စင်ကာပူ စာပေဟောပြောပွဲ ၂၀၁၁

Friday, May 6, 2011

ဤနှစ်သည်ကား စင်ကာပူနိုင်ငံတွင် နေထိုင်သော စာပေ၀ါသနာရှင်များအဖို့ စာပေဟောပြောပွဲ နှစ်ခု ကြုံကြိုက်ရသော နှစ်ဖြစ်ပါသည်။ ၂၀၀၉ နှင့် ၂၀၁၀ နှစ်များကမူ တစ်နှစ်တစ်ကြိမ် စာပေဟောပြောပွဲများကို သဇင်မဂ္ဂဇင်း နှင့် စာပေမြတ်နိုးသူများက ပူးပေါင်းစီစဉ်ခဲ့ကြပါသည်။

၂၀၁၁ ဧပြီလ ၂၄ ရက်နေ့တွင် သဇင်မဂ္ဂဇင်းက စီစဉ်သည့် စာပေဟောပြောပွဲကို စင်ကာပူအမျိုးသား တက္ကသိုလ်တွင် ကျင်းပခဲ့ပါသည်။ ဆရာဦးဘုန်း(ဓာတု)က “အိမ်” ခေါင်းစဉ်ဖြင့်၊ ဆရာကျော်ဝင်းက “ကမ္ဘာပြားပြီ” ခေါင်းစဉ်ဖြင့်၊ ဆရာချစ်ဦးညိုက “ကျွန်တော်ခံစားမိသလို ပြောဆိုပါမည်” ခေါင်းစဉ်ဖြင့်၊ ဆရာအောင်သင်းက “ကိုယ့်မြေကိုယ့်ရေ” ခေါင်းစဉ်ဖြင့် ဟောပြောသွားခဲ့ကြပါသည်။









စာပေမြတ်နိုးသူများ က စီစဉ်သည့် စာပေဟောပြောပွဲကို ၂၀၁၁ ဧပြီလ ၃၀ ရက်နေ့တွင် စင်ကာပူပိုလီတက်ကနစ်ကျောင်း၌ ကျင်းပခဲ့ပါသည်။ ဧပြီ ၂၄ ရက်နေ့တွင် ကျင်းပခဲ့သော စာပေဟောပြောပွဲကို မတက်ရောက်နိုင်ခဲ့သော်လည်း ဧပြီ ၃၀ ရက်နေ့ပွဲကိုတော့ တက်ရောက်ခဲ့ပါသည်။ ရှေ့ကကျင်းပခဲ့သော ဟောပြောပွဲနှင့် တစ်ပတ်သာ ခြားစေကာမူ တစ်စောင်လျှင် စင်ကာပူ ၁၅ ဒေါ်လာနှုန်းဖြင့် ရောင်းချခဲ့သော လက်မှတ် ၁၂၀၀ အကုန် ကုန်သွားသည်ဟု စီစဉ်သူများက ဆိုပါသည်။ လူ ၁၅၀၀ ခန့်ဆန့်သော ခန်းမကြီးတစ်ခုလုံးမှာလည်း ပြည့်လျှံနေပါသည်။

ပထမဦးစွာ ဆရာမခင်ခင်ထူးက “အညာဓလေ့ ရွာဓလေ့” ခေါင်းစဉ်ဖြင့် ဟောပြောပါသည်။ ဆရာမ က အညာမှ ဓလေ့များ၊ ပြောဆိုသုံးနှုန်းပုံများ၊ အညာသူအညာသားတို့ ရိုးသားပုံများကို ဆွေမျိုးများ၏ ဥပမာတို့ဖြင့် ပြောပြသည်။ ဟောပြောရင်း လျော်ညီသော မြန်မာ့ဓလေ့ သီချင်းများကိုလည်း သီဆိုပြသွားပါသည်။

အညာသူအညာသားများသည် သံယောဇဉ်ကြီးတတ်ကြကြောင်း မိမိရပ်ရွာကို ခင်တွယ်ကြကြောင်း ချစ်သူများနှင့် ခွဲခွာရလျှင် အလွန်လွမ်းဆွေးတတ်ကြကြောင်းကို ငယ်စဉ်ဘ၀က မြို့တွင် ကျောင်းတက်သောအခါ အဘိုးနှင့် ခွဲခွာနေရစဉ် အတွေ့အကြုံများဖြင့် ပြန်ပြောင်း ပြောပြသွားသည်။ ချစ်ခြင်းမေတ္တာကို ဖော်ကျူးတတ်ကြသည့် မြန်မာတို့၏ ဓလေ့စရိုက်များကို နားထောင်ရသူတို့အဖို့ ဇာတိမြေကို လွမ်းဆွတ်စိတ်များ ဖြစ်လာအောင် စိတ်ဝင်စားဖွယ် ဟောပြောသွားပါသည်။

ဆက်လက်ပြီး ဆရာချစ်စံဝင်းက “အမေဟူသည် အလွမ်းသည်” ခေါင်းစဉ်ဖြင့်ဟောပြောရာတွင် အမေအကြောင်း သာမက အနုပညာအကြောင်း စာပေအကြောင်း သိကောင်းစရာများကိုလည်း နိဒါန်းအနေဖြင့် ပြောပြသွားသည်။

ဆရာချစ်စံဝင်းက အမေကျေးဇူး အမေ့မေတ္တာ ကြီးမားကြောင်းကို ပုံဝတ္ထုများ ပတ်ဝန်းကျင်အတွေ့အကျြုံများ ဖြင့် ပြောပြသွားသည်။ ဆရာ့မိတ်ဆွေ စာရေးဆရာ တက္ကသိုလ်ညိုဝင်းက ရပ်ဝေးနေ အမေ့ထံ သွားလည်စဉ် အဘွား၏ သွားကို ဆောင်ထားလျှင် ကျန်းမာတတ်သည်ဟူသော အဆိုအရ အမေ့သွားကြွေကျလာတာမျိုးရှိရင် မြေးအတွက် သိမ်းထားဖို့ ပြောခဲ့သည်။ အမေက သားကို ပေးချင်ဇောဖြင့် သားမပြန်ခင် တစ်ညလုံး သွားအခိုင်ကြီးကို ကြိတ်နုတ်ကာ မိုးလင်း သားပြန်ခါနီး ထိုသွားကိုပေးလိုက်သော ဆွတ်ပျံ့ဖွယ် ဇာတ်လမ်း ဖြစ်ပါသည်။

ဆက်လက်ပြီး အမေသာမက ဖခင်များ၏ မေတ္တာကလည်း ကြီးမားကြောင်း ပြောပြရာတွင် ငါးတန် အဖိုကြီးများက မိမိတို့ ကိုယ်ခန္ဓာထိခိုက်ပျက်စီးသည်အထိ ငါးသားပေါက်ကလေးများကို အစာရှာကျွေးခဲ့ပုံကို နယ်မှ ကြားသိခဲ့ရသော အတွေ့အကြုံ များဖြင့် ပြောပြပါသည်။ နိဂုံးတွင် အမေသဖွယ် မိဘသဖွယ် ဖြစ်သော မိမိတို့၏ တိုင်းပြည်အတွက်ကိုလည်း ပြည်ပရောက် လူငယ်များအနေဖြင့် မေ့လျော့မနေပဲ တတ်အားသမျှ ကျေးဇူးဆပ်ကြစေလိုကြောင်း တိုက်တွန်းသွားသည်။

ဆရာဖေမြင့် ကလည်း ပါဝါပွိုင့် စလိုက်ရှိုးကို သုံးကာ “ဘ၀တိုးတက်ဖို့ စာဖတ်ကြစို့” ခေါင်းစဉ်ကို စိတ်ဝင်စားဖွယ် ဟောပြောသွားပါသည်။ ဆရာက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများမှာ ဗဟုသုတ အသိပညာ တိုးစေသလို ဖျော်ဖြေမှု၊ စိတ်အားလှုံ့ဆော်မှုများလည်း ပေးကြောင်းရှင်းပြသည်။

ကမ္ဘာကို ကိုင်လှုပ်စေခဲ့သော စာအုပ်များ၏ ဥပမာများကိုလည်း ပြောသွားရာတွင် အမေရိကန်ပြည်တွင် တချိန်တခါက ပေါ်ထွန်းခဲ့သော ကျွန်စနစ် ပပျောက်ရေးအတွက် အထောက်အကူကောင်းတစ်ခု ဖြစ်ခဲ့သည့် စာအုပ်နှင့် အရင်းရှင်စနစ်၏ ဆိုးကျိုးများကို ဖော်ကျူးခဲ့သော စာအုပ်တို့လည်း ပါဝင်ပါသည်။

ထို့အပြင် မြန်မာ့သမိုင်းတွင်လည်း စာအုပ်စာပေ များဖတ်ရှုလေ့လာကြခြင်းဖြင့် နိုင်ငံရေးအတွေးအခေါ်များ နိုးကြားတက်ကြွလာကြပုံကို ပြောပြပါသည်။ အမေရိကန်သမတ အေဗရာဟန် လင်ကွန်း၊ ဗိုလ်ချုပ်အောင်ဆန်း တို့ အပါအ၀င် ခေါင်းဆောင်ကြီးများ၊ ကမ္ဘာတွင် ထင်ရှားအောင်မြင်သူများ သည် စာဖတ်ကြသူများဖြစ်ကြောင်း ဥပမာများပေးပြီး လူငယ်များကို စာပေလိုက်စားလိုစိတ်ဖြစ်ပေါ်လာအောင် တိုက်တွန်းသွားခဲ့ပါသည်။

နောက်ဆုံး အလှည့်ကျ ဟောပြောသူမှာ ဆရာအောင်သင်း ဖြစ်ပြီး “ရပ်ဝေးမြေခြား လူငယ်များသို့” ဟူသောခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။

ဆရာက အချိန်ဟူသည်ဘ၀၊ ဘ၀ဟူသည် အချိန် ဖြစ်ကြောင်းနှင့် အချိန်ကို အကျိုးရှိစွာသုံးစွဲရန် အရေးကြီးကြောင်း၊ ဘ၀ကိုတန်ဖိုးထားရန် မိမိတို့၏ အချိန်ကို တန်ဖိုးထားဖို့လိုကြောင်း လူငယ်များကို ရှင်းပြသွားသည်။

လူနှင့် တိရိစ္ဆာန်ကွဲပြားသည်မှာ လူတို့၏ ကျိုးကြောင်းဆင်ခြင်ပညာရှိခြင်း၊ ကိုယ်ကျင့်တရားရှိခြင်း အလှအပကို ခံစားမြတ်နိုးတတ်ခြင်း ဟူသည့် အရည်အသွေး ၃ ချက်ကြောင့်သာ ဖြစ်ကြောင်း ရှင်းလင်းပြောသွားသည်။

အချိန်ကို လုပ်အားစိုက်ထည့်ပြီး မိမိတို့ဘ၀တန်ဖိုးဆောက်တည်နိုင်ပုံကို မိမိဘ၀အတွေ့အကြုံများ၊ ဗိုလ်ချုပ်အောင်ဆန်း ကြိုးစားပုံ နမူနာကောင်းများ၊ ဘုရားလက်ထက် ဖြစ်စဉ်များ စသည့် ဥပမာမျိုးစုံဖြင့် စိတ်အားတက်ကြွစွာ ဟောပြောသွားပြီး လူငယ်များကို ဘ၀အောင်မြင်တိုးတက်ရေးအတွက် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ကြိုးစားကြရန် မှာကြားသွားသည်။

ဆရာ ၄ ဦး ဟောပြောအပြီးတွင် “သူတို့အမြင်” ဟူသည့် ဆွေးနွေးပွဲ အစီအစဉ် ကို တင်ဆက်ပါသည်။ ဟောပြောသွားခဲ့သော ဆရာ ဆရာမများအပြင် စင်ကာပူသို့ ရောက်ရှိနေသော ဆရာနေ၀င်းမြင့်ကိုပါ ဖိတ်ကြားထားပါသည်။ ဆရာများကို ပြည်ပရောက်သူတို့၏ ဘ၀၊ ယနေ့ခေတ်လူငယ်များအကြောင်း၊ အမျိုးသမီးငယ်တို့၏ ၀တ်စားဆင်ယင်ပုံ၊ ယနေ့ခေတ် ကလေးများအတွက် မြန်မာစာသင်ကြားမှုအခြေအနေ၊ ယဉ်ကျေးမှုပြောင်းလဲလာပုံ စသည်တို့နှင့် စပ်လျဉ်းသော မေးခွန်းများကို မေးမြန်းပြီး ဆရာဆရာမတို့ကလည်း အမြင်များကို အသီးသီး ပြောပြသွားပါသည်။

အခန်းအနားကို ဆရာများအား ဂါရ၀ပြုကြသော အစီအစဉ်ဖြင့် အဆုံးသတ်ခဲ့ပါသည်။ ည ၁၀ နာရီကျော်နေသော်လည်း ပရိသတ်အများစုမှာ ပြီးဆုံးချိန်အထိ စိတ်ဝင်တစား နားထောင်သွားကြပါသည်။ အဝေးရောက် မြန်မာများအတွက် အသိပညာ ဗဟုသုတရော စိတ်အာဟာရကိုပါ ပေးစွမ်းနိုင်သော ဤစာပေဟောပြောပွဲများ ဆက်လက်ထွန်းကားစေရန် ဆုတောင်းလိုက်ရပါသည်။

ကေအက်စ်

2 comments :

  1. DhammaWeb said... :

    ဆရာချစ်စံဝင်းက အရက်သောက်တာနှင့် သားသမီးတွေအတွက်လိမ်ရတာကို ယဉ်ကျေးမှုတစ်ခု၊ အစဉ်အလာတစ်ခုလိုပြောသွားပါတယ်။ ဟောပြောပွဲတွေမှာ ပြောလေ့ပြောထရှိပုံရပါတယ်။ ပရိတ်သတ်ထဲကတစ်ယောက်ကသဘောကျလို့လိုက်လုပ်ရင် ပြောသူရော၊လုပ်သူပါ နှစ်ဦးလုံးအကျိုးမဲ့ပါတယ်။ မပြောသင့်ဘူးလိုထင်ပါတယ်။
    နောက်ပွဲတွေမှာ လိမ်ဘို့ကိစ္စနှင့် သောက်ဘို့အကြောင်းကို ချန်ပြီးပြောဘို့ တောင်းပန်ပါတယ်။

  1. Anonymous said... :

    ချင်းမိုင်ကိုလာစေချင်လိုက်တာ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved