နယူးယောက်တွင် ပထမအကြိမ် ပဌာန်းရွတ်ဖတ်ပွဲ ကျင်းပ

Friday, March 18, 2011

အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ရန်ဆလီယာမြို့ရှိ ဓမ္မ၀ါဒီအောင်မြေမင်္ဂလာကျောင်းတိုက်မှာ မြန်မာသံဃာတော်တွေ စုဝေးကာ ဒီကနေ့ နံနက် ၁၀ နာရီက စတင်ပြီး ပထမအကြိမ်မြောက် ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပနေကြောင်း သိရပါတယ်။

ပဌာန်းရွက်ဖတ်ပွဲတက်ရောက်နေတဲ့ ဦးပညာနန္ဒက“အခုဂျပန်မှာ ဆူနာမီဒဏ်ခံရတဲ့အပြင် နူကလီးယားစွမ်းအင် စိမ့်ထွက်နေတဲ့ ဒုက္ခတွေ ခံစားနေကြရတယ်။ ကမ္ဘာကြီးရဲ့ ရာသီဥတုက တဖြည်းဖြည်းဆိုးဝါးလာနေတဲ့အတွက် ကမ္ဘာသားအားလုံး ကပ်ကြီး သုံးပါးကနေ လွတ်မြောက်နိုင်ကြစေရေး ၊ ကမ္ဘာတ၀ှမ်းလုံး ငြိမ်းချမ်းကြစေရေးတို့အတွက် ဒီပဌာန်းပွဲကို ကျင်းပဖြစ်တာပါ။ သုံးရက်တိုင်တိုင် ပဌာန်းတရားတွေကို ရွတ်ဖတ်ပူဇော်သွားကြမှာပါ”လို့ မိန့်ပါတယ်။

ယမန်နေ့ကလည်း နယူးယောက်ပြည်နယ် ဂရက်ဖ်တန်မြို့မှာ ဂျပန်တွေ တည်ထားတဲ့ Peace Pagoda ငြိမ်းချမ်းရေးစေတီတော်မြတ်ကို မြန်မာသံဃာတော်တွေ ကြွရောက်ပြီး ဆူနာမီမုန်တိုင်းကြောင့် ဘေးဒုက္ခရောက်ခဲ့ရတဲ့ ဂျပန်ပြည်သူတွေကို မေတ္တာပို့ခြင်း ၊ မြန်မာပြည်အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားများ အမြန်လွတ်မြောက်စေရန် ဆုတောင်းမေတ္တာပို့ခြင်း ၊ မြန်မာပြည်သားအားလုံး စစ်အာဏာရှင်စနစ်အောက်မှ အမြန်လွတ်မြောက်စေရန် ဆုတောင်း မေတ္တပို့ခြင်းများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၄ ရက်နေ့ကလည်း သာသနာ့ဥသျှောင်အဖွဲ့ချုပ်က ကုလသမဂ္ဂရှိ ဂျပန်ကိုယ်စားလှယ်ထံ ဂျပန်ပြည်သူများအတွက် ဒေါ်လာ ၂၀၀၀ လှူဒါန်းခဲ့ကြောင်းသိရပါတယ်။





ငြိမ်းချမ်းရေးစေတီတော်တွင် ဆုတောင်းမေတ္တာပို့မှု ပြုလုပ်နေသော မြန်မာသံဃာတော်များ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved