်ဆောင်နေကြတာလားဟင်။

  1. ZAW MIN said... :

    THATAUNGSAR THAN SHWE WAS NOT INTERESTING IT.HE IS INTERESTING DOLLER ONLY.

  1. kyawgyi said... :

    The old man don't care about weather.He only care about $$$$$$..

    Here's the old story " If the weather NO GOOD, CHANGE IT" One of the old generals said on his inspection to the Burmese Navy..

  1. Anonymous said... :

    Than Shwe rule the country for his family, not for people of Myanmar.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved