ဒီမိုး ဒီလေနဲ့ ဒီလူကြီး

Thursday, March 24, 2011


မတ်လ ၁၅ ရက် ၁၆ ရက်ကတိုက်ခတ်ခဲ့တဲ့ စိုက်ဆင်းလေပြင်းတွေကြောင့် ပင်လယ်ထဲ မျောပါခဲ့ရတဲ့ ရေလုပ်သား ၇၀၀၀ ကျော်မှာ အခုထိ ကယ်နိုင်တာ ၃၇၀၀ ပဲ ရှိသေးတယ်လို့ သိရပါတယ်။ ဒီမှာ ဖတ်နိုင်ပါတယ်။ ကျန်တဲ့ ရေလုပ်သားတွေရဲ့ အခြေအနေတွေကတော့ မတွေးဝံ့စရာပဲပေါ့။ စိုက်ဆင်း လေပြင်းဆိုတာ တော်တော်ပဲ ကြောက်စရာကောင်းတာပဲလို့ သတိထားလိုက်မိပါတယ်။ ဝင်ချင်တဲ့အချိန်မှာ ဝင်ချင်သလိုဝင်ပြီး ပြင်းသလိုပြင်းမယ့် ပြင်းအားနဲ့ တိုက်တတ်တာကြောင့်ပါ။ ကိုတာတေကတော့ စိုက်ဆင်းထက် ကြောက်စရာ ကောင်းတဲ့သူကို သတိထားလိုက်မိပါတယ်။ ဘယ်သူလဲ သိချင်ရင် မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်နဲ့ ဧရာဝတီရဲ့ အင်တာဗျူးမှာ ကြည့်ပါ။

ဧရာဝတီ သတင်ထောက် မင်းနိုင်သူကမေးပြီး ဦးထွန်းလွင်က သေသေချာချာ ဖြေထားပါတယ်။ စိုက်ဆင်း လေပြင်းတွေကို အသေးစိတ် တိုင်းတာနိုင်တဲ့ ရေဒါအကြောင်းပေါ့။ အဲဒီအင်တာဗျူးကို ကိုတာတေဖတ်ပြီး အရမ်းကို ဝမ်းနည်းသွားတယ်။ ... သြော် ... မြန်မာပြည်အစိုးရ တော်တော်ဆင်းရဲရှာတာပဲလို့ ...။ မိုးဇလမှာ အရမ်း အသုံးတည့်မယ့် ရေဒါလေး တခုတောင် မဝယ်နိုင်ပါလားလို့ သနားသွားမိတယ်။ ဟုတ်တယ်လေ လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် များစွာကို ကယ်မယ့် ရေဒါစခန်းတခုဆောက်ဖို့ အများဆုံး ဒေါ်လာ ၇ သန်းလောက် ကုန်မှာကိုး ...။ အဲဒါကို မတပ်နိုင်ဘူးဆိုတော့ ဆင်းရဲတယ် ဆိုရမှာပေါ့။

ဒါပေမယ့် ဟုတ်သေးပါဘူး သတင်တွေအရဆို မနေ့တနေ့ကမှ လုပ်ခဲ့တဲ့ ကျောက်မျက်ရတနာပွဲ တပွဲထဲကနေ ဒေါ်လာ ၂ ဘီလီယံတောင် ရခဲ့တယ်တဲ့။ ဘယ်မှာဆင်းရဲလို့လဲ။ မြန်မာ့အမှောင်သတင်းစာကြီးထဲမှာ ဝန်ကြီးချုပ် ကိုယ်တိုင် အများဆုံးဝယ်ခဲ့တဲ့ ထောင်ကဲကုမ္ပဏီကြီးကို သွားကြီးဖြီးပြီး လက်ဆောင်ချီးမြှင့် နေသေးတာပဲ။ ဆင်းရဲလို့မဟုတ်ဘူးဆိုရင် ဘာကြောင့်လဲလို့ စဉ်းစားရင်း ဦးထွန်းလွင် အင်တာဗျူးကို သေသေချာချာ ဖတ်ကြည့်တော့မှ ... ရှင်းသွားတော့တယ် ... သြော် ... လတ်စသတ်တော့ အလှူရှင်ရှာနေတာကိုး ... လှူမယ့်သူ မရှိလို့ ရေဒါစခန်း မဆောက်တာတဲ့ဗျို့။

အစိုးရကိုယ်စား ကိုတာတေကပဲ “တနားကြပါ ခညာ။ ရေဒါစခန်းအတွက် ဒေါ်လာ ၁၀ သန်းလောက် လှူကြပါ (ပိုတဲ့ ၃ သန်းက လူကြီးမြင်းတွေရန်ဘုံးငွေပေါ့)။ ကျောက်မျက်ပွဲက ရတဲ့ ပိုက်ဆံက တိုက်လေယာဉ်တွေ ဝယ်ဖို့ မလောက်သေးလို့ပါ။ ဓာတ်ငွေ့ရောင်းစားတာလည်း တပ်မတော် အင်အားတိုးချဲ့တဲ့ နေရာမှာ သုံးလိုက်လို့ ကုန်သွားပါပြီ။ တနားကြပါ” လို့ နှာခေါင်းသံလေးနဲ့ နိုင်ငံတကာမှာ လိုက်တောင်းပေးရင် ကောင်းမလားလို့ စဉ်းစားမိပါရဲ့။

ကိုတာတေ ကြားထားတာတော့ မှန်နေပြီထင်တယ် ဗိုလ်ချုပ်မှူးကြီးက မြန်မာ့ မိုး/ဇလအတွက် ငွေ (ဒေါ်လာ) လုံးဝ ... လုံးဝ သုံးဖို့ အစီအစဉ် မရှိပါဘူးတဲ့။

ဒီတိုင်းဆို မြန်မာနိုင်ငံရဲ့ မိုးလေဝသနဲ့ ဗိုလ်ချုပ်မှူးကြီးနဲ့ အတူတူပဲ ဖြစ်နေပြီလို့ ဆိုရမယ်ထင်တယ်။ မိုးလေဝသ ကမှ ရေဒါလေး (အလှူရှင်ရှိလာတဲ့တနေ့) ခန့်မှန်းလို့ရရင် ရလာဦးမယ်။ ဗိုလ်ချုပ်မှူးကြီးကတော့ .... အင်း ... စိုက်ဆင်းလေပြင်း အကြီးစားကြီး လိုပါပဲလားနော်။

3 comments :

  1. Anonymous said... :

    ကိုတာတေခင်ဗျား..
    သိပ်လဲ အပြောမစောပါနဲ့.. ပိတ်ဆို့မှုကြောင့် အစိုးရက ၀ယ်လို့မရတာမျိုး ဖြစ်နေလို့ နင်အအကြီး ဖြစ်နေပါဦးမယ်.. ဘာလို့လဲဆိုတော့ ပိတ်ဆို့တာကောင်းမှကောင်းလို့ အရသာတွေ့နေတယ် မဟုတ်လား.. :(

  1. Anonymous said... :

    na ah fa thar ... sout shat ma shi buu lar ... wal chin yin a lwal lay .... ma pate tae nay yar mhar wal par lar ....

  1. Anonymous said... :

    ဟ..ဟ.. သေနတ်နဲ့တောင် ပစ်သတ်နေ၇သေးတာ ။ အခုလိုသူဖာသာသူသေကုန်တော့ ကျည်ဆံဖိုးတောင်အကုန်အကျသက်သာသေး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved