တပ်ချုပ်က စိတ်ချမှ ဆိုပဲ

Monday, March 14, 2011


ကျားပေါက်၊ မတ် ၁၄၊ ၂၀၁၁

မြန်မာစစ်တပ်အတွင်း အပြောင်းအလဲဖြစ်ပေါ်မှု အကြမ်းဆုံးလို့ဆိုရမယ့် ၂၁၁၀ အငြိမ်းစားယူ၊ လူဝတ်လဲပွဲကြီးကနေ တပ်ချုပ်ရဲ့ နောက်တက်လာမယ့် ဗိုလ်ချုပ်ငယ်များက တပ်ချုပ်အပေါ် အမြဲသစ္စာရှိ ကျေနပ်ကျမယ်လို့ ယူဆခဲ့ပေမယ့် သူရမြင့်အောင် ကန့်လန့်တိုက်လိုက်လို့ ဗိုလ်ချုပ်မှူးကြီးခမျာ တော်တော်လေး တုန်လှုပ်ခဲ့ပါတယ်။

နအဖ စစ်ကောင်စီ အဖွဲ့ဝင်တွေ ပထမဆုံး ခံစားရတာကတော့ ဘကြီး (တပ်ချုပ်ကြီး) က စိတ်မချသေးဘူးဆိုတာပါပဲ။ ဘကြီးသန်းရွှေ စိတ်လှုပ်ရှားလေလေ၊ အာဏာတရားဝင် စွန့်ခွာဖို့ ခက်လေလေပါပဲ။

အခုတခါဖြစ်ရတာက ဗိုလ်ချုပ်ငယ်တွေအားလုံးမှ ကျေနပ်ကြပါရဲ့လား။ ဗိုလ်ချုပ်ကြီးဟောင်းတွေ၊ နအဖ စစ်ကောင်စီဟောင်းတွေကို မျက်စိအောက်က အပျောက်မခံအောင် ကြည့်နိုင်ပေမယ့် ဗိုလ်ချုပ်ငယ်တွေခံစားမှုကိုတော့ အကုန် မသိနိုင်ပါဘူးး။ အရင်က နအဖစစ်ကောင်စီ သားသမီးတွေ နေချင်းညချင်း ကုဋေ ၈၀ သူဌေးသား များဖြစ်ကုန်ကြတာကို ဗိုလ်ချုပ်ငယ်တွေလည်း မျှော်လင့်နေတုန်းခဲ့ကြတာပါ။

ဒါပေမယ့် တပ်ချုပ်နဲ့ ဗိုလ်ချုပ်ငယ်၊ တိုင်းမှူးငယ်တွေ တွေ့တဲ့အခါ ဗိုလ်ချုပ်ငယ်တွေ အိပ်မက်ပျက်ခံရပါတယ်တဲ့။ တပ်ချုပ်က ဒေသဆိုင်ရာ အုပ်ချုပ်ရေးတွေ မင်းတို့ ဝင်ရှုပ်စရာမလိုဘူးလို့ မိန့်ကတည်းက ငွေရပေါက်တွေ ပိတ်ပြီဆိုတာ သိလိုက်ကြပါတယ်။ စီးပွားရေးသမားတွေ၊ စီမံကိန်းတွေကို မျက်စိကျနေတဲ့ ဗိုလ်ချုပ်ငယ်တွေ ဒေါသကို အတတ်နိုင်ဆုံး ချုပ်တည်းခဲ့ကြရတယ်လို့ ဆိုတယ်။


ဒါနဲ့ ဘယ်ကမလဲ၊ တပ်ချုပ်က အစည်းအဝေးမှာ ဗိုလ်ရွှဲနေတဲ့ တိုင်းမှူးငယ် ၃ ယောက်ကို DSA တုန်းကလို မနက် ၅ နာရီထ PT လုပ်ဖို့ အမိန့်ထုတ်လိုက်လို့ တိုင်းမှူးငယ် ၃ ယောက်လည်း မနက်အိပ်ရာကထ ဗိုက်ရွှဲတာ လျော့အောင် ပြေးရ၊ ဒိုက်ထိုးရနဲ့ တိုင်းမှူးဘဝရောက်မှ စစ်တက္ကသိုလ် ပြန်ရောက်ပါလားလို့ ငြီးသတဲ့။ (တိုင်းမှူးအမည်များကို ချန်လှပ်ခဲ့ပါသည်။)

တပ်ချုပ်က ဒီလောက်တော့ မဆိုးပါ။ ကိုယ်ငယ်သားတွေ စိတ်ချမ်းသာဖို့ဆိုပြီး နိုင်ငံတော် အချုပ်အခြာအဏာ တည်မြဲရေး အတွက်လို့ ဆိုရင်ပြည်သူတွေ လှုပ်မရအောင် အာဏာယူထားတဲ့ ဗိုလ်ချုပ်များ ရာထူးမြဲ၊ နေရာမြဲ၊ အာဏာမြဲရအောင် အထူး အရန်ပုံငွေ ဥပဒေကို ဇန်နဝါရီလ ၂၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ရောဗျာ။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ် ၁၀/၂၀၁၁ ဆိုပဲ၊ ကဲဘာပြောမလဲ ငါသုံးဖို့၊ ငါ့ဗိုလ်ချုပ်ငယ်တွေ ဆပ်ကြေးပေးဖို့ အချုပ်အခြာ အာဏာ မဆုံးရှုံးစေရေးအတွက် တပ်ချုပ်က ပြည်သူ ဘဏ္ဍာကို ငါယူတယ်ကွာလို့ အရပ်စကားပြောချင်ပေမယ့်လည်း အခန်း (၁) အဓိပ္ပာယ် ဖော်ပြချက် (၁) မှာ ဤဥပဒေ ချက်ချင်း အာဏာတည်ရမည်လို့ ပြောင်ပြောင်ပဲ အရှက်မရှိယူလိုက်ပါရော။

ဖွဲ့စည်းပုံ အခြေခံဥပဒေကိုက ကိုယ်တိုင် ကျေနပ်အောင် ဆယ်စုနှစ် ၂ ခုကြာအောင်ဆွဲ၊ ဒါလည်း မကျေနပ်နိုင်သေး၊ ဟောအခု အထူးရန်ပုံငွေ ထူထောင်ခြင်းကို အခန်း (၂) မှာ လွှတ်တော်၊ အစိုးရကို စိန်ခေါ်ပြန်ရော။

ကိုယ်လိုချင်သလောက် ခွဲယူမယ်၊ မင်း သမ္မတက အတည်ပြုရမယ်။ သမ္မတခမျာ ဘာမှ မပြောနိုင်၊ တင်ပြတဲ့ငွေကိုသာ ထုတ်ပေးပါတဲ့။ ဥပဒေ၊ ဖွဲ့စည်းပုံ ကိုယ်တိုင်ရေးတာတောင် ကိုယ်မကျေနပ်နိုင်သေးတဲ့ ဘဝပါလား။

ပိုပြီးတော့ ရင့်သီးတာကတော့ အခန်း (၃) တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် လုပ်ပိုင်ခွင့် အပိုဒ် (၅) မှာ အထက်ပါ အထူးရန်ပုံငွေ သုံးစွဲခြင်းနှင့် စပ်လျဉ်း၍ မည်သည့် ပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းကမျှ မေးမြန်းခြင်း၊ တင်ပြစေခြင်း၊ စာရင်းစစ်ဆေးခြင်း ခံယူရန်မလို။ ဘုရားရေ … တိုင်းပြည် ဘဏ္ဍာက ကိုရွှေဗိုလ်ချုပ်များ ယောက္ခမပိုင် မဟုတ်ပါလား။

ပြည်သူရယ် အုပ်ချုပ်သူရယ်၊ အစိုးရ အကြားမှာ ဘာဖြစ်နေသလဲ၊ ဘာလုပ်မှာလဲ ဆိုတာတောင် မမေးရပါလား။ မေးခွင့် မရှိပါလား။ အတိုက်အခံမပြောနဲ့၊ ဗိုလ်ချုပ်ဟောင်းတဖြစ်လဲ အစိုးရကတောင် မေးခွင့် မရှိပါလား။ ပြည်ခိုင်ဖြိုးအမတ်များ ခွေးလုံးလုံး ဖြစ်စေတဲ့ ဥပဒေကို နအဖ ဥက္ကဋ္ဌ လက်မှတ်ထိုးပြီ ကိုယ်လုပ်ချင်ရာ လုပ်တယ်ကွာ။

အရင်က တို့ ဗိုလ်ချုပ်အားလုံး ညီညီညွှတ်ညွှတ်နဲ့ ပြည်သူတွေ အတိုက်အခံတွေကို စော်ကားရတာ အရသာရှိပေမယ့် ပြည်ခိုင်ဖြိုးအမတ်၊ စစ်မှုထမ်းဟောင်များကတော့ အခု တော်တော်လေး ခံစားရတယ်တဲ့။
အခုလွှတ်တော်ကို တရားဝင်ဖွင့်၊ အာဏာလွှဲမယ်လို့ ထင်ထားတဲ့ ဦးသိန်းစိန်နဲ့အဖွဲ့၊ ကိုရွှေမန်းတို့ အုပ်စု၊ ကိုတင်အောင်မြင့်ဦးတို့ အားလုံး ဗိုက်နာလွန်းလို့ အိမ်သာရှေ့ရောက်မှ အိမ်သာတံခါး ဖွင့်မရတဲ့ ဘဝရောက်နေပြီလေ။
ဟော … တပ်ချုပ်က ပြောတယ်တဲ့ လွှတ်တော် အကြိုညှိနှိုင်းပွဲတဲ့၊ တရားဝင်လွှဲဖို့ သူဦးဆောင်နေပါတယ်တဲ့။ ဒီသတင်းက တဆင့်စကား တဆင့်နား ဖြစ်ပြန်ရော။ ဧပြီလ ရက်ကောင်းရက်သာ မြန်မာ့နှစ်သစ်ကူမယ့် တန်ခူးလကို စိတ်ကူးနေပြန်ပြီတဲ့။

လွှတ်တော်ထဲ အူကြောင်ကြောင်ထိုင်နေရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပြည်ခိုင်ဖြိုးအမတ်တွေခမျာ အမျိုးသမီး ချိတ်ထမီဝတ်ထားရလို့ ယားကျိကျိ ဖြစ်ရတဲ့အထဲ တပ်ချုပ်က အာဏာလွှတ်ဖို့ ရက်စောင့်ရတာ လိပ်ခေါင်းရောဂါသည်ကို ထိုင်ကြည့်နေရသလိုပါပဲတဲ့။

တကမ္ဘာလုံး မှာမကြားဖူးတဲ့ လွှတ်တော် အကြို၊ လွှတ်တော် တကယ်၊ လွှတ်တော် အချုပ်တို့ ကို နအဖ အသွင်ကူးပြောင်း ရေးကာလမှာ ကြားဖူးပါတော့တယ်။

ချုပ်လိုက်ရရင်တော့ တိုင်းမှူးငယ်လေးတွေ အာဏာသိမ်းမှာ ကြောက်တာနဲ့ အထူးရန်ပုံငွေ (သို့) မာဖီးယား ဆပ်ကြေးကို ဥပဒေလုပ်၊ တိုင်းမှူးငယ်တွေ ချမ်းသာဖို့ ရှာပေးရ၊ ပါတီလိုင်းကနေ ပြည်ခိုင်ဖြိုးတို့ ငွေရှာကြ၊ အစိုးရထဲပါလို့ ကပ်စားကြ၊ ပြည်နယ်အစိုးရတွေ ခိုးကြနဲ့ မြန်မာပြည်ရဲ့ အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီ ချီတက်ကြပါစို့။ ဒါတောင်မှ တပ်ချုပ် စိတ်ချမ်းသာမှနော်။ ဒါမဟုတ်ရင် ရာသက်ပန် ဆက်နေဦးမှာ ဆိုပဲ။

1 comments :

  1. Anonymous said... :

    ခေတ်နောက်ပြန် ဖွတ်ဖြစ်သော နိုင်ငံ တော်ဟောင်းကြီး ဆီသို. ပြည်ထောင်စု အကျပ်ကိုင်ရေး နဲ.ဖွတ်ဖြစ်ရေး ပါတီ ဦးဆောင်မူ. ဖြင်. လေးဘက်ထောက် နောက်ပြန် ချီတက်ကြပါစို.။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved