ထောက်လှမ်းရေး ဖိုးကံကောင်း အကြောင်းတစေ့တစောင်း

Thursday, April 28, 2011

သူ့နှင့် လူချင်းဆုံဖူးသည်က ၁၉၉၄ ခုနစ်နှောင်းပိုင်းကာလ လောက်ဖြစ်သည်။ အသားလတ်လတ်၊ အရပ် ၅ ပေ ၅ လက္မခန့်ရှိသည့် လိမ်လည်မှု ၂ မှုဖြင့် အင်းစိန် အကျဉ်းထောင် တွင်းသို့ ထောင်ကျလာစဉ်က ဖြစ်သည်။

အင်းစိန်တိုက်ဝန်း အမှတ် (၆) တိုက် အခန်းနံပါတ် ၂ တွင် တန်ပြန်ထောက်လှမ်းရေးအရာရှိ ဗိုလ်ကြီးလှဌေး ဆိုသူ တယောက် ညဖက်မိုးချုပ်ကြီးရောက်လာတာပါ။ သူ့ကိုယ်သူ ဖိုးကံကောင်းဖြစ်ကြောင်း ပြောဆိုမိတ်ဆက်ခဲ့တဲ့လူမျိုးပါ။

အင်းစိန် ထောင်ထဲ သူရောက်လာခဲ့သည့် ညကသူဝတ်လာသော ရှပ်အင်္ကျီလက်ရှည်လက်မောင်းအိပ်ကပ်တွင် ကျည်ဆံတချို့ပါလာသည်ဟူ၍ပင် ထောင်ဝန်ထမ်းများက ပြောပြတာသတိရနေပါသေးတယ်။


ဖိုးကံကောင်းဟု ပြောလျင် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုလှုပ်ရှားခဲ့သူများနှင့် နိုင်ငံရေးစိတ်ဝင်စားသူတိုင်းက မှတ်မိ နေကြလိမ့်မည်။

အစိုးရပိုင် မီဒီယာများဖြစ်သော သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် အတိုက်အခံများအကြောင်း ဝေဖန်အပုပ်ချ ရေးသားလေ့ရှိခဲ့သူ။
ဖိုးကံကောင်းသည် ဘယ်သူ ဘာလဲဘယ်လဲ စသည့်သတင်းစာဆောင်းပါးများလည်း တွင်တွင်ကျယ်ကျယ် ရေးသားခဲ့ ဖူးသူ။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးသည့်နောက်ပိုင်း ဖိုးကံကောင်းသည် နယ်စပ် ဒေသ အသီးသီးသို့ ထွက်ပြေးတိမ်းရှောင်သွားကြသော ကျောင်းသားများနှင့် ဒီမိုကရေစီအရေးတက်ကြွစွာ ပါဝင်ခဲ့ကြသူများနှင့်အတူ ရောယောင်လိုက်ပါသွားခဲ့သည်ကိုမှု သူကိုယ်တိုင်ဖောက်သည်ဖြန်ချခဲ့ပါတယ်။

ထိုစဉ်က တောခိုသူများနှင့်အတူ လိုက်ပါသွားရန် စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်ချုပ်ခင်ညွန့်၏ စေခိုင်းခြင်း ခံရပြီး အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု (ဒ၊ ည၊ တ) ထဲ ၀င်ရောက်လှုပ်ရှားခဲ့သည်။

ထို့နောက် နယ်စပ်ဒေသမှ ပြန်လည်ရောက်ရှိလာခဲ့ပြီး တောတွင်းကျောင်းသားအမည်ခံကာ မီဒီယာလက်နက်ဖြင့် နယ်စပ်ဒေသရှိ အတိုက်အခံအဖွဲ့အစည်းများနှင့်ပတ်သက်ပြီး မဟုတ်မမှန် လုပ်ကြံသတင်းများကို ဖန်တီးလုပ်ဆောင် ရင်း ဖိုးကံကောင်း ဆိုသည့်ကလောင်နံမည်သည်လူသိများ လာခဲ့ရတယ်။

“သူက အဲဒီတုန်းက မီဒီယာကို စကားလုံး အညှီအဟောက်တွေကိုတောင်သုံးပြီး ၀ါဒဖြန့်ခဲ့တာ။ ဥပမာဗျာ မီမီမြင့်ဖူးနဲ့ ဦးတင်မောင်ဝင်း ပေးစားတာတို့ဘာတို့ကို သူက အသံနဲ့တကွလုပ်ကြံရေးတာ”ဟု ရန်ကုန်မြို့ရှိစာနယ်ဇင်းသမား တဦးက ပြောသည်။

သူ၏ ရေးသားချက်များက သက်ဆိုင်ရာပုဂ္ဂိုလ်နှင့် အနီးကပ်အတူရှိနေသယောင် အမှုအယာမျိုးစုံနှင့် တင်ပြခဲ့တာက သူ့မှုပိုင်လိုဖြစ်နေပါပြီ။

သူ၏ လက်ရင်းဆရာကြီးများကတော့ စစ်အစိုးရလက်ထက် မီဒီယာ၏ အရေးပါမှုကို ကောင်းမွန်စွာသိရှိနားလည် သူများဖြစ်သည့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ခင်ညွန့်နှင့် သူ၏ စစ်ထောက်လှမ်းရေးအဖွဲ့ဝင် များပါပဲ။

စစ်ထောက်လှမ်းရေး၏ ၀ါဒဖြန့်ယန္တယားတခုလုံးကို ထိုစဉ်က အဓိက မောင်းနှင်သွားသည်မှာ စစ်ထောက်လှမ်းရေး၏ နိုင်ငံရေးနှင့်တန်ပြန်ဌာနခွဲမှ ဗိုလ်မှူးချုပ် သန်းထွန်း (အမျိုးသားထောက်လှမ်းရေးအဖွဲ့ တာဝန်ခံ၊ ယခု ထောင်ဒဏ်ကျခံ နေရသည်) နှင့် အမည်အမျိုးမျိုးခံ ၀ါဒဖြန့်ချီရေးသမား ဖိုးကံကောင်း (ခ) ဝေမှိုင်းညို (ခ) ဗိုလ်ကြီးလှဌေး လို့ပြောရင် မမှားပါဘူး။

ထိုစဉ်က မြက်ခင်းသစ်မဂ္ဂဇင်းသည် အများပြည်သူများအကြား မြန်မာ့ဒီမိုကရေစီအရေးလုပ်ဆောင်နေကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး ပုံဖျက်ထားသည့် သတင်းအချက်အလက်များနှင့် ထင်ယောင်ထင်မှား ဖြစ်အောင် အများဆုံးဖော်ပြခဲ့ပါတယ်။

မြက်ခင်းသစ်မဂ္ဂဇင်းကို ဖိုးကံကောင်း စီစဉ်ထုတ်လုပ်ခဲ့တာပါပဲ။ ထိုမဂ္ဂဇင်းတွင် အဓိကအားဖြင့် အမြင်မှန်ရလာသော တောတွင်းပြန်ကျောင်းသားတစုအဖြစ်ဟန်ဆောင်ကာ မိမိတို့သည် မှားယွင်းစွာ လုပ်ဆောင်ခဲ့ခြင်းများဖြစ်ကြောင်း ရေးသားမှုများဖော်ပြပါရှိတယ်။

ထို့အပြင်တောတွင်းအဖွဲ့အစည်းများ အကြောင်း အမှန်သတင်း အချက်အလက်အနည်းငယ်နှင့် ပုံမှားရိုက်ဝါဒဖြန့် မမှန်မကန်သတင်းများစွာကို ဦးစားပေးဖော်ပြခဲ့တယ်။

ထိုမှတဆင့် လိမ်လည်မှု ၂ ခုနှင့် ထောင်ဒဏ် ၇ နှစ် ၂ ခုကို သီးခြားစီကျခံရသည်မှာလည်း နောက်ဆုံးအရင်းစစ် လိုက်တော့ လုပ်ကြံထောင်ကျလာတာသာဖြစ်နိုင်ကြောင်း သူနှင့် ထိတွေ့ခဲ့ဖူးသူ ထောင်ကျအကျဉ်းသားများနှင့် အင်းစိန် တိုက်ဝန်းအတွင်းက နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောပြကြတယ်။

သူကျူးလွန်ခဲ့သော လိမ်လည်မှုများထဲက တခုကတော့ ဗိုလ်ချုပ်ခင်ညွန့်၏စေခိုင်းမှုနှင့် နယ်စပ်ဒေသ အတိုက်အခံ အတွင်းလှုပ်ရှားစဉ် ငွေကြေးအလွဲ သုံးစားများလုပ်ခဲ့ကြောင်းလည်း ထောင်ကျလာတဲ့ စစ်ထောက်လှမ်းရေးများက ပြောပါတယ်။

တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးသန့်ရွှေ၏ လက်မှတ်အတုထိုးကာ အမေရိကန်ဒေါ်လာသန်းချီပြီး ထုတ်ယူသုံးစွဲခဲ့သော ကြောင့် သူဟာထောင်ဒဏ်ကျခံလာရတာဖြစ်ကြောင်းနှင့် သူ့ကိုလိမ်လည်မှုဖြင့် ပုဒ်မတပ် ထောင်ချခံရတာဖြစ်ကြောင်း သူထောင်ကျစဉ်အခိုက် သူနှင့်နီးစပ်သူများကို မကြာခဏပြောဆို ၀ါဒဖြန့်လေ့ရှိပါတယ်။

ဒါပေမယ့် လုပ်ကြံထောင်ကျလာသလားဆိုတာတော့ ကျနော်တို့ကသံသယရှိကြပါတယ်။
တကယ်တော့ သူသည် အကျဉ်းထောင်တိုက်ခန်းများရှိ နိုင်ငံရေးအကျဉ်းသားများ၏ နေထိုင်ပြောဆိုမှုများကို စနည်းနာစုံစမ်းခဲ့တယ်။ သူ့ကို မကြာခဏ စစ်ကြောရေးလိုလို၊ ဧည့်တွေ့လိုလိုနှင့် ထောင်တွင်းစစ်ထောက်လှမ်းရေး များက ခေါ်တွေ့လေ့ရှိတဲ့အခါ သူက ဇာတ်ညွှန်းတွေကိုပြောလေ့ရှိကြောင်း နောက်ပိုင်း အထင်အရှားသိလာရပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး သူပြန်ရေးတာက နိုင်ငံရေးအကျဉ်းသားတွေဟာ အာဏာပိုင်ကို တဖက်က အစာငတ်ခံဆန္ဒပြနေချိန်မှာ စောင်ခြုံပြီး သိမ်းထားတဲ့ မုန့်နှင့်စားစရာများ ခိုးစားတဲ့အကြောင်းကိုတောင် လုပ်ဇာတ်ခင်း ရေးတာဗျ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ဦးခင်မောင်ဆွေ (ယခု NDF ပါတီ) က ပြောပြပါသေးတယ်။

အကျဉ်းထောင်တွင်းနေထိုင်စဉ်ပင် နိုင်ငံရေးအကျဉ်းသားများနှင့် အနီးကပ်ဆက်ဆံရေးကို မလုပ်ခဲ့ဘဲ အထူးသဖြင့် ရာဇ၀တ်အကျဉ်းသားများနှင့်သာ ပြောဆိုဆက်ဆံလေ့ရှိသည်ဟု ထိုစဉ်က သူနှင့် အခန်းချင်းကပ်လျှက်နေခဲ့ရသူ ဦးခင်မောင်ဆွေက ဆက်ပြောပါတယ်။

“သူနဲ့က အခန်းချင်းကပ်နေတော့ မဖြစ်မနေတော့စကားပြောဖြစ်ခဲ့ကြတယ်။သူလုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီး ရာဇ၀တ် သားတွေကို ပြောပြလေ့ရှိတယ်။ ရာဇ၀တ်အကျဉ်းသားတွေကို သူက လူမွေးတာပေါ့။ သူသိချင်တဲ့ နိုင်ငံရေးအကျဉ်း သားတွေအကြောင်း စုံစမ်းတယ်”ဟု ဦးခင်မောင်ဆွေက ဆက်ပြောပါတယ်။

“ကျနော်တို့ ထောင်ဝင်စာထွက်တဲ့ အခါ အခု NDF ဦးခင်မောင်ဆွေက သူနဲ့စကားပြောလို့ရပါတယ်လို့ မိတ်ဆက်ပေးပြီး သူလိုလူကို တို့ဘက်ပါလာအောင် တို့ဘက်က စည်းရုံးရမှာပေါ့လို့ပြောဖူးတယ်၊ သူက မကြာခဏ စစ်ကြောရေးဆိုပြီး တိုက်ခန်းထဲက ထွက်ခွင့်ရတယ်။ အဲဒီအခါမျိုးမှာ တိုက်တွင်းက နိုင်ငံရေးအကျဉ်းသားတွေရဲ့ သတင်းတွေကိုစစ် ထောက်လှမ်း ရေးတွေဆီ အမြဲပေးလေ့ရှိတယ်” ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်မျိုးသိန်း ( အေအေ ပီပီ) ကပြောသည်။

အလားတူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုလှသန်း (ယခုအုန်းဖျံ ဒုက္ခသည်စခန်းတွင်ရှိ) ကလည်း ဖိုးကံကောင်း ရောက်ခါစက ထောင်ဝင်စာထွက် ချိန်များတွင် သူ၏ အခန်းသည် တံခါးပိတ်ထားပြီး နောက်ပိုင်းတွင်သူသည် နိုင်ငံရေး အကျဉ်းသားများ၏ ထောင်တွင်းနေထိုင်ပုံများကို သက်ဆိုင်ရာစစ်ထောက်လှမ်းရေးများထံပုံမှန်သတင်းပေးပို့သည်ဟု အများက သံသယဖြစ်ခဲ့ကြပုံများကိုလဲပြောပြသည်။

သူထောင်ကျနေစဉ် သူ့ထံကိုထောင်ဝန်စာလာတွေ့သော သူ့ဇနီးက လုံးကြီးပေါက်လှ၊ မျက်ခုံးမျက်လုံးကောင်းကောင်း၊ အရပ်မြင့်မြင့်နဲ့ စကားပြောအလွန်သွက်ပါတယ်။

ကံ ကံ၏အကျိုးလို့ပြောရမလား။ လူတကာကတုံးပေါ်ထိပ်ကွက် လုပ်နေသူတယောက် ထောင်ထဲကိုရောက်နေတုန်း သူ့ဇနီးဟာ နောက်ကွယ်မှာ တခြားတယောက်နဲ့ စခန်းသွားနေတာကိုလည်း ကျနော်တို့ကြားခဲ့ရတယ်။

ထောင်ဒဏ် ၇ နှစ် ၂ မှုနှင့် ထောင်သက်တမ်း ၁၄ နှစ် ကျခံရသော်လည်း ထောင်ကျပြီး၂ နှစ်ခန့်အကြာမှာပဲ ဖိုးကံကောင်း ထောင်ကလွတ်မြောက်သွားခဲ့ပါတယ်။

ထောင်ကနေ လွတ်မြောက်သွားခဲ့ပြီးနောက်ပိုင်း ထုံးစံအတိုင်း မြန်မာစစ်အစိုးရအာဘော်များမှာ ဖိုးကံကောင်း၊ ကပ္ပိယ ကံကောင်း၊ မောင်ရင်မှိုင်း၊ ဝေမှိုင်းညို စတဲ့ကလောင်အမည်စုံလင်စွာဖြင့် ဆက်လက် ၀ါဒဖြန့်ဆောင်းပါးများ ရေးသားခဲ့ ပါတယ်။

ထို့နောက် ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (D.K.B.A) ဗိုလ်ချစ်သူတို့နှင့် အတူနေထိုင်ပြီး နယ်စပ်ဒေသ မြန်မာ အတိုက်အခံအဖွဲ့များအကြား သွေးခွဲသပ်လျှိုမှုများကို အနီးကပ်စီစဉ်ခဲ့ပါသေးတယ်။

တပ်မဟာ ၇ နယ်မြေထဲအထိပါ ၀င်ရောက်နေထိုင်လှုပ်ရှားပြီးနောက်ဆုံး ကေအန်ယူမှ ဗိုလ်ချုပ်ထိန်မောင် (ခ) ဗိုလ်ချုပ်ဌေးမောင်နှင့် အပေါင်းအပါတချို့ကို သွေးထိုးမှုများလုပ်ကာဖဲ့ထုတ်စည်းရုံးပြီး အလင်းဝင်ဇာတ်လမ်း အဖြစ်စီစဉ်သူများတွင် အဓိကအခန်းမှ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။

နယ်စပ်ဒေသ ရောက်လာတဲ့အချိန်မှာ သူဟာ တတိယနိုင်ငံအခြေချနေထိုင်ရေးအတွက်ပါ နီးစပ်ရာတချို့ကိုချည်းကပ် ပြီးကြိုးစားခဲ့ပါသေးတယ်။

ဒီအပြင် ချင်းမိုင်အခြေဆိုက် ဧရာဝတီသတင်းဌာနကိုတောင် သူ့ရဲ့ခါးကြား သေနတ်ထိုးချိတ်ထားတဲ့ ဓာတ်ပုံပို့ပြီး အလုပ် လျှောက်ခဲ့ပါသေးတယ်။

အဆိုးရွားဆုံး လုပ်ရပ်တခုအနေနဲ့ ကေအန်ယူ အထွေထွေအတွင်းရေးမှူး ပတိုမန်းရှာ လုပ်ကြံသတ်ဖြတ်မှုမှာ သူ က အဓိကစီစဉ်ခဲ့တဲ့အခန်းကဏ္ဍက ပါဝင်ပတ်သက်နေတယ်ဆိုတဲ့သတင်းတွေက နယ်စပ်ဒေသမှာ သင်းပျံ့ကျန်ရစ်နေ ဆဲပါ။

အဲဒီအော်ပရေးရှင်းကြီးကို စီစဉ်ပြီးတဲ့နောက်မှာ ဖိုးကံကောင်း ပြည်တော်ပြန်ခရီးအတွက် ရိက္ခာအပြည့်သယ်သွားခဲ့ တယ်ဆိုတာလဲ နယ်စပ်အတိုက်အခံအသိုင်းအ၀ိုင်းထဲမှာ စိတ်နာနာပြောဖြစ်နေတဲ့ စကားလုံးတွေအဖြစ် ယခုထိကျန် ရှိနေပါသေးတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီပဲယင်းလုပ်ကြံမှုကြီးကြောင့် လူထုက ဒေါသအမျက် ထွက်နေချိန်မှာ မောင်ရင်မှိုင်း ကလောင်နဲ့ တပ်မတော်ခေါင်းဆောင်များနှင့် ဘယ်လို လျှို့ဝှက်တွေ့ဆုံခဲ့တယ် ဆိုတာ တွေကိုလည်း ဆောင်းပါးတွေရေးပြီး သတင်းဓာတ်ပုံတွေနဲ့တကွ ဖော်ပြခဲ့တယ်။

ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်တွေ နဲ့ စစ်ခေါင်းဆောင်များကြား ယုံကြည်မှုတည်ဆောက်တဲ့ တွေ့ဆုံမှုတချို့ကို သတင်းဓာတ်ပုံများ ဝေေ၀ဆာဆာဖော်ပြခဲ့ခြင်းသည် ကတိကို ချိုးဖောက်ခြင်းဖြစ်ပါတယ်။။

NLD ဘက်ကတော့ သဘောတူထားတဲ့ ကတိအတိုင်းယခုအထိ စစ်ခေါင်းဆောင်များနဲ့ တွေ့ဆုံပြောဆိုခဲ့မှုဖြစ်စဉ် သမိုင်း ကြောင်းများကို အခုထိအတိအလင်း မဖော်ပြပါဘူး။ ကတိကို ယခုထိလေးစားဆဲပါ။

ဆရာရင်း စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် အပေါင်းအပါများ ရာဇပလ္လင်ပျောက် ထောင်နန်းရောက်ကြချိန်မှာတော့ အရှောင်အတိမ်းကောင်းတဲ့ လူစွမ်းကောင်း ဖိုးကံကောင်းကတော့ ခေတ်ကောင်း နေဆဲပါပဲ။

အခုတော့ ဖိုးကံကောင်း တယောက် နေပြည်တော် ဗိုလ်သခင်ဆရာအသစ်များအပေါ် သစ္စာစောင့်သိဆဲအဖြစ် အမည်ပျောက်နဲ့ ဆက်လက်ဝါဒဖြန့်နေဆဲဆိုတဲ့ သတင်းတွေက ယခင် ထောက်လှမ်းရေးဟောင်းများကြား ပြောနေ ကြပါတယ်။

ယခင်စစ်ထောက်လှမ်းရေးများက ဖိုးကံကောင်းကို နှစ်ပြန်ကျော် ထောက်လှမ်းရေးသမားရယ်လို့ ကင်ပွန်းတပ်ကြပါ တယ်။

ပြန်လည်ဖွဲ့မယ်ဆိုပြီး သတင်းကြီးနေတဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့မှာ ဘယ်လိုအခန်းကဏ္ဍက ဖိုးကံကောင်း ပါ လာမှာလဲနဲ့ ခေါင်းနောက်အောင် ရှုပ်ရှုပ်ထွေးထွေးလုပ်နေတဲ့ အင်တာနက်မီဒီယာပေါ်က စိတ်ဓာတ်စစ်ဆင်ရေးတွေ မှာ ဖိုးကံကောင်း ဘယ်လိုတာဝန်တွေ ယူနေသလဲဆိုတဲ့ မေးခွန်းတွေကတော့ လူအများက သိချင်နေတဲ့ မေးခွန်းတွေပဲဖြစ် ပါတော့တယ်။

လင်းသန့်

13 comments :

  1. Anonymous said... :

    လှဌေးက ဗိုလ်ကြီးမဟုတ်ပါ ။ ဒု-တပ်ကြပ် အဆင့်နဲ့ တပ်ကထွက်ခဲ့တာဖြစ်ပြီးအ ကြောင်းက ခွင့်မဲ့ ပျက်ကွက် ဖြစ်ကာ ထောင်ကျခဲ့ပါတယ် ။ ထောင်ကထွက်ပြီး ထိုစဉ်က စစ်ပြန်မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် မှူးသမိန်ထံ ဗိုလ်ချုပ်စိန်လွင်ယောင်ဆောင်ဖုန်းဆက်ခဲ့ပါတယ် ။ သူ့အတွက် အလုပ်တစ်နေရာ ပြောတာဖြစ်ပြီး မှူးသမိန်ကလည်း ဗိုလ်ချုပ်စိန်လွင်တူ အရင်းထင်မှတ်ကာ အယ်ဒီတာရာထူးခန့်အပ်တာဝန်ပေးပါတယ် ။ တစ်ခုသော လွတ်လပ်ရေးနေ့ ညစာစားပွဲမှာ ဗိုလ်ချုပ်စိန်လွင်နဲ့ မှူးသမိန်တို့ တွေ့ဆုံမိရာမှ အလိမ်ပေါ်ပြီး ဒုတိယံမိ ထောင်ကျပါတယ် ။ ၈၈ ထောင်ခါတဲ့အထဲပါလာပြီး ထိုစဉ်က ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေနဲ့ ၀င်လုံးပြီး စာရေးသူ ပြောထားတဲ့ ဇတ်လမ်းမှာပါတဲ့အတိုင်း ၀င်ရောက်လှုပ်ရှားခဲ့တာပါ ။ခုတော့ ခွေးသေ၀က်သေ သေခဲ့ပါပြီ ။ သမိုင်းလေး တည့်ပေးတာပါ ။ စာရေးသူကို ၀င်ဆရာမလုပ်တာ နားလည်ပေးစေလိုပါတယ် ။ ဆိုလိုချင်တာက ကကလှမ်းခေတ်မှာ ဘာမှမဟုတ်ဘဲချော်လဲရောထိုင်သူတွေ အများကြီးဆိုတာပါဘဲ ။

  1. Anonymous said... :

    ဒီလိုဆောင်းပါးမျိုး များများဖတ်ချင်တယ်ဗျာ

  1. charlie said... :

    ဒက်ထိ၊ကွက်တိပါပဲကိုလင်းသန့်ရယ်အချိန်ကိုက်လေးပါပဲ၊
    အားလုံးဖတ်သင့်သောဆောင်းပါးပါ၊မြက်ဆိုတာအမြဲတန်းရိပ်
    ပေးနိုင်မှတော်ကာကျတယ်ဆိုတာနဲ့မရိပ်တာကြာရင်ခြံရောအိမ်
    ပါဖုံးလွမ်းသွားနိုင်တယ်ဆိုတာသတိပြုကြဖို့ပါ၊kNU တို့DKBAတို့
    လည်းမိမိ၏နယ်မြေထဲတွင်မြက်များဖုံးလွမ်းမှုနှင့်အတူပါလာသော
    မြွေများကို၊(ဖဒိုမန်းရှာ၏အဖြစ်ကိုသံဝေဂယူ၍)သုတ်သင်သင့်
    ပြီဖြစ်ပါသည်။

  1. Anonymous said... :

    နောက်ဆုံးတော့ သံဝေဂ ရမိတာက သူလည်း အသုံးချခံနေရတာပါဘဲ..။ သူများအတွက် လုပ်ပေးနေတာပါဘဲ..။ သေချာတာကတော့ ဘယ်တော့မှ လူထုထဲမှာ ရေပန်းစားမှာ မဟုတ်ဘူး..။ နာမည်ကြီး၊ အာဏာရချင်တဲ့ လူတွေ အတွက်ပဲ သူလုပ်ပေးနေရတာ..။ သူ.ဘ၀ဟာ သနားဖို.တော့ ကောင်းပါတယ်..။ ဒါပေမယ့် ကစားပွဲမှာ အကွက်မှားသွားရင်တော့ လူမသိသူမသိ နိဂုံးချုပ်သွားလိမ့်မယ်..။

  1. Anonymous said... :

    ဒီလို သမိုင်းတွေကို ရေးပေးတာ ကောင်းပါတယ်။ ဖြစ်နိုင်ရင် ကလိမ်ကျစ် ဖိုးကံကောင်း အမည်ခံ ဓါတ်ပုံလေး ကို ပါ ပြန်တင်ပေးစေချင်ပါတယ်။ မကြာမကြာ မှတ်တမ်းတင်ပေးပါ။ အတော်ကို ယုတ်မာကောက်ကျစ်တဲ့ လူပါ။ နိုင်ငံတော် ကို ဖျက်ဆီးခဲ့တဲ့ သူတွေရဲ့ သမိုင်း တွေ စစ်ထောက်လှမ်းရေး တစ်ခေတ်ကောင်းစဉ်က လုပ်ရပ်ဆိုးတွေကို ပြည်သူဘက် ရပ်လာတဲ့ စစ်သည်တော် ညီအကိုတွေ က တင်ပြ ဖော်ပြပေးရင် ပြည်သူကို ကျေးဇူးပြန်ဆပ် ကြပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

  1. Anonymous said... :

    Hmu Thamein (Col. Saw Myint) is Mahaythi chief editor.

  1. သိပ်ကောင်းတဲ့ ဆောင်းပါးပါ။ တခု ပိုဖြစ်စေချင်တာကတော့ ဆောင်းပါးရှင်ပြောကြားချက်အရ ဧရာဝတီမှာ သေနတ်ခါးကြားထိုးဓာတ်ပုံနဲ့ အလုပ်လျှောက်သွားတယ်ဆိုတော့ မဟုတ်ဘူးဆိုရင် အဲဒီ စာပိုဒ်ပါလာမယ်မထင်ဘူးနော်။ ပါလာတယ်ဆိုရင်လဲ ဘာလို့  အဲဒီဓာတ်ပုံနဲ့  ပူးတွဲဖော်ပြသလဲမသိဘူး။ ဒါဆိုရင်အဲဒီဆောင်းပါးကို ၉၀ ရာနှုန်းလောက်အထိ ယုံကြည်နိုင်တာပေါ့။ ဧရာဝတီရေ ဓာတ်ပုံလေး ဖြည့်ပေးပါအုံး။

  1. Anonymous said... :

    မှုးသမိန် ဆိုတာကကျနော်တို.သိတာကတော့မဟေသီ မှာအယ်ဒီတာချုပ်လုပ်ခဲ့တယ်ဗျ။အခုဆောင်းပါးမှာပါတဲ့စစ်ပြန်မှာဆိုတာမဟေသီအရင်လားမသိဘူး။နောက်တစ်ခုကမြန်မာ့အလင်းတို.မှာပါတာကဖိုးကံကောင်းနာမည်မဟုတ်ဘဲ(ဖေကံကောင်း)လို.ထင်တာဘဲ။ဖေကံကောင်းကလောင်နဲ.သာအများဆုံးတွေ.ဖူးပါတယ်။

  1. Anonymous said... :

    လူမှားကုန်ကြပြီလားမသိ

  1. Anonymous said... :

    how about dr lun swe, he might also be the junta proxy...be careful

  1. Anonymous said... :

    Dear IRRAWADDY,
    I hope that the news and information are valid and accurate. Otherwise there will be two consequences.
    1) misleading.
    2) defamation.
    3) credibility of Irrawaddy will be questionable.
    A commentator is requesting to post the photo of the person in question. Can you do it as soon as possible.
    We hope that you (as investigative journalists) will also check on Dr Lun Swe.

  1. Anonymous said... :

    Pls check photo here http://www.irrawaddyblog.com/2011/04/blog-post_7993.html

  1. Anonymous said... :

    ဖေကံကောင်းမဟုတ်ဘူးလား။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved