ကျနော့်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်ကလေးပါ။
ပြည်ပထွက်ရေးအတွက် အခွန်ကင်းရှင်းကြောင်း ပုံစံ (၁၇) လုပ်ရန် ကျနော်နှင့် ကျနော့် အမျိုးသမီး ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အခွန်ရုံးသို့ မနက် (၁၁) နာရီခန့်က သွားရောက်ခဲ့ပါသည်။ ပုံစံ (၁၇) လျှောက်လွှာ မထုတ်မီ လိုအပ်သည့် စာရွက်စာတမ်းများအား မိတ္တူကူးပြီး အခွန်ကင်းရှင်းကြောင်း လျှောက်လွှာထုတ်ယူရန် ယင်းအခန်းသို့ဝင်ရောက်ခဲ့ပါသည်။
အခွန်ကင်းရှင်းကြောင်း ထောက်ခံစာမှာ ကျနော့် အမျိုးသမီးအတွက် ဖြစ်ပါသည်။ ကျနော့် အမျိုးသမီးမှာ အိမ်ထောင် မကျခင်နှင့် ကျနော်နှင့် အိမ်ထောင်ကျပြီးသည့်တိုင် မည့်သည့်အလုပ်မှ လုပ်ကိုင်ခြင်းမရှိပါ။
လျှောက်လွှာဝယ်ယူရာ နေရာတွင် အမျိုးသမီးကြီးတဦး (အမည်မသိ) ၀န်ထမ်း အ၀တ်အစားနှင့်ဖြစ်သည်။ အထက်ပါ အမျိုးသမီးမှ လိုအပ်သည့်စာရွက်စာတမ်းများ ကြည့်ပြီး ပုံစံ (၁၇) အတွက် လျှောက်လွှာတစောင်ထုတ်ပေးပါသည်။
ကျနော်တို့မှ လျှောက်လွှာအတွက် ငွေပေးရန်ပြင်ဆင်စဉ် အထက်ပါအမျိုးသမီးမှ ကျပ် ၈၂၀၀ ကျကြောင်း ပြောပါသည်။ ယင်းအတွက် ပြေစာတစုံတရာ ပေးခြင်းမရှိပါ။ ကျနော်တို့လည်း ဘာကြောင့်ပေးရတယ်ဆို တာ မေးပြန်ရင်လည်း လိုရာမရောက်မှာ ဖြစ်သည့်အတွက် မေးမြန်းခြင်းမရှိခဲ့ပါ။ ယင်းအမျိုးသမီးမှ လျှောက်လွှာဖြည့်ပြီးလျှင် တဖက်ခန်းတွင် လျှောက်လွှာတင်ရန် (ဒေါ်မေ၀င်းမြင့်) အခန်းသို့ သွားရန်ပြောပါသည်။
ဒေါ်မေ၀င်းမြင့်မှာ ထမင်းစားချိန်နှင့် ကြုံနေသဖြင့် ခေတ္တစောင့်ဆိုင်းခဲ့ရပါသည်။ ပြီးနောက် ဒေါ်မေ၀င်းမြင့်၏ ဘေးခန်းဖြစ်သော အခန်းထဲသို့ဝင်သွားပြီး စာရွက်စာတမ်းများ အားထပ်စစ်ဆေးပါသည်။ ကျနော့်အမျိုးသမီးအား အလုပ်အကိုင် လုပ်ကိုင်ဖူးလား မေးပါသည်။ ကျနော့်အမျိုးသမီးမှ ယနေ့တိုင် အလုပ်လုပ်ဖူးခြင်း မရှိသေးကြောင်းပြန်ပြော ပါသည်။ ပြီးနောက် ပုံစံ (၁၇) တွင် ဦးစီးမှူး လက်မှတ်ထိုးထားသော ထောက်ခံစာရရှိပါသည်။
ကျနော် အဓိကပြောချင်သည်မှာ ပြည်သူတွေ ဆင်းရဲနေသည်။ ၀န်ထမ်းတွေ လာဘ်အကြီးအကျယ်စားသည်။ မည်သူမှ အစိုးရရုံးတွေကို မသွားချင်ပါ။ အားလုံးသိကြပြီးသားပါ။ ထပ်သိအောင်လို ကျနော် ပြောပြချင်တာပါ။
(...)
ကျွန်တော်၏ ပေးစားအား ဧရာဝတီ Blog တွင်ဖော်ပြပေးခြင်းအတွက် ကျေးဇူးတင်ရှိပါသည်။ ဧရာဝတီ ၀ိုင်းတော်သားအပေါင်း ကျန်းမာခြင်း၊
ချမ်းသာခြင်းနှင့်ပြည့်စုံနိုင်ကျပါစေ။