ဘနှင့် စ၍ တနှင့် ဆုံးသော
ဘာတုံး
ဘာလို့တုံး
ဘာလုပ်လို့တုံး
ဘာလုပ်မိလို့တုံး
ဘာတွေလုပ်မိလို့တုံး
ဘာတွေကိုငါလုပ်မိလို့တုံး
ဘာတွေကိုငါတို့လုပ်မိလို့တုံး
ဘာတွေကိုငါတို့တွေလုပ်မိလို့တုံး
ဘာတွေကိုငါတို့တွေလုပ်ခဲ့မိလို့တုံး
ဘာတွေကိုငါတို့တွေလုပ်ခဲ့မိကြလို့တုံး
ဘာတွေကိုငါတို့တွေပြောမိခဲ့လို့တုံး
ဘာတွေကိုငါတို့ပြောမိလို့တုံး
ဘာတွေကိုငါပြောမိလို့တုံး
ဘာတွေကိုပြောမိလို့တုံး
ဘာတွေပြောမိလို့တုံး
ဘာပြောမိလို့တုံး
ဘာပြောလို့တုံး
ဘာလို့တုံး
ဘာတုံး
တေလေ
(ဆိုးရွားစွာ) “ထိ” “ခိုက်” “စေ” နိုင်ပါသည် ကဗျာစာအုပ်မှ ...
ခေတ်ပေါ်ကဗျာ လောကမှာ ဘလော့ဂ်ကဗျာတွေကလည်း တွန်းထိုးရုန်းကန်ရင်း ရေစီးကြောင်းထဲ မျောသလို မျောပါလာခဲ့တာ တွေ့ရသည်။ လင်းနီညို၊ လင်းရမ္မာနဲ့ တေလေ ဆိုတဲ့ ဘလော့ ကဗျာဆရာ ၃ ယောက်က (ဆိုးရွားစွာ) “ထိ” “ခိုက်” “စေ” နိုင်ပါသည် ဆိုတဲ့ ကဗျာစာအုပ်ကလေးကို ထုတ်ဝေလိုက်သည်။ သူတို့ အသက်များက ၂၀ ခန့်စီ။ သူတို့စာအုပ်မှာ ကဗျာဆရာ သစ္စာနီက “အမှာစကားလိုလို အကဲဖြတ်စာလိုလို ဘာလိုလို” ဆိုပြီး အမှာစာရေးပေးထားသည်။ ဒီကဗျာစာအုပ်ထုတ်တဲ့ သူတွေက လူတိုင်း နီးပါးရဲ့ ရင်ထဲမှာ ဂရက်ထကျန်ခဲ့တဲ့၊ လှိုင်းလုံးကြီးတလုံးလို လူတွေပေါ်မှာ လွှမ်းခြုံသွားတဲ့ ၈၈ အရေးအခင်းမှာ မမွေးသေးတဲ့သူတွေ၊ သူတို့ရဲ့ ဘဝအမြင်တွေ ဘယ်လိုရှိမလဲ ဆိုတာကို ကဗျာဆရာ သစ္စာနီက မေးခွန်းထုတ်ထားသည်။ သူတို့ကဗျာတွေထဲမှာ သူတို့ရဲ့ ဒဿနတွေ ပါနေမလားဆိုတာလည်း တွေးစရာဖြစ်သည်။
“စာနယ်ဇင်းကဗျာတွေ (On Paper) ထက် ဘလော့ဂ်ကဗျာ(Online Poem) က သာတဲ့အချက်တွေ ရှိနေသည်။ စာဖတ်ပရိသတ် ကျယ်ပြန့်သည်။ (ကမ္ဘာတ၀ှမ်း ရှိနိုင်သည်။) အနုပညာ ဖန်တီးခွင့် ပိုမိုလွတ်လပ်သည်။ ပရိတ်သတ်ရှေ့ရောက်ရန် လျင်မြန် လွယ်ကူသည်” လို့ ဆရာသစ္စာနီက အမှာစာမှာ ရေးထားသည်။
ဆရာ သစ္စာနီကတော့ စာနယ်ဇင်းကဗျာဆရာတွေ အွန်လိုင်းပေါ် တက်လာစေချင်သလို အွန်လိုင်းကဗျာဆရာတွေလည်း စာနယ်ဇင်းမှာ ဝင်ရေးစေချင်သည့် သဘော တိုက်တွန်းထားသည်။ ရေးသူတို့လည်း ရေးနေကြပြီ။ အားလုံးတော့မဟုတ်သေး။
“ကဗျာ အနေနှင့် ပြောရလျင် ထူးခြားချက်မှာ စိုင်းဝင်းမြင့် အထိ ရိုးတိုးရိပ်တိတ် ရှိနေသည်ဟု ဆိုနိုင်သော မောင်ချောနွယ်၏ သြဇာကို သူတို့ ကဗျာများထဲတွင် လုံးဝနည်းပါးစွာ တွေ့ရခြင်းပင်ဖြစ်သည်။ (မြန်မာလူငယ်ကဗျာဆရာ တော်တော်များများ မောင်ချောနွယ်၏ အရိပ်အောက်မှ ရုန်းမထွက်နိုင်ကြခြင်းမှာ မြန်မာကဗျာ လောကအတွက် ၀မ်းမြောက်ဖွယ် ကိစ္စ မဟုတ်ချေ။)” ဆိုသည့် ဆရာသစ္စာနီရဲ့ အမှာအရ ဆိုရင် ဘလော့ဂ် ကဗျာတွေဟာ မောင်ချောနွယ်အရိပ် လွှမ်းနေသည့် မြန်မာစာနယ်ဇင်း ကဗျာတွေထဲက ခွဲထွက် သယောင် ရှိသည့် ရေစီးကြောင်းအသစ်ဟု ဆိုရမည့်သဘောပင်။ ဒါပေမယ့်လည်း သူတို့ကဗျာတွေမှာ လွှမ်းမိုးသည့် အရိပ်သစ် တခုခုတော့ ရှိနေ သေးသည်။ ဒါကို ဆရာသစ္စာနီက ဇေယျာလင်း၏ သြဇာ၊ L. P ကဗျာ၏ သြဇာ ဟု ပြောသည်။
ဘာပဲဖြစ်ဖြစ် လွတ်လပ်ပွင့်လင်းကာ ခံစားချက်များ၊ ဘဝ ဒဿန အမြင်များကို ချက်ချင်းဖော်ထုတ်ပြီး ချက်ချင်း လူတွေဆီ အရောက်ပို့နိုင်သည့် ဘလော့ဂ် ကဗျာများကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဝင်လာသည့် ရေစီးကြောင်း တခုအဖြစ် လက်ခံရ ပေလိမ့်မည်။ ယနေ့ ရွေးချယ်စရာ အလွန့်အလွန်များပြားသော ခေတ်ကြီးထဲမှာ၊ ပုံသဏ္ဍာန်မျိုးစုံဖြင့် အနုပညာ ဖန်တီးနိုင်သည့် ခေတ်ကြီးမှာ ကဗျာ ဆိုသော အခင်းအကျင်းတခုက ကျပ်ကျပ် ညပ်ညပ် အတင်းတိုးဝင် နေရခြင်းဖြစ်သည်။ လိုချင် နှစ်ခြိုက် မက်စက်သူများက ကြိုကြိုကြားကြားထဲမှာ ရအောင် ဆွဲထုတ် ခံစားကြလိမ့်မည်။ ထိုးထွက်မလာလျှင်တော့ သူ့ဘာသာပဲ ပျောက်ကွယ် သွားလိမ့်မည်။
ဆရာသစ္စာနီကတော့ သူတို့ကဗျာတွေကို အိုင်တီခေတ်ရဲ့ ခေတ်ပြိုင်ပစ္စည်းများစွာထဲက တခု ဟု ဆိုထားသည်။
“ဘာပဲပြောပြော သူတို့ ကဗျာတွေဖတ်လျှင် (မောင်ပြည့်မင်း မှတ်ချက် ချခဲ့သလို) ရှော့ခ်တခုတော့ ရမှာသေချာ လှပေသည်” လို့ ဆရာ သစ္စာနီက သူ့အမှာကို အဆုံးသတ်ထားသည်။ ဒါကတော့ ဒီကဗျာစာအုပ်ကလေးတင်မကဘဲ ဘလော့ဂ် ကဗျာတွေထဲက ရှော့ခ်ရနိုင်သည့် ကဗျာအားလုံးကို ဆိုလိုသည်ဟု ယူဆပါသည်။
ကောင်းကင် အနုပညာ မဂ္ဂဇင်းတွင် တင်ထားသည့် ကဗျာနှင့် ဆရာသစ္စာနီ၏ အမှာကို ကူးယူခံစား ဖော်ပြပါသည်။
0 comments :
Post a Comment