စီအီးအိုက တပြားမှ မလျှော့မယ့်သူ

Thursday, March 3, 2011

စီအီးအိုစိတ် အပြည့်နဲ့ ရုံးထွက်လာတဲ့ ကတုံးကြီး
ခုနောက်ပိုင်းမှာ ဂျာနယ်လစ်တွေ အဖမ်းခံရတာ၊ ထောင်ကျတာတွေ တော်တော်လေး ခေတ်စားလာလေတော့ ကတုံးကြီးလို့ လူသိများတဲ့ သြဇီဘဲကြီး ရော့စ်ဒန်ကလေလည်း ကြံဖန်ပြီး ခေတ်မီအောင်လုပ်ရှာတယ် ထင်ပါရဲ့။ ဒါပေမယ့် သူ စတန့်ထွင်တာက နည်းနည်း လွဲသွားပါတယ်။ ဂျာနယ်လစ်မှုနဲ့ ထောင်ကျတာ မဟုတ်ဘဲ ဆေးမှုတို့၊ လိင်မှုတို့ စတဲ့ ရာဇဝတ်မှုတွေနဲ့ ဖြစ်နေပါတယ်။

သူက အချုပ်သာ ကျနေတယ်။ အေးရာအေးကြောင်းပါပဲ။ ဘရိတ်ဖတ်စ်ကို တခြားအချုပ်သားတွေလို ဆန်ပြုတ် မသောက်ချင်ဘူး ဆိုလို့ ကော်ဖီတို့ ပေါင်မုန့်တို့ စီစဉ်ပေးသတဲ့။ နေ့လယ်စာအနေနဲ့ ယူရိုပီယံ ဖု တော့ မရရှာဘူး။ ဒါပေမယ့် တခြားအချုပ်သားတွေထက် ထူးကဲတဲ့ စားဖွယ်တွေတော့ စားရတယ်လို့ ဆိုပါတယ်။

အမှုသွားအမှုလာအရ ကတုံးကြီးကတော့ ထောင်ကျဖို့ သေချာသလောက် ဖြစ်နေပါပြီ။
ကတုံးကြီးခမျာ မြန်မာတိုင်းမ်စ် ဂျာနယ်ရဲ့ စီအီးအို ဖြစ်ခဲ့တာ ဆိုတော့ အချုပ်ထဲမှာလည်း စီအီးအိုကျင့် မပျောက်ပါဘူး။ ရုံးထုတ်တဲ့ ပုံကို ကြည့်လိုက်ရင် သူ့ဒီဇိုင်း ဘယ်လောက် လန်းနေတယ်ဆိုတာ တွေ့ရမှာပါ။ နိုင်ကထိုင်နဲ့ ယရိုပီယံ ဆု အပြည့်အစုံနဲ့ မဟုတ်လား ...။သူက ထောင်က ထွက်လာရင်လည်း သူက စီအီးအိုပဲ ပြန်လုပ်မှာပါ။ မလျှော့ပါဘူး။ ဒါပေမယ့် မြန်မာတိုင်းမ်စ် ဂျာနယ်ကိုတော့ စိတ်ကူးလာမယဉ်နဲ့လို့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက မိန့်ထားတဲ့အတွက် ဂျာနယ်တိုက်နား သီဖို့တောင် မဖြစ်နိုင်တော့ပါဘူး။

ဘယ်လိုအမှုနဲ့ပဲကျကျ ဂျာနယ်လစ်တယောက် ထောင်ကျတယ်ဆိုတော့ ... လူတွေ မဆုံးဖြတ်ဘဲ စက်တွေ ကသာ ဆုံးဖြတ်မယ်ဆိုရင် သူလည်း AAPP လို့ခေါ်တဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းမှာ စာရင်းဝင်နိုင်မယ်လို့ ကိုတာတေတော့ တွေးမိတာပဲ။

ဒါကလည်း လက်ရှိ မြန်မာတိုင်းမ်စ် စီအီးအိုကြီးဖြစ်တဲ့ ဒေါက်တာတင်ထွန်းဦးက AAPP ကိုယ်စား ကူညီ စောင့်ရှောက်နေလို့ပါ။ သူ့ကို မြန်မာပြည်မှာ မကြာသေးမီကဖွဲ့ခဲ့တဲ့ မြန်မာသတင်းသမားများ ကူညီ စောင့်ရှောက်ရေး အသင်းက ကူညီနေတယ်ပဲ ပြောရမှာပေါ့။ ဘာလို့ဆိုတော့ ဒေါက်တာတင်ထွန်းဦးက အဲဒီ အသင်းရဲ့ ဖောင်ဒါထဲပါသကိုး။

ကိုတာတေရဲ့ တထွာတမိုက်ဉာဏ်လေးနဲ့ ညီမျှခြင်းချကြည့်ရရင် အထက်ပါ အသင်းကြီးက သတင်းလိုက်မှုနဲ့ ထောင်ကျ၊ အချုပ်ကျ ဂျာနယ်လစ်တွေကိုတော့ မကူညီဘူး ...၊ တခြားသော မူးယစ်ဆေးမှုတို့ လိင်မှု၊ ရိုက်မှု စတဲ့ ရာဇဝတ်မှုနဲ့ ထောင်ကျ အချုပ်ကျ နေတဲ့ ဂျာနယ်လစ်တွေကိုတော့ ကူညီမယ်လို့ ဆိုရမှာပေါ့နော်။ မြန်မာ ဂျာနယ်လစ်တွေ သတင်းလိုက်ပြီး ထောင်ကျမခံဘဲ (အမြင်ကတ်စရာ ကောင်းတဲ့ သတ္တဝါတွေကို) နရင်းရိုက်ပြီး ထောင်ကျခံရင် ... အင်း - ဒါ စကားချပ်ပါ။

AAPP က ကိုဘိုကြည်တို့ ကိုတိတ်တို့ကတော့ မျက်ခုံးလှုပ်နေပါတယ်။ ကတုံးကြီးက ဘယ်မှာမှ စီအီးအို မလုပ်ရရင် AAPP မှာ စီအီးအို လုပ်မယ်လို့ ခိုင်လုံတဲ့ သတင်းရပ်ကွက်က ကြားနေလို့ပါ။ ဒီအတိုင်းဆိုရင်တော့ ဥက္ကဋ္ဌ တောင်မရှိတဲ့ AAPP ရဲ့ ဖွဲ့စည်းပုံကို ပြန်ပြောင်းရမယ့် သဘောမှာရှိနေပါတယ်။ အင်း စီအီးအိုနဲ့ ဘာနဲ့ဆိုတော့ AAPP ရုံးကြီးလည်း ခန့်သွားတော့မှာ ...။ ကတုံးကြီး အရှိန်နဲ့ ပြောင်ပြောင်ယောင်ယောင် ဖြစ်သွားတော့မှာ မြင်ယောင်မိသေး ... အဟေးဟေး ...။
မစ္စတာ တေ

1 comments :

  1. Anonymous said... :

    A very good Satire

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved