(ကျွန်ုပ်ကိုယ်ဖျောက်ဝိဇ္ဇာသည် ဆောင်းပါးရေးသူဖြစ်ပါသည်။ ယခုလည်းဆောင်းပါးတပုဒ် ရေးထုတ်လိုက်ပါသည်။ ဆောင်းပါးလား၊ ဘာလား၊ ညာလားကတော့ စာဖတ်သူအလိုကျ မှတ်ယူပါလေ။ ယခုစာတွင်ဖော်ပြထားသော အမည် “ကိုသူငယ်” မှာ အမည်ရင်းမဟုတ်ပါ။)
(၁)
၁၉၇၀ ခုနှစ် မတိုင်မီကဖြစ်ရပ်။
အာဇာနည်နေ့ တနေ့။
ရန်ကုန်မြို့စမ်းချောင်းရပ် ညောင်တုန်းလမ်း။
ကိုသူငယ်တို့တလမ်းတည်းနေ လူငယ်များက လမ်းထဲမှာ အာဇာနည်နေ့အခမ်းအနား ကျင်းပခဲ့ကြပါတယ်ခင်ဗျာ။
(၂)
ဦးစွာပထမ ရဟန်းသံဃာများကို အာရုဏ်ဆွမ်းကပ်တယ်။ သံဃာတော်များထံမှ တရားနာယူတယ်။ ပြုခဲ့တဲ့ကောင်းမှုကုသိုလ်အစုစုကို ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ကြီးများကို အမျှအတန်းဝေတယ်။ လွတ်လပ်ရေးတိုက်ပွဲဝင် ကျဆုံးသွားသူများကိုလည်း အမျှအတန်းဝေတယ်။
သံဃာတော်များ ပြန်ကြွသွားတော့ စားဖွယ်သောက်ဖွယ် အမယ်မယ်ကို ပြင်ကြတယ်ခင်ဗျ။ ကျုပ်တို့လူမျိုးရဲ့ ထုံးတမ်းစဉ်လာဓလေ့လို့ ပြောရလိမ့်မယ်ထင်ပါ့။ ဟိုလူကိုဖိတ်။ ဒီလူကိုခေါ်။ ကြွပါခင်ဗျ။ ထိုင်ပါခင်ဗျ။ အဲဒီလိုနဲ့ ဧည့်ခံကျွေးမွေးဖို့ရာ ရှုပ်ယှက်ခတ်နေကြတယ်။
(၃)
အဲဒီလို ရှုတ်ယှက်ခတ်နေချိန်မှာ လမ်းထဲက ဦးလှမင်းအိမ်ကို ကိုသူငယ် ခပ်သုတ်သုတ်ထွက်လာခဲ့တယ်။ ဟိုးအရင်က ဗေဘီဗိုက်တာ ကလေးဆေးကို တီဗီမှာ ပလူပျံအောင် ကြော်ငြာခဲ့တာ ဦးလှမင်းပါ။ ဦးလှမင်းဟာ လမ်းသူလမ်းသားတွေနဲ့ အခေါ်အပြောမရှိ၊ ခပ်စိမ်းစိမ်းဖြစ်ပြီး ဘက်ပဲ့နေတဲ့လူပါခင်ဗျာ။ ဒီလိုလူကို ကိုသူငယ်က လမ်းသူလမ်းသားတွေနဲ့ ရောနှောနွေးထွေးလာအောင် ဆက်ဆံရေး ဂဟေဆက်ပေးချင်တယ်။ ဒါကြောင့် ဦးလှမင်းကိုအပါခေါ်ဖို့ ထွက်လာခဲ့တာ။ ဦးလှမင်းကို အသင့်မတွေ့တော့ တွေ့တဲ့လူကိုပဲပြောရတော့တယ်ဗျာ။
“ဦးလှမင်းကို လာဖိတ်တာ။ အာဇာနည်နေ့ အလှူလုပ်တယ်ဗျာ။ ဧည့်သည်တွေကို ကျွေးဖို့ပြင်နေပြီ။ ဦးလှမင်းရော”
ကိုသူငယ်က သွက်လက်ပါပေ့။ တဖက်လူက ဘာမျှမတုန့်ပြန်။ မထုံတက်တေး၊ အေးတိအေးစက်နိုင်လွန်းလှတယ်။ ဒါကြောင့် ကိုသူငယ်က နောက်ထပ်တကျော့, ကျော့လိုက်ရပြန်ပါတယ်ခင်ဗျာ။
“ဦးလှမင်းရော အာဇာနည်နေ့အလှူကို တပါတည်းခေါ်သွားမလို့”
တဖက်လူက ငေါင်တောင်တောင် ကြောင်အမ်းအမ်း..။ ကိုသူငယ် အီလည်လည်ဖြစ်လာရတယ်။ တော်ပါသေးရဲ့။
ဦးလှမင်း အိမ်ထဲကထွက်လာလို့။ ဦးလှမင်းက ငြင်ငြင်သာသာ စကားဆိုလာပါတယ်။
“ကိုသူငယ် ထိုင်လေ။ လာလာ ဒီမှာထိုင်”။ ဦးလှမင်းက ပြောပြောဆိုဆို ဆက်တီဧည့်ထိုင်ခုံမှာ ထိုင်လိုက်တယ်။ ဒီတော့မှပဲ ကိုသူငယ်လည်း ဦးလှမင်းနဲ့ မျက်နှာချင်းဆိုင် ၀င်ထိုင်လိုက်တယ်။ ဦးလှမင်းရဲ့မျက်နှာက မကြည်မလင်ခင်ဗျ။ မလန်းမဆန်း ညှိုးညှိုးနွမ်းနွမ်းခင်ဗျ။ ဦးလှမင်းက အသံသဲ့သဲ့လေးနဲ့ စကား “စ” တယ်။
“အာဇာနည်နေ့ အလှူလုပ်လို့ လာဖိတ်တာ၊ ဟုတ်လား..ကိုသူငယ် … အင်း …”
ဦးလှမင်းက စကားကို ဆိုင်းငံ့လုပ်ထားတယ်။ စကားမဆက်သေးဘဲ အိမ်ရှေ့လမ်းမဘက်ကို ငေးကြည့်နေလေရဲ့။
တခုခုတော့ တခုခုပဲလို့ ကိုသူငယ် သတိပြုမိတယ်။
“ကိုသူငယ်..။ ကျနော်ဦးလှမင်းကို မသိဘူးလား”
ဒီမေးခွန်းက ကိုသူငယ်ကို ပဟေဠိဖြစ်စေတယ်။ ဒါကြောင့် ကိုသူငယ်ရဲ့နှုတ်မှ တအံ့တသြော စကားတစ်ခွန်း`လွှတ်´ ခနဲထွက်သွားပါလေရော။
“ဗျာ”
ခဏလေးအတွင်းမှာပဲ ကိုသူငယ်`ဖြတ်´ခနဲ သတိပြန်ဝင်လာတယ်။ သည်တော့မှပဲ ဖြစရာကို ဖြေမိတော့တယ်ဗျာ။
“သိတယ်လေ။ ဦးလှမင်းကို ကျနော်ကဘာဖြစ်လို့ မသိရမှာလဲ။”
အဲဒီလို ကိုသူငယ်က ဖြေသာဖြေလိုက်ရတယ်။ စိတ်ထဲကပဟေဠိကတော့ ပဟေဠိဟာ, ပဟေဠိပါပဲဗျာ။
“သြော်..ကိုသူငယ်က ကျနော့်ကိုဦးလှမင်းရယ်လို့ပဲ သိနေတာကိုး။ ဒီလိုပွဲမျိုးကို ကျနော်မသွားရဲပါဘူးဗျာ။”
ဦးလှမင်းရဲ့စကားသံက ပြောရင်းနဲ့ တိမ်တိမ်သွားတယ်။ မျက်နှာကလည်း အောက်ဘက်ကို ငိုက်ကျသွားတယ်ခင်ဗျ။ ထိုင်ခုံရဲ့ ယာဘက်လက်တန်းပေါ်မှာ ယာတံထောင်ဆစ်ကိုထောက်လို့..။ ငိုက်ကျနေတဲ့နဖူးကို ယာဘက်လက်ဖမိုးနဲု့ ပင့်မ ထားလေရဲ့။ ဦးလှမင်းဘာဖြစ်နေတာလဲ။ ကိုသူငယ် တွေးရခက်လှတယ်။ အင်း.. ကိုသူငယ့် ပဟေဠိကတော့ တခါပဟေဠိပြီးတာနဲ့ နောက်ထပ်ပဟေဠိတွေက ပွားပွားလာတယ်။ အဲဒီအချိန်မှာပဲ ဦးလှမင်းရဲ့ခေါ်သံယဲ့ယဲ့ကို ကြားရပြန်တယ်။
“ကိုသူငယ်”
အဲဒီခေါ်သံနောက်မှာ ဦးလှမင်းရဲ့တိုးတိုးညှင်းညှင်း ငိုရှိုက်သံက တွဲလျက်သားပါလာတယ်ဗျာ။ ဦးလှမင်းက ချုပ်တီးမရတော့လို့ လက်လျှော့လိုက်တယ်ထင်ပါ့။ ငိုရှိုက်သံရဲ့နောက်မှာ ဟီးခနဲငိုချသံကြီးက ပွင့်အံထွက်ကျလာပြန်တယ်။
အဲဒီငိုချသံကြီးနဲ့ပဲ ဦးလှမင်းက စကားကို ထစ်ထစ်ငေါ့ငေါ့ ဆက်ပြောတယ်ဗျ။
“ကိုသူငယ်လာဖိတ်တာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်ဗျာ..”
ဦးလှမင်းက စကားကို ဆက်မပြောနိုင်..။ ခေါင်းကတော့ ငိုက်စိုက်မြဲငိုက်စိုက်လျက်..။ ရှိုက်လို့ရှိုက်လို့နေပါတယ်။
အတော်အားယူပြီးမှ စကားကို ဆက်နိုင်တယ်။
“ကျနော့်လိပ်ပြာက ကျနော့်ကို ခြောက်တယ်၊ လှန့်တယ်၊ သရော်တယ်။ လူတောထဲတိုးရဲတဲ့အားအင် ကျနော့်မှာမရှိတော့ပါဘူးဗျာ။”
ဦးလှမင်း ဘာတွေကိုပြောနေတာလဲ။ ပြောရင်းငို၊ ငိုရင်းပြော..။ ကိုသူငယ်တယောက် အူလည်လည် ဖြစ်လာတယ်။ ထသွားရလည်းအခက်။ ဆက်ထိုင်နေရလည်းအခက်။ ကိုသူငယ် အခက်ကြုံနေတုန်းမှာပဲ ဦးလှမင်းထံမှစကားက ထွက်လာပြန်တယ်။
“ကျနော်ဦးလှမင်းဟာ ဘယ်သူဘယ်ဝါဖြစ်ပါတယ်လို့ ကိုသူငယ် သိလိုက်ရပြီဆိုပါစို့်။ ကိုသူငယ်ကျနော့်ကို သတ်ပစ်ချင်လိမ့်မယ်။ သတ်ပါဗျာ။ သတ်သာသတ်လိုက်ပါတော့ဗျာ”
ဦးလှမင်းရဲ့ငိုရှိုက်သံက လှိုက်ခနဲ, လှိုက်ခနဲ ထွက်လာတယ်။ ကိုသူငယ့်ရင်ထဲ သိမ့်ခနဲခံစားလိုက်မိရဲ့။ တဆက်တည်း ပါပဲ၊ ဦးလှမင်းဟာ ဘယ်သူလဲ။ သူ့ကို ဘာကြောင့်သတ်ပစ်ချင်ရမှာလဲ။ သူကဘာကြောင့် ငိုကြီးချက်မ ယူကြုံးမရခံစားနေရသလဲ။ `လဲ´ပေါင်းများစွာနဲ့ ကိုသူငယ် ခြာခြာလည်ပြီ။ အဲဒီလို ခြာခြာလည်နေတုန်းမှာပဲ၊ လုံးဝမျှော်လင့်မထားတဲ့ မချိတင်ကဲစကားလုံးက ဦးလှမင်းရဲ့နှုတ်မှ အားမာန်ပါပါ လွင့်ထွက်လာတယ်။
“ဦးလှမင်းဆိုတဲ့ကျနော်ဟာ ဖော်ကောင်ဘညွန့်ဗျ..။ ဖော်ကောင်ဘညွန့်..။ ဗိုလ်ချုပ်တို့ကို လုပ်ကြံခဲ့တဲ့ ဂဠုန်စောရဲ့တပည့် ဖော်ကောင်ဘညွန့်”
“ဟိုက်”
ကိုသူငယ် အံ့အားသင့်သွားတယ်။ `ဖော်ကောင်ဘညွန့်´ ဆိုပါကလား။ နှလုံးသားထဲမှာ နှစ်ပေါင်းများစွာ အမြစ်တွယ်လာခဲ့တဲ့ နာကျည်းစိတ်ကြောင့် ရင်ထဲမှာမခံမရပ်နိုင် ခံစားလိုက်ရတယ်။ အသည်းကို အပ်နဲ့အဆွခံရလို့ နာတယ်ဆိုတာမျိုးဟာ ဒီလိုနာတာမျိုးဖြစ်လေမလား။ အဲဒီလို ကိုသူငယ်တွေးမိတယ်။ နုတ်နုတ်စဉ်းပြီး သတ်ချင်ခဲ့တဲ့သူတယောက်ကို ပက်ပင်းတိုးမိပြီ။ အဲဒီလူကလည်း သတ်သာသတ်လိုက်ပါလို့ ပြောနေပြန်ပြီ။ ကိုသူငယ်ဘာလုပ်ရမလဲ။ သက်ပြင်းတချက်`မှုတ်´ထုတ်လိုက်တယ်။
“ဟူး …”
ဦးလှမင်းက တဟီးဟီးနဲ့ ငိုနေပြန်တယ်။ တချက်တချက်မှာ ရှိုက်သံက ၀မ်းခေါင်းထဲက အလိပ်လိုက် ထွက်လာတယ်။ ခေါင်းကို ပြန်မဖော်နိုင်။ ငိုရင်းနဲ့ပြောပြန်တယ်။
“ကိုသူငယ်..။ ကျနော့်ကို ရွံသွားပြီလား။ မုန်တီးနာကျည်းသွားပြီလား။ ကျနော်က ဖော်ကောင်ဘညွန့်လေ။ လူတောထဲ ဘယ်လိုဝင်ရဲတော့မလဲဗျာ”
ခုမှပဲဦးလှမင်းရဲ့ ဘက်ပဲ့တဲ့အကြောင်းရင်းကို ကိုသူငယ် သဘောပေါက်တော့တယ်။
“သြော်..ဒါကြောင့်.ကိုး”
“အာဇာနည်နေ့မှာ ကိုသူငယ်တို့က ကောင်းမှုကုသိုလ်တွေ ပြုကြတယ်၊ ဗိုလ်ချုပ်တို့ကို အမျှဝေကြတယ်၊ ကျေးဇူးတွေ ဆပ်ကြတယ်။ ကျနော်ကတော့ ဒီအချိန်ရောက်လာတိုင်း လူမသိအောင် အိမ်ထဲမှာ ကြိတ်ကြိတ်ငိုနေခဲ့ရပါတယ်ဗျာ”
ဦးလှမင်းက ဖြိုင်ဖြိုင်စီးကျနေတဲ့ မျက်ရည်များကိုသုတ်..။ နှာရည်များကိုညှစ်ထုတ်..။ ကိုသူငယ်ကတော့ ဘာဆက်ပြောရမယ်မသိ။ ငိုင်သွားပြီ။
“ကိုသူငယ်.. ကျနော်ဖော်ကောင်ဘညွန့်ဟာ ဦးစောက နန်းရင်းဝန်လုပ်ခဲ့ဘူးတော့၊ အထင်ကြီးခဲ့တယ်။ သူလိုပုဂ္ဂိုလ်ကြီးမျိုးနဲ့ တွဲရတာဂုဏ်ရှိတယ်လို့ ထင်မိခဲ့တယ်။ ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မိခဲ့တယ်ပေါ့ဗျာ။ ဦးစောနဲ့တွဲရင် ကိုယ်ကလည်း ဆယ်တန်းအောင်ပြီးဆိုတော့ နောင်တ်နေ့မှာ ၀န်ကြီး, ၀န်ကလေးဖြစ်လာမယ်။ အာဏာရှိမယ်။ ဂုဏ်ရှိမယ်။ ဥစ္စာလည်းကြွယ်ဝလာမယ်။ အဲဒီလိုသူပြောခဲ့သမျှကို ဟုတ်နိုးနိုးထင်ပြီး လောဘတက်မိခဲ့တယ်ဗျာ။”
ဦးလှမင်း.. အဲ.. ဖော်ကောင်ဘညွန့်..။ သူက ငုံ့ထားတဲ့ခေါင်းကို ပြန်မော့လိုက်တယ်။ မျက်ရည်တွေကို လက်ဖ၀ါးနဲ့ပဲ သုတ်ပစ်တယ်။ မျက်လုံးတွေကရဲလျက်..။ မျက်နှာကြီးကလည်းနီလို့..။ ဖွင့်ဟ၀န်ခံပြီးပြီမို့ စိတ်ထဲပေါ့သွားလေသလား။ ကိုသူငယ်ကို မျက်နှာငယ်ငယ်နဲ့ မော့ကြည့်ပြီး စကားဆိုလာပြန်တယ်။
“ဦးစောဟာ အကြံပက်စက်တယ်၊ ရက်စက်တယ်၊ ကြမ်းကြုတ်တယ်။ ဒါကိုနောက်ပိုင်းမှာ တဖြည်းဖြည်း သတိတော့ ပြုမိပါရဲ့။ ဒါပေမယ့် အသိဉာဏ်ဓာတ်ခံက အားနည်းတော့ ဦးစောရဲ့ငါးမျှားချိတ်က ငါးစာကိုပဲ အာသာငမ်းငမ်း မက်မောနေခဲ့တာဗျ။ ငါးမျှားချိတ်ကို မမြင်နိုင်ခဲ့ဘူး။ ဦးစောကို ခွာရကောင်းမှန်းနည်းနည်းလေးမှ သတိမပြုမိခဲ့ဘူး။ ကျနော့်အဖို့ သူ့အရှိန်အ၀ါက ကြီးလွန်းပါတယ်ဗျာ။ ဒီတော့သူ့ရဲ့ ခိုင်းစေညွှန်ကြားမှုအောက်မှာ ကျနော် အလိုတူအလိုပါ ကျူးလွန်မိခဲ့တော့တာပေါ့ဗျာ”
ကိုသူငယ်လာတာက ဦးလှမင်းဆီ။ အခုတော့ ဦးလှမင်းက ဖော်ကောင်ဘညွန့်ဖြစ်။ ဖော်ကောင်ဘညွန့်နားမှာ ကိုသူငယ်မထိုင်ချင်တော့။ ထပြန်ချင်ပြီ။ တော်ပါသေးရဲ့..။ ပျောက်နေတဲ့ ကိုသူငယ်ကို လိုက်ရှာတဲ့သူငယ်ချင်း ရောက်လာလို့..။
ဒီတော့မှပဲ ကိုသူငယ်ထွက်ပေါက်ရပါတော့တယ်။ ဒါပေမယ့်ဖော်ကောင်ဘညွန့်နဲ့ ရှေ့ဆက် ဘယ်လိုစခန်းသွားမလဲ။ ဒါက ကိုသူငယ်အတွက် နောက်ထပ်ပေါ်လာတဲ့ ပဟေဠိသစ်ပါခင်ဗျား။
(၄)
ဂဠုန်စောကိုဖေါ်တာက ဖေယ်ကောင်ဘညွန့်..။ ဖေယ်ကောင်ဘညွန့်ကို ဖော်တာက ဖေယ်ကောင်လှမင်း..။
(၅)
ဂဠုန်စောက သူ့အတွက် နာမည်ကြီးဝတ်လုံတော်ရမင်း မစ္စတာ ဗတားနစ်ကို ကြေးကြီးကြီးပေးပြီး ငှားတယ်။ အားမရသေးလို့ ဘိလပ် (ခေါ်) အင်္ဂလန်က နာမည်ကြီးဝတ်လုံတော်ရမင်း မစ္စတာကားတစ်ဘင်းနက် (ကေစီ) ကိုလည်းငွေပုံအောပြီး ငှားလိုက်သေးတယ်။
သို့သော်လည်း အသက်ကိုရင်းပြီး အမှုတော်ထမ်းခဲ့ကြတဲ့ တပည်များအတွက် ငှားပေးတာကတော့ သာယာဝတီနဲ့ အုတ်ဖိုက တောရှေ့နေနှစ်ဦးပါတဲ့ခင်ဗျာ။
ဒီတော့မှပဲ တပည့်ကျော်တွေ ဇာတ်ရည်လည်ပြီး ဂဠုန်စောဟာ သူ့လိုအင်ဆန္ဒသက်သက်အတွက် မိမိတို့ကိုဓားစာခံ, လက်ပါးစေ, လက်ကိုင်ဒုတ်အဖြစ် အသုံးချခဲ့တာလို့ သဘောပေါက်ကုန်ကြသတဲ့။ ဂဠုန်စောကို သူ့တပည့်တွေက စိတ်လည်းနာ၊ အသဲလည်းနာ၊ နှလုံးလည်းနာ၊ ရှိရှိသမျှအားလုံးနာကုန်ကြသတဲ့။
(၆)
ထူးထူးခြားခြား သင်ခန်းစာကို ပေးခဲ့သူနှစ်ယောက်က မောင်စိုးနဲ့စိန်ကြီး..။
မောင်စိုးပြောခဲ့တာက “ဂုဏ်ရှိတဲ့ အထက်တန်းလူတယောက်နဲ့ တွဲဖြစ်ရတဲ့ကိစ္စမှာ ပူစရာမရှိပါဘူး။ သူ့ဘာသာ
ကြည့်လုပ်သွားလိမ့်မယ်” တဲ့..။ မောင်စိုးပြောတာ အမှန်ပါပဲ။ ဂုဏ်ရှိတဲ့အထက်တန်းလူ ဂဠုန်စောက သူဘာသာသူ ကြည့်လုပ်သွားတာပါပဲခင်ဗျား။
စိန်ကြီးကတော့ တမျိုးတဘာသာခင်ဗျ။ ဂဠုန်စောနောက် မလိုက်ချင်လို့ အကြိမ်ကြိမ်ရှောင်ခဲ့ပါရဲ့။ နောက်ဆုံးမိဘ
နှစ်ပါးရဲ့ဆန္ဒကို မငြင်းရက်လို့ ဂဠုန်စောနောက်ပါသွားရတာ။ ကြိုးစင်ပေါ်တက်ခါနီး သရဏဂုံတင်တဲ့အထဲ သူကမပါဘူးတဲ့..။ “ဒီဘ၀ဒီလောက်အဖြစ်ဆိုးတာ၊ ရှေ့ဘ၀တွေမှာ ဖြစ်ချင်ရာဖြစ်စမ်း။ လွှတ်ထားလိုက်မယ်” တဲ့..။
(၇)
ဆောင်းပါးတပုဒ်ပြီးသွားပြီ။ သက်ဆိုင်သူများအတွက် ၀တ္တရားကျေသွားပြီမို့ ကျနော်ကိုယ်ဖျောက်ဝိဇ္ဇာ စိတ်လက် ပေါ့ပါးသွားပါပြီခင်ဗျား။ အားလုံး … အားလုံးသော ပုဂ္ဂိုလ်များ၊ စစ်အာဏာရှင်သန်းရွှေ အသုံးချခံရတာကို
ရှောင်ရှားနိုင်ပြီး အပါယ်ကျခြင်းမှ လွတ်ကင်းနိုင်ကြပါစေသတည်း။ ။
ကျုပ်ကိုများ တည့်တည့် ရေးလိုက်သလိုဘဲဗျာ ။