ဂလိုဘယ် ကွမ်းယာ

Sunday, May 29, 2011

-


အရင်တပတ်က စင်ကာပူ ပင်နီဆူလာ ပလာဇာ ၃ ထပ်မြောက်လောက်မှာ တွေ့ရတဲ့ ကွမ်းယာဆိုင်ပုံပါ။ ဆိုင်ဝန်ထမ်း ၂ ယောက်က လက်အိပ်စွပ်ပြီး ကွမ်းကို အဆက်မပြတ် ယာနေလေရဲ့။ ဂလိုဘယ်ခေတ်မှာ ကွမ်းယာဆိုင်လည်း ပြည်ပထွက်နေပြီပေါ့။

ကွမ်းအကြောင်း ဧရာဝတီရဲ့ သတင်းသမား၊ အိုင်တီသမားတို့က အခုလို ပြောပြထားပါတယ် ---



ကွမ်းယာမစားပါ၊ မကြိုက်လို့မစားတာထက် မစားလို့မကြိုက်တာဆိုရင် ပိုမှန်မယ်ထင်တယ် ၊ ပါးစပ်အရသာခံချင်တာကတော့ လူတိုင်းပါပဲ ဒါပေမဲ့ ပတ်ဝန်းကျင် ညစ်ပတ်တာရယ်၊ ကွမ်းသွေးတွေကလူတွေကို နံစေတာရယ်ပါ။
အဓိကကတော့ ကိုယ့်ကိုနေတာပဲ ဘယ်သူ့ကိုမှနှောက်ယှက်နေတာ မဟုတ်ဘူး လို့ လွယ်လွယ် ပြောမရတော့လို့ပါ...........
ပီတာအောင်၊ ၀က်မာစတာ


ကွမ်းယာမစားပါ၊ ကွမ်းယာစားတာကိုလည်း အားမပေးပါဘူး ဘာဖြစ်လို့လဲဆိုတော့__
- ဟိုးအရင် ရှေးတုန်းက မြန်မာလူကြီးတွေ လည်း ကွမ်းအစ်လေးတွေ ထားပြီး ကွမ်းယာစားတဲ့ အလေ့အထလေးတွေ ဧည့်သည်တွေကို ဧည့်ခံကြတာတို့ဘာတို့ရှိပါတယ်၊ ဒါပေမယ့် အခုခေတ် ကွမ်းယာတွေနဲ့တော့ မတူပါဘူး၊ ရှေးခေတ်က လူကြီးတွေက ကွမ်းယာတွေ ထဲမှာ အခုခေတ်လို ဓာတုဗေဒ နည်းနဲ့ လုပ်ထားတဲ့ ဆေးတွေ ဘာတွေ မပါဝင်ဘူး ၊ သူတို့ ကွမ်းစားပြီးရင်လည်း ကွမ်းထွေးခံလေးတွေမှာ စနစ်တကျ ထွေးတဲ့ အလေ့အထ လေးတွေ ရှိပါတယ် ကွမ်းလေးမြုံ့ ပြီး စကားပြောတတ်ကြတယ် ဆိုတဲ့ အရင် ခေတ်က လူကြီးသူမတွေရဲ့ စကားပြော ဟန် ပုံရိပ်တွေကိုလည်း စာရေးဆရာ အတော်များများက သူတို့ရဲ့  စာတွေမှာ ထည့်ပြီးရေး တတ်ကြပါတယ်။

- ဒီဘက်ခေတ်မှာ တော့ကွမ်းယာတွေမှာ ဓာတုဗေဒနည်းနဲ့ ပြုလုပ်ထားတဲ့ ကွမ်းယာတွေ များလာသလို စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးတာလဲ ရန်ကုန်မြို့ပြ မှာတောင် တော်တော်များများ တွေ့မြင်နိုင်ပါတယ်၊ ကွမ်းစားများတဲ့သူတွေရဲ့ ပါးစပ်တို့ သွားတို့မှာလည်း ကွမ်းဂျိုးတွေနဲ့ အမြဲ ဖြစ်နေတတ်ပြီး ကြည့်ရ ဆိုးပါတယ်။

- ကွမ်းယာကို ရေရှည် စားသုံးမယ် ဆိုရင် ပါးစောင်ကင်ဆာ ဖြစ်ပြီး အသက် သေဆုံးနိုင်ပါတယ်၊ တကယ်လည်း အသက်သေဆုံးသူတွေ ရှိပါတယ်၊ ဟိုတလောက ဆို အိန္ဒယဘက် ကလာတဲ့ ကွမ်းပေါင်းထုပ်တွေကို ရန်ကုန်မှာ ကျောင်းနေ အရွယ် ကျောင်းသားလေးတွေက သရေစာ စားသုံးသလို စားနေကြတာတွေ တွေ့ရပါတယ်၊ အဲ့ဒီ ကွမ်းပေါင်းတွေက အစာအဆိပ်သင့်မှုတွေ ဖြစ်စေနိုင်တယ်လို့လဲ သိရပါတယ်။
ယုယမိုး၊ သတင်းထောက်



ကွမ်းယာကို မြန်မာတွေ မစွန့်လွှတ်နိုင်လို့ တိုင်းတပါးမှာ ပြဿနာ တက်ပေါင်းလည်း များပါပြီ။
(၁) ဂျာမနီ ဟမ်းဘတ် လေဆိပ်မှာ ကြယ်ငါးပွင့်က သင်္ဘောပြင်ဖို့ သွားတဲ့ အင်ဂျင်နီယာအဖွဲ့က လေဆိပ် အိမ်သာမှာ ကွမ်းတံတွေး ထွေးတယ်။ ဒါကို လူသတ်မှု ထင်ပြီး ပြဿနာတက်သွားတယ်လို့ ကြားဖူးတယ်။
(၂) အိန္ဒိယရောက်တော့ နယူးဒေလီ ရပ်ကွက်တခုရဲ့ အင်တာနက်ဆိုင်မှာ မြန်မာလို ရေးထားတာ တွေ့တယ်။ "ရှီခါ (ကုလားကွမ်းယာ) စားပြီး တံတွေး မထွေးပါနှင့်" တဲ့။
(၃) ကျနော် ကွမ်းကို တရံတခါ စားသည်။ သွားကောင်းစေသည်ဟု ယူဆသည်။ ကွမ်းယာ အစို (ပုံမှန်) ရရင်ရ မရရင် ကုလားကွမ်းယာခြောက် (ရှီခါ) စားပါသည်။ မြန်မာကွမ်းယာက ဒုက္ခများသည်မှာ ထွေးရသည်။ အလုပ်ရှုပ်သည်။ ကုလားကွမ်းယာက မထွေးရ၊ ခံတွင်း ရှင်းသည်။ ကုလားကွမ်းယာကတော့ ကင်ဆာဖြစ်စေနိုင်သည်လို့ မှတ်ချက်ရေးထားတယ်။ မြန်မာကွမ်းယာတော့ ဘာဖြစ်နိုင်တယ် မသိ။
(၄) ကုလားကွမ်းယာ အထုတ်တွေက တနေ့မှ တထုတ် နှစ်ထုတ်စားလို့ သင့်လျော်သည်။ မြန်မာပြည်အလယ်ပိုင်းမှာ ကုလားကွမ်းယာထုတ် ပုံပြီး ပြိုင်စားတာ ရှစ်ထုတ်မြောက် ရေလည်းသောက်၊ အစာအိမ်ပေါက်၍ နှစ်ယောက်လုံး သေတာ ဂျာနယ်ထဲ ပါလာဖူးသည်။
(၅) ဤ မေးလ်ကို မအိပ်မီ ရှီခါလေးဝါးရင်း ဖြေသည်။
ခက်ထန်၊ စာတည်း


ကွမ်းကတော့ ဗမာပြည်မှာတင်မဟုတ်ပါဘူး။ အိန္ဒိယမှာလည်း ရှီခါးတို့ ခိုင်ဒီးတို့လို့ ခေါ်တဲ့ ကွမ်းပေါင်းထုပ်တွေ စားကြတယ်။ ကိုယ်တိုင်ကတော့ ကွမ်းမကြိုက်ပါ။ မစားပါ။ အရသာ ကြိုက်လို့၊ ကွမ်းလေးတမြုံ့မြုံ့လုပ်ရတာ သဘောကျလို့ စားတာကိုတော့ အပြစ်မတင်လိုပါဘူး။ ဒါပေမယ့် ကိုယ့်ကြိုက်နှစ်သက်မှုက သူများအတွက် အနှောင့်အယှက်ဖြစ်ရတာမျိုး မဖြစ်စေလိုပါ။ ဥပမာ ကွမ်းသွေး တဗျစ်ဗျစ်လျှောက်ထွေးတော့ လမ်းဘေးမှာ၊ နံရံတွေမှာ ပေကြံနေတာ၊ ကွမ်းသွေးတွေအပြည့်နဲ့ လူရှေ့သူရှေ့စကားပြောတော့ သူများကို ကွမ်းသွေးစင်တာမျိုးတွေကတော့ သန့်ရှင်းမှု၊ သပ်ရပ်မှုအတွက် မတင့်တယ်ပါ။
ဇာနည်မာန်၊ သတင်းထောက်



ကွမ်းယာ နည်းနည်းပဲ စားတယ်။ မနှစ်က စပြီး စားတယ်။ ဗမာဆေးတော့ မထည့်ဘူး။
တွေ့ရင် ယူစားတာပဲ။ မစွဲပါဘူး။
သန်းထိုက်ဦး၊ သတင်းထောက်


ကျနော့်ညီတွေကတော့ စားတယ်။ သူတို့ရွေးချယ်ခွင့်နဲ့ သူတို့ပဲလေ။ စားပါစေ။
ဘာမှလည်း ဟုတ်တာ မဟုတ်ဘူး။ ထွေးထုတ်ရတာပဲ။
အိုင်တီ သားကြီး၊ ၀က်မာစတာ


စားတယ်။ ၁၈ နှစ်သားကတည်းက စားခဲ့တာ။ မစွဲပါဘူး။ အိတ်ဆောင်ပြီး စားတာတော့ မဟုတ်ဘူး။ တခါတလေ စိတ်ကူးပေါက်မှ စားတာ။ မြင်ရင်တော့ စားတယ်။
စားပြီး စနစ်တကျ ထွေးတယ်။ ဗျောက်သောက် မထွေးဘူး။ လမ်းပေါ်မှာ မထွေးဘူး။
အောင်အောင်၊ ၀က်မာစတာ


ကွမ်းကြိုက်တဲ့ထဲမှာ ကျနော် မပါဘူး။ ဒါပေမယ့် ကြိုက်သူတွေ စားကြတာကို ဘာမှ မပြောချင်ဘူး၊ သူ့အခွင့်အရေးပဲလေ။ ကိုယ့်ကြောင့် တခြားသူတွေ အနှေုာင့်အယှက် မဖြစ်ရင်တော့ ကောင်းတာပေါ့။
ကိုစိုး၊ စာတည်း





















--

5 comments :

  1. Anonymous said... :

    စည်းကမ်းကြီးတဲ့ စင်္ကာပူမှာ ကွမ်းယာဆိုင် သွားဖွင့်တယ် ။
    တနေ့ တော့စင်္ကာပူ မှာ ပြဿနာ တက်ပြီး မြန်မာတွေ နံမယ်လဲပျက် ၊
    ဆိုင် လဲ အပိတ်ခံရနိုင် ပါတယ် ။ စည်ကမ်းလိုက်နာနိုင်မှ ကောင်းမယ် ။
    US က Fort Wayne မြို့ မှာ မြန်မာတွေ အတော်များတယ် ။
    ဆိုင်တဆိုင်က “မြန်မာများဝင်ခွင့်မပြု” လို့ ရေးထားပါတယ် ။
    ဆိုင်ထဲမှာ ကွမ်းတံတွေး ကို စည်းကမ်းမဲ့စွာ လျှောက်ထွေးတာကြောင့်ဖြစ်ပါတယ် ။
    Australia, Perth မြို့ က မြန်မာဆိုင်တဆိုင် မှာ ကွမ်းစရောင်း ပြီးတာရက်အနည်းငယ်အတွင်းမှာဘဲ ၊
    အဲဒီ ဆိုင်ရှေ့မှာ ကွမ်းတံတွေး တွေ့ခဲ့ရပါတယ် ။ ယခင်က သန့် ရှင်းနေခဲ့တဲ့ car parking ပါ ။
    India က မြို့ကြီးတွေတောင် ရန်ကုန်ြ မြို့လောက် ကွမ်းတံတွေး နဲ့  အကျည်းမတန်ပါ ။ ရုပ်မဆိုးပါ ။
    England မှာ အင်္ဂလိပ်တွေ P.K. ၀ါးပြီး တချို့က ဟိုကပ် ဒီကပ် ထားခဲ့လို့ အစိုးရက သန့် ရှင်းရေး
    ဆောင်ရွက်ခအတွက် 18% ယူဘို့  မူလ P.K. ဈေးကိုဆိုင်တွေမှာ တိုးမြှင့်ရောင်းစေခဲ့တယ် ။
    မြန်မာပြည်မှာလဲ အဲဒီလို သန့် ရှင်းစားရိတ် 1000% ( ၁၁ဆ ) တိုးတဲ့ ဈေးနဲ့ ရောင်းရင်တောင်
    သန့် ရှင်းစားရိတ်ပေးလို့လောက်မယ်မထင်ဘူး ။
    ပေးနိုင်ရင်လဲ လမ်းတွေ တိုက်နံရံတွေ ကိုသန့် ရှင်းလာအောင်လုပ်နိုင်မှာမဟုတ်ဘူး ။
    ကွမ်းစားပြီး ကွမ်းတံတွေး လုံးဝမထွေးတာ အကောင်းဆုံးပါ ။
    ထွေးခြင်ရင် ကိုယ့် အိမ်မှာဘဲ ကိုယ်စားစေခြင်တယ် ။ အပြင်တွက်ရင် မစားကြပါနဲ့ ။
    အခြားလူတွေ ကို လေးစား မှုနဲ့ ပါ ။ ကွမ်းစားနေ ထွေနေတာက်ုကြည့်ရလဲ အလွန်ရုပ်ဆိုးပါသည် ။
    လူ့ တံတွေးကနေ ရောဂါပေါင်းစုံကူးစက် စေနိုင်ပါတယ် ။
    ကွမ်းတံတွေးက ရွံ့စရာလဲအလွန်ကောင်းပါတယ် ။ P.K. နဲ့ မတူပါ ။
    ဒါကြောင့် ကွမ်းမစားကြဘို့ မေတ္တာ ရပ်ခံရင်း စည်းရုံးရေးဆင်း ကြရအောင် လားဗျာ ။
    နောင်လာနောက်သားမသိတဲ့သူလေးတွေအတွက် အရင်းအနှီး ပြုကြပါစို့ ။
    လက်ရှိ ကွမ်းစားနေသူတွေလဲ ကွမ်းပြတ်သွားခဲ့ရင် ၊
    တချိန်မှာ ကျွန်တော်တို့ကို အလွန်ကျေးဇူးတင်ကြမှာပါ ။

  1. Anonymous said... :

    နိုင်ငံခြားမှာကွမ်းယာစားလျှင် လူအထင်အမြင်သေးခံရပြီး သိက္ခာကျပါသည် ။နဂိုကမှာမြန်မာဆိုရင်အနှိမ်ခံရတဲ့အထည်းဒီလိုပုံစံနှင်ဆိုပိုဆိုးနိုင်ပါသည်း( မိမိ၏ Personality ကိုလည်းထိခိုက်နိုင်ပြီး
    မိမိနိုင်ငံနှင့်လူမျိုး Image ပုံရိပ်ကိုလည်းညှိးနွမ်းစေပါသည် ။
    (နိုင်ငံခြား အင်တာဗျုးတစ်ခုတွင် မိမိသွားတွေညစ်ပတ်နေကြောင်အင်တာဗျူးသူမှ ဝေဘန်ခံခဲ.ရဘူးပါသည် ၊ကျုပ်တောင်အရင်ကကွမ်းအရမ်းကြိုက် အရမ်းစားပြီး
    ထိုသို.သောအကြောင်းတွေကြောင့် ကွမ်းကိုရအောင်ဖြတ်ခဲ.ပါသည် )

  1. Anonymous said... :

    ဒီကိစ္စပြောချင်နေတာကြာပြီ... ဟိုတလောက ပင်နီဆူလာ ပလာဇာကို ရောက်တယ်... ဖြစ်ချင်တော့... အဲမှာအပေါ့က သွားချင်လာရော... ဒါနဲ့ ဒုတိယထပ်က အိမ်သာကိုပြေးတာပေါ့... ဟိုလည်းရောက်ရော... အားပါး... အပေါ့သွားမဲ့ မုခ်ခွက်မှာ ကွမ်းတံတွေးနဲ့ တစ်ရှူးတွေ ပိတ်လို့... တခါ လက်ဆေးဖို့ဆို ကြည့်လိုက်ပြန်တော့... လက်ဆေးခွက်မှာက... တစ်ရှူးဖတ်တွေပိတ်လို့... ရေတွေကအပြည့်... ပြည့်နေတဲ့ရေထဲ...ကွမ်းတံတွေး တွေက ထပ်ပြီး ထွေးထားသေးတယ်... စဉ်းစားသာ ကြည့်ပါတော့ဗျာ... နဂိုကမှာ မြန်မာပြည်မတိုးတက်လို့ သူများနိုင်ငံမှာ လာအလုပ်လုပ်ရပါတယ်... ဒါမျိုးတွေတော့ မဖြစ်သင့်ဘူးပေါ့ဗျာ... အဲဒိ ပလာဇာကို တခြားနိုင်ငံခြားသားတွေလဲ လာနေတာဗျာ... နည်းနည်းတော့ ဆင်ခြင်သင့်တာပေါ့... ကျုပ်တို့လူမျိုးတွေ မဟုတ်တာ လုပ်ရမှာ ရှက်တတ်စမ်းပါဗျာ... ကမ္ဘာမှာ မြန်မာဟေ့ လို့ အော်ချင်လွန်းလို့ပါ...

  1. Anonymous said... :

    လက်ဆေးခွက်က တစ်ရှုးနဲ့ ကွမ်းတံတွေးမှာ ကွမ်းတံတွေးကိုပဲ အပြစ်တင်တာတော့ မတရားဘူးပေါ့ဗျာ။ စင်္ကာပူမှာ လက်ဆေးခွက်ထဲ တစ်ရှုးပစ်တာ လုပ်ရိုးလုပ်စဉ်မလို့လားတော့ မသိဘူး။ မသိဆို ရောက်မှ မရောက်ဖူးဘဲ။

  1. Anonymous said... :

    Sunday ဆိုလျှင် City hall MRT အိမ်သာကို ပိတ်ထားရသည်အထိ ဖြစ်သော ကွမ်းတံတွေး ဖြစ်ပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved