နအဖကြွေးသမျှ မစားမိဖို့

Friday, March 4, 2011

ကျားပေါက်၊ မတ် ၄၊ ၂၀၁၁

ဒီကနေ့ အင်တာနက်စာမျက်နှာတွေ၊ အီးမေးလ်အုပ်စုတွေ၊ လေလှိုင်းပေါ်နဲ့ ပြည်ပ အခြေစိုက် နိုင်ငံရေး၊ လူမှုရေးအဖွဲ့တွေထဲ ရေပန်းစားနေတာကတော့ သူရမြင့်အောင်က စလိုက်တဲ့ ဗိုလ်ချုပ်အေးနဲ့ နအဖ စစ်ကောင်စီဝင် ၅ ဦးကို ထိန်းသိမ်းလိုက်ကြောင်း၊ နအဖ စစ်ကောင်စီအတွင်း အကွဲအပြဲ၊ နေရာလုပွဲများကနေ နောက်ဆုံး ကြက်ဖမ်းပွဲကြီးအဖြစ် ရောက်ခဲ့ပုံတွေပါ။ ဒါတွေကို လေလှိုင်းနဲ့ ဖန်သားပြင်ပေါ်ကနေ တခမ်းတနား တင်ဆက်ခဲ့ကြပါတယ်။

တပ်ချုပ်ရဲ့ ဇာတ်ရှုပ်တွေကို အားလုံး မမေ့ကြသေးဘူးထင်ပါတယ်။

စိတ်ဓာတ်စစ်ဆင်ရေးဆရာ ဖြစ်တဲ့အတွက် ဒီနည်းတွေကို ကျွမ်းကျင်ရာလိမ္မာ ဆိုသလို သူရဲ့ဆုံးဖြတ်ချက်နှေးတာကိုက သူ့အားသာချက်ဖြစ်နေပါတယ်ဆိုပြီး နအဖ စစ်ကောင်စီတွေက သုံးသပ်ပါတယ်။ ကြာချင်သလောက်ကြာပါစေ၊ တကမ္ဘာလုံး အကြာဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေကို သမ္မတဟောင်း ဒေါက်တာမောင်မောင် ပြင်ဆင်တဲ့ မူကြမ်းကိုပဲ ၁၉၉၃ ကနေ ၂၀၀၇ အထိ အချိန်ယူ ပြင်ဆင်ခဲ့တာပဲ မဟုတ်လား။

သူရဲ့ နှေးကွေးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ အတိုက်အခံများအတွက် “ဖျော်ဖြေရေးအဖွဲ့” ကို တာဝန်ပေးလေ့ရှိပါတယ်။ လျှို့ဝှက်သတင်း ထုတ်ပြန်ရေးအဖွဲ့ကို သတင်းမှားတွေပေးဖို့ တပ်ချုပ်ရဲ့ လက်ထောက် ဇာတ်ဆရာများဖြစ်တဲ့ ဦးအောင်သောင်းနဲ့ TV ဇာတ်လိုက် ဦးကျော်ဆန်းတို့ပါပဲတဲ့။


တပ်ချုပ်ရဲ့အဓိက ဗျူဟာကတော့ ဆင်သေကို ဆိတ်သားရေနဲ့ဖုံး၊ အာရုံပြောင်း၊ အတိုက်အခံနဲ့ နောက်လိုက်တွေအကြား သွေးကွဲအောင်လုပ်ဆိုတဲ့ အာဏာရှင် လက်စွဲကနေ မထွက်သေးပါဘူး။ တပ်ချုပ်ရဲ့ ဗျူဟာမြောက် ဆောင်ရွက်မှုတွေထဲမှာ ထင်သလောက် မပေါက်တာ NLD ပဲ ရှိတယ်လို့ ပြောနိုင်ပါတယ်။ တဝက်တဝက် ကွဲထွက်မယ် ထင်ခဲ့ပေမယ့် အစိတ်အပိုင်း တစလောက်ပဲ ထွက်သွားခဲ့ပါတယ်။

အဆိုးဆုံး ထိုးနှက်ချက်တခုကတော့ စစ်တပ်အတွင်း အကွဲအပြဲတွေ၊ အမိန့်မနာခံမှုတွေကို တော်လှန်ရေး အင်အားစုတွေဘက် စနစ်တကျ ပေးပို့ခြင်းဖြစ်ပါတယ်။ အဖြစ်အပျက်အမှန်တွေ အခြေခံပြီး ထင်ရောင်ထင်မှား ဖြစ်စေတာတွေထပ်ထည့်၊ စစ်တပ်ကွဲနေပါပြီ ဆိုတဲ့ သုံးသပ်ချက်တွေ ပေးပို့လေ့ရှိပါတယ်။

တပ်ထဲမှာ မညီညွှတ်တာ လက်ရှိကာလမှ မဟုတ်ပါ။ ခေတ်အဆက်ဆက်က တပည့်မွေး ဆရာမွေးတွေ ရှိခဲ့ပါတယ်။ နအဖခေတ်မှာတော့ လှုပ်ရှားမှုက ပိုများလာတယ်လေ။ တချိန်က မဆလ ဝန်ကြီးက ဘိလပ်မြေထုတ်ရောင်းတာ၊ သွပ်ပြားရောင်းတာ၊ လက်ဆောင်ပြန်ရောင်းတာလောက်နဲ့ ထမိန်ရုတ်သူခိုး အဆင့်ပါပဲ။

ဒီကနေ့ နအဖ လက်ထက်ကျတော့ ထမိန်ရုတ် သူခိုးအဆင့်ကနေ ဓားပြဂိုဏ်း ခေါင်းဆောင်တွေ ဖြစ်လာပါတယ်။

နအဖ စစ်ကောင်စီဝင်တွေ တကယ် ဘာလုပ်နေတယ်၊ ဘာကြံစည်နေတယ်ဆိုတာ အတိုက်အခံတွေ သိတာ အင်မတန် နည်းပါတယ်။ သေချာတဲ့ သုတေသနမရှိတဲ့ အချက်ပါပဲ။

နအဖရဲ့ ထင်ယောင်ထင်မှား ခပ်ဝါးဝါးသတင်းတွေ ထုတ်ပြန်ဖို့ အဖွဲ့နဲ့ကို စီစဉ်နေတာပါလို့ ဇနီးသည်တဦးက အတိုက်အခံတွေကို ဟာသ လုပ်သလိုပါပဲ။

နေရွှေသွေးအောင်ကို မြောက်ကိုရီးယား မင်းဆက် သားငယ် ကျောင်းတက်ခဲ့တဲ့ တရုတ်ပြည်က တပ်မတော် ခေါင်းဆောင် ဖြစ်ကျောင်းကို ပို့ဖို့ စီစဉ်ပြီးပါပြီ။ ကဲဘာလုပ်ကြမလဲ။ သတင်းအဖွဲ့ဖွဲ့ပြီး နအဖ ခေါင်းဆောင်တချို့ပဲ အဖမ်းခံရသယောင်၊ ဗိုလ်ချုပ်မြင့်အောင်ပဲ နေအိမ် အကျယ်ချုပ် ကျနေသယောင် ပြည်ပလေလှိုင်းပေါ်ရောက်အောင် တင်ပေးရတဲ့ သတင်းအဖွဲ့ခိုင်းနေပါတဲ့။ လေလှိုင်းဆရာများကလည်း နအဖပေးတဲ့အတိုင်းလွှင့်၊ ပရောဟိတ်များကို တင် ဆွေးနွေး၊ သုံးသပ်တာနဲ့ အချိန်ကုန်စေတာပါတဲ့။

ပြီးခဲ့တဲ့ အပတ်က ဗိုလ်ချုပ်မောင်အေးနဲ့ ၅ ဦးကို ထိန်းထားလိုက်ပြီဆိုတဲ့ သတင်းထုတ်၊ ဟော ဗိုလ်ချုပ်အေးတယောက် TV မှာ ပြန်ရောက်လာ။ အတိုက်အခံနဲ့ လေလှိုင်းဆရာများကတော့ အလုပ်များ၊ လိုက်အတင်းပြောလိုက်၊ ဖြစ်ချင်တာတွေကို နအဖသတင်းအဖွဲ့က ပေးတာနဲ့ ပေါင်း၊ စစ်တပ်ကြီးကွဲနေပြီ၊ အာဏာလုနေကြပြီ၊ ဖြုတ်ထုတ်သတ် လုပ်ကုန်ပြီ အစရှိတဲ့ အတင်းနဲ့ အဖျင်းရောကောပါရော။

တပ်ချုပ်ရဲ့ နားမျက်စိလို့ ပြောလို့ရတဲ့ ဦးသောင်း၊ ဦးအောင်သောင်း၊ ကိုကျော်ဆန်းတို့ရဲ့ သတင်းအဖွဲ့ ကြွေးတဲ့ သတင်းများတွေထဲ ဆရာ့ ဆရာတို့ မျောမပါသွားကြပါနဲ့လို့ သတိပေးပါရစေ။

4 comments :

  1. Anonymous said... :

    မှန်ပါတယ် ဆောင်းပါးရှင်ရေ သတင်းလွှဲပေးတာ၊ သတင်းမှားပေးတယ် ဆိုတာ ထောက်လှမ်းရေးပညာနဲနဲလောက် တီးခေါက်မိသူတိုင်း လုပ်နိုင်တဲ့ဟာမျိုးပါ။ ဒါကို အပြင်ရောက်နေတဲ့ အတိုက်အခံတစ်ချို့နဲ့ သတင်းဌာနတစ်ချို့ နအဖက ဆိုင်းသံပေးတိုင်း ထထကနေတာတော့ ကြည့်ရဆိုးတယ်ကွာ ... "ခွေးဝမ်းသာအောင်လေလည်ပြတာကို လေဖမ်းဒန်းလုပ်စီး နေကြတာကိုး" သတိထားကြအုံး

    မောင်မောက်

  1. ဖိုးထောင် ( မကွေး ) said... :

    ခုလို သတိပေးမယ့် သူလိုနေတာ ။
    နအဖရဲ့ အတွင်းကျကျ လှဲ့ ကွက်တွေကို မစားမိသေးခင် ကြိုကို တင်တင် ဖေါ်ထုတ်ပေး ပြီး မစားမိအောင်သတိပေးပါလို့  ဆရာ ကျားပေါက် ထံ တောင်းဆိုပရစေ ။
    ကျွန်တော် မကွေးက ဖိုးထောင်ပါ ။

  1. ခုလိုသတိပေးတာ..ကိုအလေးထားသင့်ပါတယ်...

  1. kmthein said... :

    နအဖ ကို ဓါးပြ ဂိုဏ်း နဲ့ မနှိုင်း သင့် ပါ ဘူး။ သူ တို့ အဖွဲ့ က မာဖီးယား ဂိုဏ်း အဆင့် ပါ ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved