မောင်ခက်နှင့် အညမည ပစ္စယော

Tuesday, March 15, 2011


(၁)
ဂျပန်တွင် “ပထဝီ” မြေကြီးသည် “မဟာပထဝီ မြေကြီးကဲ့သို့ သည်းခံရာ၏” ဟူသော အဆိုအမိန့်ကို လွန်ဆန်သည်ဖြစ်၍ နိပွန်ပြည်ဝယ် ဟိုမှ ဒီမှာ ကျောပိုးထားသမျှ ခါချ၏။ ကျောက်စောင်းထက် ရေစောင်းထက် ဆိုသည့်အလား “အာပေါ” ရေဓာတ်သည် ငါမပေါ ဟု ကြေညာလိုသည့်အလား ဆူနာမီဟု ဆိုင်းဘုတ်တင်၍ ထပ်မံထိုးနှက်ချေ၏။

“ပထဝီ” နှင့် “အာပေါ” ဟူသော မူလဘူတ ဓာတ်ကြီးနှစ်ပါး ဖောက်ပြန်လေသော လူတို့ ဖန်တီးသည့် “ဝါယော” ဟူသော ထောက်ကန်တတ်သည့် သဘောသည် နျူကလီးယား စက်ရုံများ၌ ထင်ရှားသည်ဖြစ်၍ နောက်မချန်လိုသော “တေဇော” ဓာတ်ကြောင့် မာလ်တီမီဒီယာတို့မှ ငလျင်၊ ဆူနာမီ၊ နျူကလီးယား စက်ရုံ ပေါက်ကွဲလုလုသတင်းတို့ကို မျက်ခုံး တလှုပ်လှုပ် ကြည့်ရချေသည်။

(၂)
ဂျပန် ငလျင်၊ ဂျပန်ဆူနာမီကို တရားသဘောနှင့် မာလ်တီ မီဒီယာများက ကြည့်နေခိုက် ဧရာဝတီ၌ ငလျင်လှုပ်သွားသည်ကို မောင်ခက် မသိလိုက်။ မောင်ခက်ကား ဘလော်ဂါမှ ဘလော်ချာ ဖြစ်ရပြန်ချေသည် တမုံ့။ ညကြီးသန်းခေါင်၌ လေယာဉ်ပျံ အနုကြမ်းစီးသကဲ့သို့ ဝင်စီးသည်ဟု ကျွန်ုပ်တို့၏ ဝက်ဘ်ဆရာ ရှင်းပြသော ဟိုက်ဂျက်ကင်း ဆိုသဟာကြောင့် ကျွန်ုပ်တို့၏ အော်ဒီတာများနှင့် ပြာယာသတင်းထောက်များ ညသန်းခေါင် အိပ်မက်လှလှ မက်နေကြခိုက် အလွန်သေသပ်စွာ ဖြီးထားသော သတင်း ၂ ပုဒ်သည် နိုင်ငံ့ဥသျှောင် ထိုင်ခုံတွင် ဦးသန်းရွှေ ဘွားကနဲ ပေါ်လာသည့်အလား ထွန်းပြူလာပေသည်။

အညမည သဘောအရ ဟိုက်ဂျက်ကာကတော့ ပသို့ နေသည်ကို မသိရ။ ကာယကံရှင်များ၊ စာဖတ်သူများ၊ အင်တာနက်၏ လျှင်မြန်စွာစီးမျှောမှုကို စက္ကန့်မခြား လှိုင်းစီးသူများ အကြား ပွက်လောညံကုန်၏။

သတင်းတုနှင့် ကာယကံရှင်များ၊ စာဖတ်သူနှင့် လက်တို့သူ၊ ဝေဖန်သူနှင့် ချေပသူတည်းဟူသော ဒေါက်သုံးဒေါက် ဆုံသောသကာလ ကျေးဇူးပြုကြသော သဘောအားဖြင့် ဆဲပွဲ၊ စကားလုံးဖြင့် သတ်ပုတ်သောပွဲ ဖြစ်ရတော့သည်တကား။

(၃)
အပြင်လောက၏ အခြားမဲ့မှတပါး ထစ်ကနဲဆို အင်တာနက်ပေါ်တွင် ကီးဘုတ် သေနတ်စမ်းကြသော မြန်မာ အမျိုးကောင်းသားတို့ကြောင့် တောကြောင်တို့ကား သွားတဖြီးဖြီး ရှိကြကုန်သတတ်။ မဆီမဆိုင် ရဲလေးသေပြီ၊ ရဲလေးကလည်း ငါမသေသေး၊ မဆီမဆိုင် စိုင်းစိုင်းတွန့်လိမ်၊ အာခေါင်နီတို့ကလည်း ရပ်ရွာကျော် မျောက်လောင်နှင့် တွဲပြီး ဘေးပြောတာမယုံနဲ့ ကျနော်တို့ပြောတာယုံ ဆိုပြီး ဓာတ်ပုံကြီးနဲ့ ပေါ်လာသည့်သကာလ ဒင်းတို့လည်း မပြေသည့် ဒေါသစက်ကွင်းများဝယ် ကျရောက်ကုန်သည်ကို တွေ့ရပေတော့သည်။

မုခစာအုပ် ခေါ် ဖေ့စ်ဘုတ်ခ်တွင်လည်း ဆဲကြဆိုကြနှင့် ယောက်ယက်ထနေပေရာ ဆိုရှယ်နက်ဝပ်ခ်အစား ဆိုဆဲနက်ဝပ်ခ်ဟု ပြောင်းခေါ်ရသော် ကောင်းပေစွဟု စဉ်းစားမိ၏။ မည်သို့ဖြစ်စေကာမူ ထိုထိုသော ပြဿနာများ၏ ကျေးဇူးပြုမှုဖြင့် လက်မသွေးရ ကြာပြီဖြစ်သော ကလိဆွတ စာတပုဒ်ကို အညမညသဘောအားဖြင့် မောက်ခက်ကလည်း ရေးထုတ်ရသည်တကား။

(အန်နီမေးရှင်း - animeninjaNIPPON)
မောင်ခက်၊ ခေတ္တ ကွန်ပြူတာရှေ့

2 comments :

  1. Anonymous said... :

    သူများတွေဒုခရောက်နေတာကိုမနောက်ပါနဲ့တခြားရေးစရာတွေအများကြီးပါ။from japan

  1. Anonymous said... :

    သူများတွေဒုခရောက်နေတာကိုမနောက်ပါနဲ့တခြားရေးစရာတွေအများကြီးပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved