အာဏာရဲ့ တန်ဖိုး

Friday, April 29, 2011

ကျားပေါက်

နေရာနဲ့ အာဏာက လူတိုင်းကြိုက်တဲ့ ကုန်ပစ္စည်းတမျိုးပါ။ အာဏာမရှိရင် ဘာမှလုပ်မရသလို၊ အာဏာရှိနေတဲ့အချိန်မှာ ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်အာဏာကို ကာကွယ်ပေးကြမယ့် သူတွေအတွက် အာဏာရဖို့၊ ရပြီးရင် တည်မြဲဖို့၊ တည်မြဲရာကနေဆက်ပြီး အာဏာစက် ကြီးထွားစေဖို့ ကြိုပမ်းရပါတယ်။

မြန်မာနိုင်ငံမှာ အာဏာရဲ့တန်ဖိုးကို ဦးနေဝင်းက ၁၉၆၂ ကစပြီး ဘယ်လောက်အရေးပါကြောင်း ပြခဲ့ပြီးပါပြီ။ တံခါးပိတ် စီးပွားရေးမှာတော့ အာဏာက စစ်တပ်ရဲ့ သေနတ်ပြောင်းဝမှာ တည်ခဲ့ပါတယ်။ နဝတ၊ နအဖ ခေတ်ရောက်ပြန်တော့ တပ်မင်းများ အာဏာမင်းမူရာကနေ တိုင်းရင်းသား အပစ်ရပ်အဖွဲ့များလည်း သေနတ်ရှိတာမို့ အာဏာကို နယ်တွေမှာ ခွဲပေးခဲ့ရပါတယ်။


အာဏာရှင်တွေ မင်းမူတဲ့ မြန်မာနိုင်ငံမှာ ဒုတိယ အာဏာအရှိဆုံးက စီးပွားရေးသမားပေါက်စတွေ ဖြစ်လာပါတယ်။ ဈေးကွက် စီးပွားရေးမူဝါဒက ရေမြင့်လာတဲ့ ကြာပန်းများလို တင့်တယ်လာခဲ့ပါတယ်။


အာဏာကို လက်နက်အားကိုးနဲ့ယူ၊ လက်နက်အားကိုးနဲ့ ထိန်းနိုင်ခဲ့ပေမယ့်၊ ကျေးဇူးရှင် စီးပွားရေးတဖြစ်လည်းတွေဆီက မျက်နှာကို တည်နိုင်သလောက် တည်တည်ထားပြီး ကြံရဖန်ရတော့ အတောင်းကြမ်းတဲ့ ဗိုလ်ချုပ်ဝင်းမြင့်တို့ အိမ်နိမ့်စံသွားရတယ်။

အာဏာကို အကြောင်းပြ၊ ပရောဂျက်ချပေးမှ စားနေရာကနေ မိသားစုဝင်တွေ စိတ်ဝင်စားမှုရှိလာတာနဲ့ အမျှ စီးပွားရေးသမား တဖြစ်လည်း ဗိုလ်ချုပ်ကြီးများရဲ့ သားသမီးများလည်း တန်းဝင်လာတယ်လို့ ဆိုရပါမယ်။
ဒီအရသာက ဘာနဲ့မှမတူပါ၊ ဦးသိန်စိန် အစိုးရသစ်ထဲပါဖို့၊ တပ်ချုပ်သာ နိုင်ငံဥသျှောင်ဖွဲ့ခဲ့ရင် ဆိုတာကို စိတ်ကူးယဉ်ပြီး ရတာအကုန်ယူ စနစ်ကျင့်သုံးကြစို့လို့ ရင်ထဲမှာ ကြွေးကြော်နေခဲ့ကြတယ်။ အဲလို နေလာရာက တပ်ချုပ်ရဲ့ “ရှေ့မထွက်တော့ဘူး သီအိုရီ” မှာ အလဲလဲအကွဲကွဲ ဖြစ်ပြီး အာဏာအားပြိုင်မူရဲ့အစ၊ ထောက်ပို့ဆရာများကို ရှင်းထုတ်ရေး၊ ကြမ်းကြမ်းတမ်းတမ်းကစားမယ့် ဦတင်အောင်မြင့်ဦးလို လူကိုထိန်းရေး အစရှိတဲ့ အရှုပ်အရှင်းတွေ ဖြစ်လာတယ်။ သင်္ကြန်မှာ သူများပျော်လို့ မပျော်နိုင်တဲ့ ဗိုလ်ချုပ်ဟောင်းကြီးများ လှုပ်ရှားမှုတွေ ဗူးပေါ်သလို ပေါ်ပြီလို့ ဆိုပါတယ်။

ဖြစ်တာက ဒီလိုပါ ထူးဆရာကြီး ဗိုလ်တေ (ကိုတေဇ) က နအဖလက်ထက် ဦးပိုင်အတွက် တင်သွင်းပေးရမယ့် စားအုန်ဆီတွေ မသွင်းပေးဘဲ အစိုးရထံ လျော်ရန်ရှိ ဒေါ်လာ သန်း ၄၈၀ ကနေစပါတယ်တဲ့။ ဒုသမ္မတ တင်အောင်မြင့်ဦးက ဗိုလ်တေ ပေးရန်ရှိ ဒေါ်လာသန်း ၄၈၀ ကို သူ့အစိုးရအဖွဲ့ကို ပြန်လည် ပေးသွင်းရန်လို့ အမိန့်ပါရှိပါတယ်။

ဗိုလ်တေတယောက်တည်း သန်း ၄၈၀ သုံးတာတော့ မဟုတ်ပါ။ တပ်ချုပ်ခိုင်းသမျှ လုပ်နေရလေတာ့ ဒီကငွေ ဟိုပေး၊ ဟိုကရတဲ့ငွေ ဒီပို့။ ဗိုလ်တေလို့ နာမည်တွင်တဲ့ ထူး ဆရာကြီး မျက်ဖြူဆိုက်နေတယ်လို့ ဆိုပါတယ်။
ဗိုလ်တေ ကန့်လန့်တိုက်မှာကို ဒုသမ္မတ တင်အောင်မြင့်ဦး စိတ်မပူပါ၊ ဥပဒေအရ အရေးယူသည်ဖြစ်စေ၊ ပြည်သူပိုင် သိမ်းသည်ဖြစ်စေ လုပ်နိုင်တာပေါ့။ ဒုသမ္မတ တင်အောင်မြင့်ဦးက ထူးရဲ့ ဝန်ထမ်း ၃ သောင်း ကျော်နဲ့ နှစ်စဉ် ဒေါ်လာ သန်း ၅၀၀ ကို အနှောက်အယှက် ပေးလိုမှုမရှိပါလို့ သူနဲ့ရင်းတဲ့ ကိုဟုတ်စိန်က ရဲရဲကြီး အာမခံပါတယ်။ ကိုဟုတ်စိန်က နာမည်ကြီး မဟုတ်ပေမယ့် ဗိုလ်တေ ချမ်းသာသလောက်တော့ မမှုသူတယောက်ဖြစ်သလို ဒုသမ္မတကြီးရဲ့ အနီးကပ် စီးပွားရေးသမားတယောက်လည်း ဖြစ်ပါတယ်။

ဗိုလ်တေလည်း အပြုံးမပျက်ပါ။ ဗိုလ်ချုပ်အေး၊ ဦးရွှေမန်းနဲ့ သမ္မတသစ်ကြီးကို အပူကပ်ပြီပေါ့။ ဗိုလ်တေ လုပ်နေရတာတွေကို ပျက်စီးရာ ပျက်စီးကြောင်းဖြစ်လာပြီလေ။ ဗိုလ်တေတယောက်တည်း ခံရမှာမှ မဟုတ်တာ၊ သန်း ၄၈၀ အမှုက တပ်ချုပ်မိသားစု ဘဏ်စာရင်းတွေပါ အနှောက်အယှက် ပေးခံရတော့မယ်။

ဒါနဲ့ပဲ ဗိုလ်ချုပ်အေး၊ ကိုရွှေမန်း၊ ကိုသိန်းစိန်တို့ တပ်ချုပ် အိမ်ကို ချီတက်ဖို့ စီစဉ်လိုက်ကြတယ်။ ကကကြည်းရဲ့ ဆရာ ကာချုပ် (ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်) က နှာစေးနေတယ်လို့ ဆိုပါတယ်။ ကာချုပ်က လူသစ်ဆိုတော့ ဗိုလ်တေ့ အလှူမှာ မစားရသေးလို့ပါ။ ဒါပေမယ့် တပ်ချုပ်က ကိုယ်ပိုင်အိမ်က စာကြည့်တိုက်ထဲမှာ စာဖတ်နေပါတယ်တဲ့။ ဘယ်သူနဲ့မှ မတွေ့ချင်သေးဘူးလို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ညနေပိုင်းမှာတော့ ဒီသတင်းတွေကြောင့် မယ်တော် ကြိုင်ကြိုင်တယောက် သွေးတက်နေလို့ ဒေါက်တာ ပိုင်စိုး သွေးတိုင်းရင်း တပါတည်း ကန်တော့ပြီး ပြန်လာပါတယ်။

“အမှုကြီးလာလေ နေပြည်တော်မှာ ခေါင်းချင်းဆိုင်မှုတွေများလေ”

ဒု သမ္မတက သတ္တိကို သူ့ရဲ့ဘွဲ့နဲ့ ယှဉ်ကြည့်နိုင်ပါတယ်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ရေနံချက်စက်ရုံ၊ စီးပွားရေးဇုန် (၃) မှာ စနစ်တကျနဲ့ ငွေရှာနိုင်ခဲ့တဲ့ ဒု သမ္မတက ဘောလုံးဆရာနှင့် နယ်စပ်ဆက်သွယ်ရေး တာဝန်ခံ ကိုထွန်းမြင့်နိုင် အကူအညီနဲ့ ဗိုလ်တေရဲ့ ထိပ်ပိုင်းကိုပေါင်း၊ ဦးပိုင်ငွေသုံး နည်းဗျူဟာလောက်တော့ သနားမိမှာပါ။ ဒါကြောင့် တပ်ချုပ် မွေးစားသား အရင်းခေါက်ခေါက်ကို တပ်ချုပ်နေရာက ဖယ်တာနဲ့ စပြီးတိုက်တာပါလို့ ဆိုပါတယ်။

တပ်ချုပ် ဦးသန်းရွှေရဲ့ အဓိက ပြဿနာက ထူးဆရာရဲ့ စီးပွားရေးတွေထဲ မြှုပ်ထားသလို (မိသားစုက ရှယ်ယာခွဲခြင်း ဖြစ်ပါတယ်၊ ကိုယ်ပိုင်ငွေမြှုပ်ခြင်းမဟုတ်) ဆွေးမျိုးပေါက်ဖော် စီမံကိန်းများက ရာနဲ့ချီတဲ့ ဒေါ်လာသန်းပေါင်းများစွာအကြား ဝေခွဲမရတဲ့အတွက် ထူးဆရာရဲ့ ပြဿနာကို အဖြေမပေးဘဲ စာကြည့်တိုက်ထဲ သူရဲဘောကြောင်ကြောင် ပုန်းအောင်နေခြင်းပါ။ ဗိုလ်တေကို ထိရင် အားလုံးပါနိုင်တယ်လို့ ဆိုပါတယ်။ တပ်ချုပ်မိသားစုအကြား အစည်းအဝေးထိုင်ဖို့ လိုနေပြီလေ။

တပ်ချုပ်အနေနဲ့ပိုလို့ သေချာအောင် တပ်ချုပ်လက်ထောက် ဗိုလ်မှူးချုပ် နေဝင်းကို ကျန်းမာရေးအကြောင်းပြ အငြိမ်းစားယူစေပြီး ဗိုလ်မှူးချုပ် စိုးရှိန်နဲ့ ဗိုလ်မှူးကြီး မြင့်ကြည်တို့ ၂ ယောက်ကို အရန်အင်အား အဖြစ်ပြောင်းပြီး နေပြည်တော်မှာ တွဲဖက်ထားတဲ့အတွက် အတွင်းလုံခြုံရေးကို တင်းကျပ်စေပါတယ်။ အကယ်၍များ အခြေအနေ မကောင်းခဲ့ရင် ဆိုတာကို ပိုပြီးတော့ သတိထားလာတယ်လို့ ဆိုပါတယ်။
ဒု သမ္မတ တင်အောင်မြင့်ဦးရဲ့တိုက်ကွက်တွေ ကြမ်းလာတာ အာဏာရဲ့ အားပြိုင်မှု အစိတ်အပိုင်းတခု ဖြစ်တယ်ဆိုတာ တပ်ချုပ် လုံးလုံးသဘောပေါက်ပါတယ်။

“မင်းတို့တွေ တိုင်းပြည်ရဲ့တာဝန် ဆက်ယူကြပါ” ။ စကားတလုံးက ဒုသမ္မတ တင်အောင်မြင့်ဦး အတွက် အင်မတန်မှ တာဝန်ကျေရမှာဖြစ်ပါတယ်။ တာဝန်မဲ့ခွင့် မရှိပါ။ နအဖ လက်ထက် တလျှောက်လုံးမှာ မကြားဘူးတဲ့ “မင်း ၁၀ နှစ်က သေးပန်းထားတဲ့ နေရာကို ရေဝတ်နဲ့ ပြန်သုတ်ကွ” မူဝါဒက ဒုသမ္မတ မူဝါဒသစ်အဖြစ် သမ္မတကို ကျော်လွန်ပြီး ချမှတ်လိုက်ပါပြီ။

ဗိုလ်ချုပ်အေး၊ ကိုရွှေမန်းနဲ့ ကိုသိန်းစိန်တို့ တပ်ချုပ်ကို အားမကိုးနိုင်တော့ပါ။ ကိုရွှေမန်းခမျာ မိုးကျလို့ ဇာတ်အငှား မလိုက်ရတဲ့ ဇာတ်ဆရာလို၊ လွှတ်တော်အပြီး ဘာလုပ်ရမှန်းမသိအောင် ဖြစ်နေပါတယ်တဲ့။ ဒါပေမယ့် ဒု သမ္မတ တင်အောင်မြင့်ဦး ရမ်းကားသမျှ ငုံ့ခံဖို့ သမ္မတ သိန်းစိန်က လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။
အမေကြိုင်ခမျာ သားကြီး ကိုတေဇနဲ့ သားငယ် ကိုဇော်ဇော်အကြား ဘာလုပ်ရမှန်းမသိလို့ သွေးတက်သွားတာကြောင့် ဆရာပိုင်စိုးနဲ့ ဆရာ သန်းအောင် (ဗိုလ်ချုပ်ဟောင်း) တို့ တပ်ချုပ်အိမ်ကို မည်သူမျှ မလာရကြားက ဝင်သွားခဲ့ရတယ်။

ဒေါ်ကြိုင်ကြိုင်ကတော့ တရုတ်ပြည်က အိမ်က ကောင်းပေမယ့် စင်္ကာပူက ရာသီဥတုမျှတတယ်ဆိုပြီး ကိုတေဇဘက် အလေးသာတာကို ပေါက်ဖော်ငွေနဲ့ သူဌေးဖြစ်သွားတဲ့ ဒု သမ္မတနဲ့ သူ့နောက်လိုက်တွေက တရုတ်ပြည်ဟာ တပ်ချုပ်ရဲ့ ခေါင်းချမယ့်နေရာအသစ်၊ စီစဉ်ပြီးကာမှ အကွက်မဝင်တဲ့အတွက် ကိုတေဇကို စပြီး ပစ်မှတ်လုပ်ပြီလို့ ဆိုပါတယ်။

တပ်ချုပ်ရင်ထဲမှာတော့ အာဏာကို တရားဝင်စွန့်ကတည်းက ဖြစ်လာနိုင်မယ့် အခြေအနေတွေကို ကြိုပြင်ဆင်ထားပေမယ့် ဒေါ်ကြိုင်ကြိုင်ကတော့ ခံစားနေရပါတယ်။ ဒေါ်ကြိုင်ကြိုင်ဟာ သူ့ယောက်ျားဖြစ်တဲ့ သူက ငယ်သားတွေ အချင်းချင်းမတည့်အောင်၊ တယောက်နဲ့ တယောက် ရန်စောင်နေအောင် ထားထားတာကိုမမြင်ဘဲ သင့်မြတ်အောင် မနေတတ်ကြပါလားလို့ ဆိုတယ်တဲ့။

တပ်ချုပ်အိမ်ဝမှာသာ တိုင်စာတွေပုံခဲ့ရင် တပ်ချုပ်အိမ်ထက်တောင် ပိုမြင့်သွားနိုင်တယ်လို့ အတွင်းသိတဦးက ဆိုပါတယ်။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီအောက်ကနေ စည်းကမ်းရှိရှိ စားကြကွာလို့ ပြောပေမယ့် ပြည်နယ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ (ယခင် ကထစမှူးနဲ့ အရပ်သားတချို့) အား တိုင်းမှူးသစ်တွေ စိန်ခေါ်တာကို ဒု သမ္မတ တင်အောင်မြင့်ဦးက စိတ်မဝင်စား၊ ဗိုလ်တေခေါင်းကို ဖြတ်ရင် ကိုရွှေမန်းသားတွေရဲ့ ဇက်ဖြတ်ပြီးသား ဖြစ်မယ်၊ ဗိုလ်ချုပ်အေးရဲ့ စစ်ပြေငြိမ်းရေး တောင်းဆိုမှုရမယ်၊ သမ္မတသစ်ကို နှလုံးအစားထိုးစက် ရပ်အောင်လုပ်မယ်၊ ထူး ဝန်ထမ်း ၃ သောင်းကို Max ကုမ္ပဏီက လွှဲယူမယ်၊ နိုင်ငံတော် အာဏာကို သတ္တိရှိသူသာ ဦးဆောင်သင့်တယ်ဆိုတာကို နှလုံးမူပြီး နေပြည်တော် အာဏာသိမ်းပွဲ၊ မင်းသစ် နန်းတက်ပွဲ လုပ်ချင်နေပါပြီလို့ ဆိုပါတယ်။

ဒု သမ္မတ တင်အောင်မြင့်ဦးက တပ်ချုပ်ရဲ့ စဉ်းစားမှု နှေးကွေးတာကို အခွင့်ကောင်းယူပြီး နောက် ၆ လ အတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အာဏာသစ်တခု အမြန်ပဲ တည်ဆောက်နိုင်မလား၊ ဗိုလ်ချုပ်အေး၊ ဦးသိန်းစိန် တို့ ယာယီမဟာမိတ်လုပ်ပြီး မိသားစုအကျိုးစီးပွား အာမခံချက်ရှိအောင်၊ အခြားအခြားသော မိသားစု အကျိုးရှိရေးကို ဦးထိပ်ထားသော ဗိုလ်ချုပ်ကြီးများ အာဏာနဲ့ ငွေရဲ့ တန်ဖိုးအတွက် ခံစစ်ကနေ တိုက်စစ်အသွင်ပြောင်းမှာလား ဆိုတာ ပိုပြီးမြင်သာနေပါပြီ။ တပ်ချုပ်ကတော့ အရံအင်အားကနေပြီး တဆင့်ပြန် အသက်သွင်းမယ့် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ပြန်လာမှာလားဆိုတာ ဆက်လက် လေ့လာကြပါစို့။

6 comments :

  1. Anonymous said... :

    နာမည်ရင်း မဖေါ်ပြပဲ ပြောတာ မယုံနိုင်ပါ။ တကယ်ဖြစ်ခဲ့ရင်တော့ ကောင်းတာ ပေါ့။ ကျေးဇူးပါပဲ။

  1. Anonymous said... :

    အဲဒီ ၈-လုံးဆိုတဲ့ ဘဲကြီးကို ကြည့်လို.ကိုမရဘူး။ ရုပ်ကိုက အာဏာပြမဲ့ရုပ်မျိုး။ သူ ကုန်သွယ်ရေးကောင်စီဥက္ကဋ္ဌ လုပ်ပြီး လောင်စာဆီကိုင်တယ်၊ ကားကိစ္စ ကိုင်တယ်..။ တလွဲချည်းဘဲ..။ ဟောက်စားပဲ တတ်တယ်..။

  1. Anonymous said... :

    dear Ko Kyar -
    good talt good tel dar bay melt bar ggod hman talt ma thi.ah lone good aung lone la nel nel site ba khin nya.

  1. Anonymous said... :

    ဒီအဆင်တွေကတော့...ရိုးနေပါပြီ...အခုပဲ ထသတ်တော့မလို.အမှုန့်ပဲကြိတ်ကြတော့မလိုနဲ့...နောက်ဆုံးအကိုကြီးစား...ညီလေးစားနဲ့...ရန်ကုန်တမြို့လုံးတက်တက်ပြောင်အောင်..မ...ပြီးသွားပြီ...လာပြန်ပြီ..နောက်ဇတ်လမ်းတခု..တန်တော့......နောက်နှစ်၁၀၀..ညီညွတ်ရေးနဲ့..အသက်ရှည်ရှည်..ခင်ခင်မင်မင်..လက်ရည်တပြင်တည်း...ရှိတာတွေအကုန်လုံးရောင်းစားမယ်...ဆိုတာမျိုးများလား....

  1. Anonymous said... :

    ဒီလိုမျိုး လုပ်ဇာတ်တွေ ရိုး ဟိုး ဟိုး နေပြီ ဧရာဝတီရေ။ ဒီလို မဟုတ်က ဟုတ်က ဇာတ်လမ်းလေးတွေကို လူတွေစိတ်ဝင်စားအောင် အတည်အပေါက်နဲ့ ပို့ ပေးတာက စစ်အုပ်စုရဲ့ မီဒီယာကို မီဒီယာနဲ့တိုက်တဲ့ စိတ်ဓါတ်စစ်ဆင်ရေးတစ်ခုပါဘဲ။ ဒီဆောင်းပါးကို အပေါ်ယံကြည့်ရုံနဲ့တင် ၀ါဒဖြန့် ချိမှုတစ်ခုဆိုတာသိသာပါတယ်။ နံပါတ် ၁ က လူတွေက ဒီသတင်းဖတ်ပြီး စိတ်ဝင်စားကြမယ်။ စစ်အုပ်စုချင်းတိုက်နေကြပြီဆိုပြီး အားရ၀မ်းသာဖြစ်ပြီး ပေါက်ကွဲသံစဉ်တွေ (ဥပမာ - ဆန္ဒပြမဲ့လူတွေ၊ အတိုက်အခံလုပ်မဲ့လူတွေက မလုပ်တော့ဘဲ သူတို့ အချင်းချင်းထချကြတော့မယ်ဆိုပြီး လုပ်သင့်တာမလုပ်ဘဲ ထိုင်စောင့်ကြည့်ရင်း) အချိန်ကြာသွားပြီး ပျောက်သွားနိုင်တယ်။ နံပါတ် (၂) က သန်းရွှေကြီး စာဖတ်ခန်းမှာ တံခါးပိတ်နေတယ်ဆိုတာက သမ္မတ အုပ်ချုပ်မှုယန္တယားမှာ နောက်ကွယ်မှာ သူမပါတော့ဘူး သူသီးသန့် နေပြီ သူကိုယ်တိုင် ရန်ရှာခံနေတယ်ဆိုတာကိုပြချင်တာပါ။ သတိ သတိ - -

  1. Anonymous said... :

    တခွန်းတည်းပါ။
    Mafia !!!!
    ဒါပါဘဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved