ဂျွန်မက်ကိန်း မနက်ဖြန် မြန်မာပြည်သွားမယ်

Tuesday, May 31, 2011


အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ ဒီနေ့ ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့က မယ်တော်ဆေးခန်းကို သွားရောက် လည်ပတ်ခဲ့ပြီး မနက်ဖြန် မြန်မာပြည်သွားမယ့်အကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“မနက်ဖြန် ကျနော်မြန်မာနိုင်ငံကိုသွားမယ်။ အစိုးရတာဝန်ရှိသူတွေအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဖို့ရှိတယ် မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဆွေးနွေးမယ်၊ နိုင်ငံရေးအကျဉ်းသားကိစ္စ၊ ဒုက္ခသည်ကိစ္စတွေကို သွားရောက်ဆွေးနွေးမှာပါ” လို့ သူက ပြောပါတယ်။




မဲဆောက်ရောက် အမေရိကန် အထက်လွှတ်တော် အမတ် (ဓာတ်ပုံ - ဧရာဝတီ)

မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ အသေးစိတ်ပြောကြားခြင်းမရှိပေမယ့် အမေရိကန် အစိုးရအနေနဲ့ ထိုင်းနယ်စပ်က ဒုက္ခသည်တွေနဲ့ ကျန်းမာရေးဆိုင်ရာ ရန်ပုံငွေထောက်ပံ့မှုတွေကို တိုးမြှင့် ပေးသွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

အမေရိကန်အကူအညီပေးရေးအဖွဲ့ (USAID) က ထိုင်းမြန်မာနယ်စပ် အုန်းဖျန်၊ နို့ဖိုးနဲ့ မယ်လ ဒုက္ခသည်စခန်း ၃ ခုနဲ့ မယ်တော် ဆေးခန်း၊ မဲဆောက်ဆေးရုံကြီး စတဲ့ နေရာ ၅ ခုအတွက်တနှစ်ကို အမေရိကန်ဒေါ်လာ ၄၂ သန်း အကူအညီပေးနေပါတယ်။

မဲဆောက် ဆေးရုံကြီးအတွက်ပေးတဲ့ အလှူငွေဟာ မဲဆောက်ဆေးရုံကြီးမှာ တက်ရောက် ကုသပြီး ဆေးဖိုး မတတ်နိုင်တဲ့ မြန်မာနိုင်ငံသားတွေအတွက် ဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ မွန်းလွဲ ၂ နာရီမှာ မယ်တော်ဆေးခန်းကို ရောက်ရှိလာတဲ့ ဂျွန်မက်ကိန်းဟာ မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာ စင်သီယာမောင်နဲ့ တွေ့ဆုံခဲ့ပြီး ဆေးခန်းအတွင်းက ကျန်းမာရေးဌာနတွေရဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို ကြည့်ရှုလေ့လာခဲ့ပါတယ်။

အထက်လွှတ်တော်အမတ်ရဲ့ ထိုင်းနယ်စပ် ခရီးစဉ်အဖွဲ့မှာ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ပါရှိခဲ့ပြီး ဒီအဖွဲ့ဟာ မနက်ပိုင်းမှာ မဲဆောက်မြို့ရဲ့ မြောက်ဘက် ၅၅ ကီလိုမီတာ အကွာမှာရှိတဲ့ မယ်လ မြန်မာဒုက္ခသည်စခန်းကိုလည်း သွားရောက်ကြည့်ရှု လေ့လာခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved