ရှမ်းပြည်အရှေ့ပိုင်းငလျင် သေဆုံးသူဦးရေ ဆက်တိုးလာ

Friday, March 25, 2011

နောက်ဆုံးရ သတင်းတွေအရ ကျိုင်းတုံမြို့နယ် တာလေမှာ သေဆုံးသူ ၂၇ ဦးအထိရှိလာပြီး ဒဏ်ရာရသူ ၅၀ အထိရှိနေတယ်လို့ သိရပါတယ်။ တာလေအခြေစိုက် ခြေမြန် တပ်ရင်း ၃၁၆ မှာတော့ ဘားတိုက်ပြိုလို့ ၁၇ ဦး သေဆုံးကြောင်း ဧရာဝတီက စုံစမ်း သိရှိရပါတယ်။

အခု ငလျင်ဖြစ်ပွားရာနေရာတွေကို အဆက်အသွယ်ရ၊ အဲဒီဘက်ကို သွားရောက်နိုင်တဲ့ မျက်မြင်တွေ ရှိလာပြီမို့ အသေးစိတ်ကို ဆက်လက်သိရှိနေရပါပြီ။

တာလေဆေးရုံရော ဆရာဝန်ကြီးရဲ့ အိမ်ပါ ပြိုကျတဲ့အထဲပါတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ဒါကြောင့်လူနာတွေကို ကားနဲ့ ရွှေ့ပြောင်းပေးနေရကြောင်း သိရပါတယ်။

တာချီလိတ်မြို့နယ်အတွင်းမှာပဲရှိတဲ့ ဟောင်လိတ် ကျေးရွာစုမှာလည်း အထိအခိုက် အသေအပျောက်ရှိနိုင်ကြောင်း ထပ်မံသတင်းရပါတယ်။ တာလေမြို့နယ်ခွဲ မိုင်းလင်းကျေးရွာစုဘက်မှာလည်း အထိအခိုက်များတယ်လို့ ဖုန်းဆက်သွယ်မှုများအရ သိရပါတယ်။

ထိုင်းစံတော်ချိန် ၁၁ နာရီ ဝန်းကျင်မှာ ထပ်မံရရှိတဲ့သတင်းအရ တာချီလိတ်အခြေစိုက် အမှတ် ၅၂၆ ခြေမြန်တပ်ရင်းမှာ ဘားတိုက်ပြိုလို့ ရဲဘော်တဦး အပါအဝင် မိသားစု ၃ ဦး သေဆုံးတယ်လို့ တာချီလိတ်မြို့ခံတဦးက ပြောပါတယ်။

တာချီလိတ်မှာ ထရန်စဖော်မာ ၂ လုံး ပေါက်ကွဲမှုကြောင့် မီးပြတ်တောက်ခဲ့ကြောင်းလည်း သိရပါတယ်။

တာချီလိတ်၊ ကျိုင်းတုံအပြင် ရန်ကုန်မြို့မှာပါ ငလျင်နောက်ဆက်တွဲ ထိတ်လန့်မှု (aftershock) ဖြစ်နေဆဲလို့ ဆိုပါတယ်။

(နောက်ဆုံးရ သတင်းအချက်အလက်များကို ဆက်လက် Update လုပ်ပါမယ်)

3 comments :

  1. Anonymous said... :

    Aftershock = A quake of lesser magnitude, usually one of a series, following a large earthquake in the same area.

    တာချီလိတ်၊ ကျိုင်းတုံအပြင် ရန်ကုန်မြို့မှာပါ ငလျင်နောက်ဆက်တွဲ ထိတ်လန့်မှု (shock) ဖြစ်နေဆဲလို့ ဆိုပါတယ်။

    Aftershock ကိုဒီလိုဘာသာပြန်ထားတာထင်တယ် "ငလျင်နောက်ဆက်တွဲ ထိတ်လန့်မှု (shock)"

  1. Anonymous said... :

    ဟုတ်ပါတယ်... ငလျင်ကြီးနောက်မှာ ထပ်လှုပ်တတ်တဲ့ ငလျင်အငယ်စားကို aftershock လို့ခေါ်ပါတယ်.. သေသေချာချာလေ့လာပြီး ရေးသားသင့်ပါတယ်။ စာဖတ်သူတွေကိုလေးစားပါ။

  1. Anonymous said... :

    ဆရာဂျီးတွေနဲ့ လာတွေ့နေတယ်။ အချိန်နှင့်အမျှ တင်နေတာဘဲဗျာ။ မှားတာလဲမှားမှာပေါ့။ လေးစားပါတွေ ဘာတွေ ဟိတ်ဟန်မလုပ်ပါနဲ့။ သတင်းသိ၇တော်ရောပေါ့။ မယောင်ရာဆီလူးနေတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved