အမေ့အိမ် ဆက်လက် ရှင်သန်ဦးမည်

Monday, May 30, 2011

သင်းအောင်

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အမေ့အိမ် ပညာဒါနကျောင်းသည် အကျပ်အတည်း၊ အကန့်အသတ် ဖိအားများကြားမှ စာသင်နှစ်တစ်နှစ်ကို ဖြတ်သန်းနိုင်ခဲ့ပြီး စာပေသင်ကြားခြင်းနှင့် လူမှုရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ကျောင်းတာဝန်ခံ ကိုအေးဘို (NLD)က ပြော ကြားသည်။

မေ ၂၉ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသည့် လှိုင်သာယာမြို့နယ်၊ အမေ့အိမ်၏ ပထမအကြိမ် အာစရိယ ပူဇော်ပွဲ နှင့် နွေရာသီတန်းခွဲများ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

သင်တန်းဆင်းပွဲ မြင်ကွင်း။
အမေ့အိမ်ကို ကျောင်းသားလူငယ်များ၏ လိုအပ်နေသော ကွက်လပ်များကို တတ်အားသမျှ ဖြည့်ဆည်းရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။


ပညာဒါန သင်တန်းကျောင်း အောင်မြင်ရခြင်းသည် ရည်ရွယ်ချက် တူညီသူများ၏ ကြိုးပမ်း ရွက်ဆောင်မှုများကြောင့် ဖြစ်ကြောင်း သင်တန်းဆင်းပွဲ တက်ရောက်လာသူ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် (NLD) က ပြောကြားသည်။

ဝါရင့် အင်္ဂလိပ်စာ ဆရာကြီး ဦးမြကြိုင်ကလည်း ``ခေတ်ကအရမ်းပြောင်းလဲနေပါပြီ။ ပညာသစ်တွေလည်း အများကြီး ပေါ်ပေါက်နေပါတယ်။ အဲဒီလို ပညာသစ်ရဲ့ ကဏ္ဍမှာ အင်္ဂလိပ်စာဟာ မရှိမဖြစ် အရေးပါနေပါတယ်´´ ဟု ပြောသည်။ ထို့နောက် ပညာခေတ်၏ စိန်ခေါ်မှုများတွင် အင်္ဂလိပ်စာ အရေးပါနေပုံကို ကျောင်းသားများ နားလည်လွယ်အောင် ရှင်းပြသွားသည်။

ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း တာဝန်ခံ မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဂါမဏိက သားသမီးဝတ် ၅ ပါးအနက် စောင့်လေမျိုးနွယ်ဟူသည် အရေးကြီးကြောင်း၊ အမျိုးဘာသာ သာသနာကို သေတပန် သက်တဆုံး စောင့်ထိန်း ကျင့်ကြံသွားရန် လိုအပ်ကြောင်း ဟောကြား သွန်သင်သွားသည်။

ထို့နောက် ကျောင်းသူ ကျောင်းသားများက ၂၀၁၀-၂၀၁၁ ပညာသင်နှစ်အတွင်း ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ပန်းချီသင်တန်း စေတနာ ဆရာ/ဆရာမများကို စုပေါင်း ကန်တော့ကြသည်ကို တွေ့ရသည်။

ဆုပေးအပ်နေသော ဒေါ်မေ၀င်းမြင့်

စေတနာဆရာမ ဒေါ်စံပယ်က``အမေ့အိမ် စဖွင့်တဲ့ အချိန်မှာ ကျောင်းမဖွင့်ရလို့ ဆိုတဲ့ မိုးထစ်ချုန်းသံလို ဖိအားကို စတင် ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ အားလုံးသော ဆရာဆရာမတွေနဲ့ ပံ့ပိုးသူတွေရဲ့ ယိမ်းကသလို ညီညွတ်စွာ ကြိုးစားခဲ့ကြလို့ နောက်ဆုံးမှာ ခုလို အောင်မြင်တဲ့ အခမ်းအနားလေး ဖြစ်ခဲ့ရပါတယ်´´ ဟု ပြောပြသည်။

ဆရာမ ဒေါ်စံပယ်နှင့် ကျောင်းသားကျောင်းသူလေးများ၏ ``မိုးတွေလေတွေ တဂျိမ်းဂျိမ်း... တုတ်တုတ်ဂျိမ်း... တုတ်တုတ်ဂျိမ်း၊ ယိမ်းကရအောင် ကရအောင်... ပတ်ဗေဒိုးဗြောင်... ဗေဒိုးဗြောင်၊ မောင်တို့မယ်တို့ ညီစေသား... ၀ိုင်းကြပါလား... ၀န်းပါလား´´ သံပြိုင်ကဗျာ ရွတ်ဆိုသံသည် အခမ်းအနားကို ပို၍သွက်စေသည်ဟု တက်ရောက်လာသူတို့က ပြောကြသည်။

အလှူရှင် ဦးကျော်စိုးနိုင်က အလှူငွေ၊ စာရေးကိရိယာများ၊ ဖတ်စာအုပ် အစုံ ၁၃၀ လှူဒါန်းခဲ့သည်။

ဦးဟံသာမြင့် နှင့် ဆုရ ကလေးငယ်တဦး

ယင်းနောက် NLD မှ ဦးဝင်းထိန်၊ ဦးဟံသာမြင့်၊ ဒေါ်မေ၀င်းမြင့်၊ ဦးအောင်ကြည်ညွန့်၊ ဦးမျိုးအောင်၊ အင်္ဂလိပ်စာ ဆရာကြီး ဦးမြကြိုင်၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌဟောင်း ဦးဖြိုးမင်းသိမ်းတို့က ဆုရ ကျောင်းသူကျောင်းသားများကို ဆု ပေးအပ် ချီးမြှင့်ကြသည်။

အမေ့အိမ်တာဝန်ခံ ကိုအေးဘို။
``လှိုင်သာယာမြို့နယ်မှာ အခြေခံ လူတန်းစားတွေ များတယ်။ ဒီလိုနေရာမျိုးမှာ ပညာဒါန ကျောင်းတခု ရှိရင် ကောင်းမယ်လို့ ကျွန်တော်တို့ရဲ့ မိခင်ကြီးလို သဘောထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒါနဲ့ သူငယ်ချင်းတွေ စုပြီး အမေ့မေတ္တာတွေ ရှိနေတဲ့အိမ် `အမေ့အိမ်´ ကို ၂၀၁၀၊ ဇန်န၀ါရီ ၁၇ ရက်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်´´ ဟု ကိုအေးဘိုက ရှင်းပြသည်။


လှိုင်သာယာမြို့နယ်၊ ၁၄ ရပ်ကွက်၊ မေခလမ်း၊ အမှတ် ၅၄၈၊ ဒေါက်တာ မင်းလွင်၏ နေအိမ်တွင် ဖွင့်လှစ်ထားသော အမေ့အိမ် ပညာဒါနကျောင်းကို ပညာရေးဝန်ကြီးဌာနက ဇန်န၀ါရီလတွင် ကန့်ကွက်ခဲ့သည်။ ပညာဒါနအဖြစ် ဆက်လက် သင်ကြားခွင့်ရရေးအတွက် ကျောင်းတာဝန်ခံများက စာရေး တောင်းဆိုထားကြောင်း သိရသည်။

အမေ့အိမ်ရှိ ကျောင်းသူကျောင်းသား ၄၀၀ ကျော်ကို ဆရာ ဆရာမ ၁၅ ဦးက မေတ္တာဖြင့် ကူညီသင်ကြားပေးခဲ့ခြင်း ဖြစ်သည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved