ဂေးအခွင့်အရေးနဲ့ သူတို့ အကြောင်း

Wednesday, May 4, 2011

(Photo - Bama Lay/Flicker)

(ဧရာဝတီ ဘလော့ဂ်ကို အမြင်တွေ ရေးသားပေးပို့နေတဲ့ ကိုထူးရဲ့ လက်ရာပါ။ ရေးသားသူရဲ့ အာဘော်သာ ဖြစ်ပါတယ်။)

ဆရာလူထုစိန်ဝင်းရဲ့ ဂေး (Gay) အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးလေး ဖတ်မိပြီး ပေါ်လာတဲ့ အတွေးလေးတွေ ဖြန့်ဝေလိုက်ရပါတယ်။

ကျနောတို့နိုင်ငံမှာ မိန်းမလျာ၊ ယောက်ျားလျာ (Gay) များကို လူရာမသွင်း အထင်သေး အမြင်သေး နှိမ်ချ ဆက်ဆံခဲ့တာ ဓလေ့ထုံးစံတခုလို ရိုးတောင်နေပါပြီ။ အခြောက်၊ လျှောက်သီးဆေးပြား၊ ဂန်ဒူး စတဲ့ နာမည်မျိုးစုံနဲ့ ကျင်လည်ခဲ့ရတဲ့ သူတို့ဘ၀တွေ ဘယ်လိုပါလဲ။ ဘယ်လို ခံစားမှုတွေ ရှိပါသလဲ။ ဘယ်လို ရုန်းကန်နေကြပါသလဲ။ နှိမ့်ချကဲ့ရဲ့ စော်ကားမှုတွေကို ဘယ်သူတွေက အကာအကွယ် ပေးကြပါသလဲ။

တကယ်တော့ သူတို့ဘ၀တွေဟာ အလွန်သနားစရာ ကောင်းပါတယ်။ ခန္ဓာကိုယ်က တခြား၊ ဖြစ်ချင်နေတဲ့ စိတ်က တခြား၊ ပြုပြင်ပြောင်းလဲလို့ မရတဲ့ကိစ္စ၊ လက်မခံချင်ဘဲ လက်ခံထားရတဲ့ကိစ္စပါ။ သူတို့မှာလည်း စိတ်နဲ့ရုပ် ကွဲလွဲနေတဲ့ ရောဂါတမျိုး ရနေတာပါပဲ။ ဘယ်သူမဆို တူသောစိတ်နဲ့ တူသောကိုယ်ကိုပဲ လိုချင်ကြတာပါ။ သဘာဝတရားရဲ့ ဖောက်ပြန်မှုကြောင့် ဖြစ်ကြရတဲ့ကိစ္စမှာ ဒီလိုဖြစ်ရပါ့မလားဆိုပြီး ၀ိုင်းပယ်နှိမ်ချထားလို့ သင့်တော်ပါ့မလား။

မိသားစုတစုမှာ သားကလေး မိန်းမလျာစိတ်ဝင်လာပြီး မိန်းမစရိုက်လက္ခဏာတွေ ပြလာပြီဆိုရင် မိဘမောင်ဖား ဖြစ်သူတွေက ရှက်စိတ်ဝင်ပြီး ဂေးမဖြစ်ရလေအောင် အပြင်းအထန် နှိပ်ကွပ်တော့တာပါပဲ။ အဖေနဲ့အစ်ကိုတွေက ရိုက်နှက် ထိုးနှက်ချက်ကြောင့် မျက်နှာတခုလုံး ဖူးယောင်ကိုင်းတဲ့ ဒဏ်ရာတွေနဲ့ နည်းနည်းခြောက်နေတဲ့ ငယ်သူငယ်ချင်း တယောက်က သူ့စိတ်ကို ဘယ်လိုမှ ပြုပြင်လို့ မရတဲ့အကြောင်း၊ သူ့အဖေအရင်းနဲ့ အစ်ကိုအရင်းတွေက သူ့ကို ဘာကြောင့် ရက်စက်ကြသလဲ၊ မေတ္တာမထားနိုင်ကြသလဲဆိုတာ သူနားမလည်တဲ့အကြောင်းပြောပြီး ချုံးပွဲချငိုတာ ကြုံခဲ့ဖူးပါတယ်။ သူတို့ရဲ့ငယ်စဉ်ဘ၀တွေ အဲဒီလို စခဲ့ကြတာပါ။


ဟေ့ ငါ့သားလေးကတော့ ဂေးဖြစ်နေတယ်နော်။ သူ့ကိုဘယ်သူမှ မနောက် မပြောင်ကြနဲ့၊ မစကြနဲ့ သူစိတ်ချမ်းသာသလို နေပါစေလို့ ဘယ်မိဘကမှ ပြောခဲ့မယ်မထင်ပါ။ ပြင်မရတဲ့ကိစ္စကို အတင်းအကျပ် အကြမ်းနည်းတွေသုံးပြီး ပြင်ကြတော့တာပါ။ ဂေးဖြစ်နေတဲ့ မိမိရင်သွေးကို ဘာကြောင့် ရက်စက်ကြပါသလဲ။ ဘာကြောင့်နှိမ်ချကဲ့ရဲ့ ကြပါသလဲ။

ငယ်စဉ်ဘ၀ မိဘမောင်ဘွားကစပြီး နှိမ့်ချဆက်ဆံ ခံရပြီးတဲ့နောက်မှာတော့ ကြီးပြင်းလာတဲ့ သူတို့ဘ၀တလျှောက်လုံး ပတ်ဝန်းကျင်ရဲ့ နှိမ့်ချစော်ကားမှုတွေ ခံရတဲ့လမ်းကို လျှောက်ရတော့တာပါဘဲ။ ဘယ်သွားသွား မိန်းမလျာမှန်းသိရင် ကလေးကအစ မလေးစားတော့ပါဘူး။ အခြောက်ကြီးလာပြီဆိုပြီး လှောင်ပြောင်တာ ခံရတော့တာပါပဲ။

သူတို့မှာလည်း ရောဂါအနုအရင့်အလိုက် ရာနှုန်းပြည့်ခြောက်သူ၊ တ၀က်ခြောက်သူ၊ နည်းနည်းခြောက်သူ၊ မိန်းမစိတ်တလှည့် ယောက်ျားစိတ်တလှည့်ဖြစ်သူ၊ ခြောက်ပြီးမှ ပြန်စိုသွားသူ အစုံအစုံပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တတွေဟာ မြန်မာပြည်မှာမွေး မြန်မာပြည်မှာကြီးတဲ့ မြန်မာပြည်သားတွေပဲ မဟုတ်ပါလား။ ကာကွယ်စောင့်ရှောက် ပေးရမှာဖြစ်ပါတယ်။


(Photo - MSNBC)

သမိုင်းဝင် ၈၈ အရေးတော်ပုံမှာ အလှဖန်တီးရှင်များအဖွဲ့ဆိုပြီး ပြည်သူအပေါင်းနဲ့အတူ တက်တက်ကြွကြွ ပါဝင်ဆန္ဒပြခဲ့ကြတဲ့ သူတို့အခန်းကဏ္ဍကို မေ့ထားလို့မရပါ။ လိင်တူချင်း အတူနေခြင်း မနေခြင်းဆိုတာလည်း သူတို့ဆန္ဒသဘောအတိုင်းသာ ဖြစ်ရမှာဖြစ်ပါတယ်။ လူပျိုကြီး အပျိုကြီးတွေကို အတင်းမယူမနေရ ယူရမယ်လို့ ဥပဒေပြုသတ်မှတ်ပြဌာန်းလို့ မရနိုင်သလို သူတို့ချင်း အတူနေတာကိုလည်း အတူမနေရပါဘူးလို့ ဥပဒေပြုသတ်မှတ်လို့ ရမယ်မထင်ပါ။

လူပျိုကြီး အပျိုကြီးလုပ်၊ တသက်လုံး အိမ်ထောင်မပြု၊ တကိုယ်တည်းနေသွားသူတွေကြောင့် သားသမီးမျိုးဆက် မထွန်းကားဘဲ လောကကြီး ပျက်သုဉ်းမသွားနိုင်သလို ဂေးချင်းအတူနေလို့လည်း လောကကြီး ပျက်သုဉ်းသွားစရာ အကြောင်း မမြင်ပါ။
တချိန်က ပစ်ပယ်ရှုံ့ချခဲ့တဲ့ အေစ့် (AIDS) ရောဂါဝေဒနာရှင်တွေကိုတောင် ယခုအခါမှာ နားလည်သဘောပေါက် လက်ခံလာခဲ့ပြီး စောင့်ရှောက်ကာကွယ်ပေးနေကြပြီပဲ။ ဒီနေရာမှာ တခုပြောချင်တာက အေစ့်ရောဂါဆိုတာ အများထင်သလို ဂေးတွေကြောင့်ချည်းပဲ ဖြစ်တာမဟုတ်ပါ။

ကျနော်တို့နိုင်ငံ ဆင်းရဲပါတယ် မှန်ပါတယ်။ ဆင်းရဲရခြင်း အကြောင်းကလည်း အများသိတဲ့အတိုင်း ဘာအခွင့်အရေးမှ မပေးတဲ့ စစ်အာဏာရှင် စနစ်ဆိုးကြောင့်ပါ။ ဆင်းရဲလို့ စားဝတ်နေရေး ရုန်းကန်နေရလို့ အချိန်မရှိ၊ ယားလို့တောင် မကုပ်အားဘူးဆိုတာတော့ မဟုတ်ပါ။ ကျနော်တို့လူမျိုးလောက် အချိန်တွေပို၊ အချိန်တွေဖြုန်းနေတာ ကမ္ဘာမှာမရှိပါ။ ချမ်းသာတဲ့ ဂျပန်၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမန်တွေမှာ အချိန်ဘယ်လောက်ရှား၊ အချိန်ကို ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ ရောက်ဖူးသူတိုင်း သူတို့နဲ့ဆက်ဆံဖူးသူတိုင်း သိကြမှာပါ။ အဲဒီလို အချိန်အလွန်မှရှားပါးတဲ့သူတွေတောင် သူတို့အချိန်တွေထဲကဖဲ့ပြီး လူသားတွေအတွက်၊ တိရိစ္ဆာန်တွေအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တောင်းဆိုပေးနေတာ လေးစားစရာပါ။ အချိန်တွေပိုနေလို့ ကြောင်ရေချိုး၊ ကတုံးသန်းရှာ လုပ်နေတယ်လို့တော့ မထင်ပါ။

ဂေးတွေက သူတို့အခွင့်အရေး သူတို့ စားဝတ်နေရေး သူတို့ကို အကာအကွယ်ပေးရေး သူတို့ကို အသိအမှတ်ပြုရေး တောင်းဆိုမူတွေဟာ ဒီမိုကရေစီအရေး လမ်းလွဲအောင် အနှောက်အယှက်တွေ၊ ဆေးရိုးသည် ကန့်လန့်တွေလိုတော့ ကျန်ာမမြင်ပါ။

အိမ်ရှင်မများအခွင့်အရေး၊ ဒုက္ခိတမသန်မစွမ်းများ အခွင့်အရေး၊ သက်ကြီးရွယ်အို ပင်စင်စားများ အခွင့်အရေး၊ ကျောင်းသားများ အခွင့်အရေး၊ အနုပညာသည်များ အခွင့်အရေး၊ စာပေပညာရှင်များ အခွင့်အရေး၊ အလုပ်သမား လယ်သမားများ အခွင့်အရေး၊ သန်းငါးဆယ်သော ပြည်သူများ အခွင့်အရေး၊ စားဝတ်နေရေး ဒီမိုကရေစီရရေး တောင်းဆိုချက်များနည်းတူ ဂေးအခွင့်အရေးကိုလည်း တန်ဖိုးထားသင့်ပါတယ်။ သူတို့ကိုလည်း ဒီမိုကရေစီအရေး တခန်းတကဏ္ဍ ပါဝင်ခွင့်ရအောင် ပါဝင်လှုပ်ရှား ဆောင်ရွက်နိုင်အောင် သူတို့တတွေကို နားလည်ကြဖို့၊ အသိအမှတ်ပြုကြဖို့၊ လူမှုအသိုင်းအ၀န်းထဲကို လက်တွဲခေါ်ကြဖို့တော့ လိုမယ်ထင်ပါတယ်။

ဒီစာဖတ်ပြီး ဂေးတွေကတော့ သြဘာပေးမယ်ထင်ပါတယ်။ ဂေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရင် အမတ်တနေရာတော့ ရမလားမသိပါ။

ကိုထူး


14 comments :

  1. ကိုထူးအာဘော်ကိုထောက်ခံပါတယ်..
    ဂေးပါတီထောင်မယ့်ကိစ္စမဟုတ်ဘူးနော်..
    ဟိုလေ..
    သူတို့လည်း..လူထဲက..လူသာမန်တွေပါလား
    ဆိုတဲ့ကိုယ်ချင်းစာအတွေးတွေနဲ့ကျွန်တော်တို့
    အစွဲဟောင်းတွေကိုခ၀ါချဖို့အချိန်တန်ပါပြီဆိုတာကို
    ပြောတာပါ...ကျွန်တော်ဒီလိုထောက်ခံလိုက်တာ
    လူလူချင်းနားလည်စာနာမှု နှင့် ဘယ်သူမှမဖြစ်ချင်ဘူး
    ဆိုတာကိုကျွန်တော်ယုံလို့ပါ

  1. Anonymous said... :

    ပါတီထောင်မယ်ဆို
    မြင်းမူ မောင်နိုင်မိုး
    ဆရာဝင်းငြိမ်း
    ဇတ်ညွန်းဆရာ ကိုလွင်
    မင်းသား ကို ရန်အောင်
    မော်ဒယ်ဆရာဂျွန်လွင်၊ကိုသူရိန်(ချိုကြီး) နဲ့ စီစဉ်သူ ဂျမန်းတို့ ပါမှာ မုချ ကိုထူးရေ....

  1. timothy said... :

    အမေရိကန်သမ္မတအိုဘားမားတယောက်တယောက်သင်လာဒင်ကို
    အသေဘမ်းပေးနိုင်လိုက်လို့အတိုက်အခံများအပါအဝင်
    အနိုင်ငံလုံးကမတ်တပ်ရပ်ပြီး Standing Ovation ဆိုတာမျိုးနဲ့
    ဂုဏ်ပြုကြတယ်။
    အဲဒီကျော်ကြားရေပန်းစားတဲ့သမ္မတဘဲ၊ယောင်လို့မှ on the record မိန့်ခွန်းထဲမှာ၊တွေ့ဆုံမေးမြန်ခန်းမှာ ဂေး၊မိန်းမ၊သက်ကြီးရွယ်အိုတွေကိုရှုံ့ချ
    ပြောမိလို့ကတော့၅ပါးမကဘူး၊သံဂါစင်ပါမှောက်တဲ့ကိန်းကြုံလို့
    ရာထူးကလဲအပြုတ်ဘဲ။
    ဒါယာဉ်ကျေးတဲ့ Civilised societies မှာဘဲတွေ့နိုင်မဲ့လူ့အခွင့်အရေးအခြေခံအာမခံချက်ဘဲ။
    အဲဒီလိုအပျစ်မျိုးကြူးလွန်မိလို့ကတော့မိသားစုထဲမှာကိုလက်မခံကြဘူး။
    အဲဒီအမြင်တွေ၊သောက်ကျင့်တွေမပြင်နိုင်သေးသရွေ့ကတော့၊
    ဒီမိုကရေစီဆိုတာအဝေးကြီးဘဲ။
    ရခဲ့ရင်လဲအာဏာရှင်တယောက်လက်ထဲအသာလေးပြန်ရောက်သွားမှာဘဲ။
    ပြင်သင့်တာတွေကိုမိမိမိသားစုထဲကစပြီးပြင်ကြပါ။

  1. Anonymous said... :

    ကိုထူးကိုပါထည့်ထားလိုက် ပါဗျာ..စာရင်းတွေလိုက်ကောက်ပေးမယ်..မမထူးရေ....ဟင့်
    ကောင်မစုတ်...

  1. Anonymous said... :

    ဗမာပြည်မှာ အများစုက ၊ ဂေး အခွင့်အရေး ကို အသိအမှတ်ပြုလာတာ နှစ်ပေါင်း ၃၀ ကျော်ပါပြိး ။ ဂေး တွေကိုလဲ စာနာထောက်ထား ကြပါတယ် ။
    မွေးရာပါ ဂေးဖြစ်နေသူတွေကို လူရာသွင်းပါတယ် ။ ဂေးဖြစ်အောင် လေ့ကျင့်ပေးလို့ရတယ် ၊ ဂေးနဲ့အိပ်ဖို့ နူးပေးလို့ရတယ် ဆိုတော့ကာ ၊ လူငယ်တွေကို ဂေးလင် လုပ်ဖို့ အရက် ၊ မူးရစ်ဆေး ၊ ငွေ နဲ့ မြူဆွယ်ဖျက်စီးတာမျိုး ။ ကိုယ်ဂေးဖြစ်တိုင်း အခြား(မေးရာပါမဟုတ်တဲ့)လူငယ်တွေ ဂေးဖြစ်အောင် စည်းရုံးလေ့ကျင့်ပေးတာမျိုး ကိုသာ ဆန့်ကျင်တာပါ ။

  1. Anonymous said... :

    ကိုချင်းစာစိတ်ရှေ့တန်းတင်ဖို့အတွက် ဆော်အော်ထားတဲ့ ဆောင်းပါးမို့ ကောင်းပါတယ်။ ဒါပေမယ့် လိင်တူခြင်း နှစ်သက်မှုကို ရောဂါလို့ ကင်းပွန်းတပ်တာ မှားတယ်လို့ ကျွန်တော်မြင်တယ်။ ရောဂါလို့ပြောဖို့အတွက်ဆိုရင် ဒီနှစ်သက်မှုကိုယ်နှိက်က သူတို့ ခန္ဓာကိုယ်ကို ဘေးဥပဒ်ဖြစ်စေမှ ရောဂါလို့ ပြောလို့ရမယ်။ ဥပမာအားဖြင့် ကင်ဆာဆို ကင်စာဆဲလ်တွေကနေ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပျက်စီးစေတဲ့သဘောမျိုးပေါ့။ စိတ်ရောဂါလို့ပြောရအောင်လည်း ဒါဟာကြိုက်နှစ်သက်မှု ကွဲပြတာသက်သက်ဘဲလေ။ လက်ဖက်ရည်ကြိုက်တဲ့သူနဲ့ ကော်ဖီကြိုက်တဲ့သူ ရှိသူလိုမျိုးပေါ့။ ကော်ဖီဘဲကြိုက်ကြိုက်၊ လက်ဖက်ရည်ဘဲကြိုက်ကြိုက် ဒါသူတို့ရဲ့ ပုဂ္ဂိုလ်ရေးရာ ကိစ္စပါ။ ကျွန်တော်တို့မှာ သူတို့ကို ဘာကြိုက်ပါဆိုပြီး ပြောဖို့မသင့်သလို၊ သူတို့ကိုယ်ရေးကိုယ်တာ ကိစ္စထဲ ပါဝင်ပတ်သတ်ခွင့်လုံးဝမရှိပါ။

  1. Anonymous said... :

    ဟုတ်ပါတယ် .. ခင်ဗျားတို့ ဂေးတွေမှန်ပါတယ်။ ဆရာလူထုစိန်ဝင်းမှားတယ်။ မိဘတွေလဲ မှားတယ်။ မောင်နှမတွေလဲ မှားတယ်။ ပတ်ဝန်းကျင်လဲမှားတယ်။ မြန်မာ့ယာဉ်ကျေးမှုလဲမှားတယ်။ စစ်တပ်ကြီးလဲမှားတယ်။ သန်းရွှေလဲမှားတယ်။ နိုင်ငံရေးအတိုက်အခံတွေလဲ မှားတယ်။ မြန်မာပြည်မှာ မှန်တဲ့လူဆိုလို့ ခင်ဗျားတို့ ဂေးတွေပဲရှိတယ်။

  1. Anonymous said... :

    ကိုယ့်အရှင် မြန်သခင်မင်း၊ ရွှေနန်းတွင်း စံခဲ့ရာဝယ်၊
    ကံနဲ့ ဇာတာ မောင်းမများတာကြောင့်၊ ဖြောင်းဖြကာမဒီတွေအေးစေဘို့ ၊ရွှေပြည် ဂေးဆရာ ကိုအနောက်ဝန်ခန့် ကာပ၊ မှတ်ကြ စေကြောင်း ။

    ဗြိတိသျှနယ်ချဲ့ ၊ သွယ်လှည့်ကာ ကျင့်ဝတ်တုယောင်နှင့် ဥပဒေ ကြော့ကွင်း ပြုပါလို့ ၊ အတင်း သူ့ ဌာနက ပုဒ်မ၁၇၅ ကိုသွတ်သွင်းကာ ရေးချ၊ ဂေးဘဝ မြန်ပြည်ဝယ်၊ စံမမှီ ဇတ် ကြောင်း၊ နတ်အပေါင်းလဲ ငှေးမှိုင်ကာ၊ ဂေးစတိုင် ပျက်ရချေ့ သေး။

    ယောက်ျားချင်း သံဝါပြု၊ မှန်ကာယခု ပြောရမည်မှာ၊ တောမှသည်မြို့အဝှန်းဆီသို့ ၊ အဆန်းပမာ မဖြစ်ပြီကြောင့်၊ ချစ်ပလီ သည် ဂေးဒီဃာကို၊ ပြည်အရေးအရာ တိုင်းပြုမင်းရယ်တို့ ၊ နှိင်းရှုကာ ဥပဒေသစ်တွေနဲ့ ၊
    ခေတ်မှီဖို့ ခွင့်ပြုစေကြောင်း။

  1. Anonymous said... :

    ကိုထူးရဲ့ ရေးသားချက်ကြောင့် လူတိုင်းစာနာ နားလည်းပေးနိုင်မှာပါ တစ်ခုလေးဘဲ ဒီလိုဖြစ်တာ လုံးဝ လုံးဝ ရောဂါ
    မဟုတ်ပါ နောင်များလည်း ဖတ်ချင်ပါသေးတယ်။

  1. Anonymous said... :

    အဲဒီ ဆရာ လူထု စိန်ဝင်းဆောင်းပါးက ဘယ်အပတ်ထုတ် ဘယ်ဂျာနယ်မှာပါတာလဲ။ သိချင်ပါတယ်ခင်ဗျား။

  1. Anonymous said... :

    ဗမာတွေက လူတယောက်ကိုလူတယောက်လို့ မှန်မှန်ကန်ကန်မြင်နိုင်တဲ့နေရာမှာ အလွန်အမင်းအားနည်းတယ်။ အဲဒီအပိုင်းတွေမှာ တရုတ်နဲ့အိန္ဒိယ ရဲ့ယဉ်ကျေးမှုတွေရဲ့လွှမ်းမိုးမှုတွေနဲ့ ပညာရေးနိမ့်ကျမှုတွေရဲ့ရိုက်ခတ်မှုတွေက မယဉ်ကျေးတဲ့သဘောထားနဲ့တုံ့ပြန်မှုတွေကိုဖန်တီးပေးလာခဲ့တယ်။ ဒါပေမယ့် ဗမာတွေက ကိုယ့်ကိုကိုယ်တော့အလွန်ယဉ်ကျေးတယ်လို့ အယူမှားလဲရိုက်သွင်းခံထားရတယ်။

  1. Anonymous said... :

    ဗမာပြည်မှာ အများစုက ၊ ဂေး အခွင့်အရေး ကို အသိအမှတ်ပြု လာတာ နှစ်ပေါင်း ၃၀ ကျော်ပါပြိး ။ ဂေး တွေကိုလဲ စာနာထောက်ထား ကြပါတယ် ။
    မွေးရာပါ ဂေးဖြစ်နေသူတွေကို လူရာသွင်းပါတယ် ။ ဂေးဖြစ်အောင် လေ့ကျင့်ပေးလို့ရတယ် ၊ ဂေးနဲ့အိပ်ဖို့ နူးပေးလို့ရတယ် ဆိုတော့ကာ ၊ လူငယ်တွေကို ဂေးလင် လုပ်ဖို့ အရက် ၊ မူးရစ်ဆေး ၊ ငွေ နဲ့ မြူဆွယ်ဖျက်စီးတာမျိုး ။ ကိုယ်ဂေးဖြစ်တိုင်း အခြား(မေးရာပါမဟုတ်တဲ့)လူငယ်တွေ ဂေးဖြစ်အောင် စည်းရုံးလေ့ကျင့်ပေးတာမျိုး ကိုသာ ဆန့်ကျင်တာပါ ။

    အပေါ်က လူတယောက် ပြောသွားတာ ကြိုက်လို့ ပြန်တင်ပေးတာ... ဂေး ဆိုတာ ရှိတာကို လက်ခံပေမယ့် လူငယ်တွေကို ပိုက်ဆံ၊ မူးယစ်ဆေးဝါး စသဖြင့် တခုခု ပေါ့ အဲလိုမျိုးနဲ့ မြူဆွယ်တာကိုတော့ လုံးဝ လုံးဝ လက်မခံပါ... ဟိုတလောကပဲ အတိုက်အခံထဲက ဂေး အဖွဲ့ ခေါင်းဆောင်တယောက် အဲလိုကိစ္စနဲ့ပဲ အိန္ဒိယမှာ အဖမ်းခံခဲ့ရသေးပီး ဒဏ်ငွေတွေ ဘာတွေ ဆောင်ခဲ့ရတယ်တဲ့... အဲလို ကြီးကြီးကျယ်ကျယ်တွေ ပြောပီး စည်းမစောင့်တဲ့ လူတွေကလည်း ကိုယ့်ကိုယ်ကို အခွင့်အရေးအတွက် လုပ်နေသူလို့ ကြွေးကြော်ပီး ခေါင်းဆောင်နေရာ ယူထားလေသရဲ့.....

  1. Anonymous said... :

    http://en.wikipedia.org/wiki/Homosexuality
    http://en.wikipedia.org/wiki/Gay

  1. Anonymous said... :

    Anonymous says:
    May 7, 2011 11:14 AM Reply

    ဗမာပြည်မှာ အများစုက ၊ ဂေး အခွင့်အရေး ကို အသိအမှတ်ပြု လာတာ နှစ်ပေါင်း ၃၀ ကျော်ပါပြိး ။ ဂေး တွေကိုလဲ စာနာထောက်ထား ကြပါတယ် ။
    မွေးရာပါ ဂေးဖြစ်နေသူတွေကို လူရာသွင်းပါတယ် ။ ဂေးဖြစ်အောင် လေ့ကျင့်ပေးလို့ရတယ် ၊ ဂေးနဲ့အိပ်ဖို့ နူးပေးလို့ရတယ် ဆိုတော့ကာ ၊ လူငယ်တွေကို ဂေးလင် လုပ်ဖို့ အရက် ၊ မူးရစ်ဆေး ၊ ငွေ နဲ့ မြူဆွယ်ဖျက်စီးတာမျိုး ။ ကိုယ်ဂေးဖြစ်တိုင်း အခြား(မေးရာပါမဟုတ်တဲ့)လူငယ်တွေ ဂေးဖြစ်အောင် စည်းရုံးလေ့ကျင့်ပေးတာမျိုး ကိုသာ ဆန့်ကျင်တာပါ ။

    အပေါ်က လူတယောက် ပြောသွားတာ ကြိုက်လို့ ပြန်တင်ပေးတာ... ဂေး ဆိုတာ ရှိတာကို လက်ခံပေမယ့် လူငယ်တွေကို ပိုက်ဆံ၊ မူးယစ်ဆေးဝါး စသဖြင့် တခုခု ပေါ့ အဲလိုမျိုးနဲ့ မြူဆွယ်တာကိုတော့ လုံးဝ လုံးဝ လက်မခံပါ... ဟိုတလောကပဲ အတိုက်အခံထဲက ဂေး အဖွဲ့ ခေါင်းဆောင်တယောက် အဲလိုကိစ္စနဲ့ပဲ အိန္ဒိယမှာ အဖမ်းခံခဲ့ရသေးပီး ဒဏ်ငွေတွေ ဘာတွေ ဆောင်ခဲ့ရတယ်တဲ့... အဲလို ကြီးကြီးကျယ်ကျယ်တွေ ပြောပီး စည်းမစောင့်တဲ့ လူတွေကလည်း ကိုယ့်ကိုယ်ကို အခွင့်အရေးအတွက် လုပ်နေသူလို့ ကြွေးကြော်ပီး ခေါင်းဆောင်နေရာ ယူထားလေသရဲ့.....
    အထက်က ကွန်မင့်န့် ၂ခုလုံး ကောင်းတယ် ။အားပေးအားမြှောက်လုပ်စရာ မလိုပါ ။ နှစ် ၃၀ ကျော် ရှိပြီးသား သူ့ဘာသာလေး အလိုက်သင့်ထားပါ ။ထိုင်းမှာရောက်တော့ စိတ်ကို ပျက်စရာကောင်းအောင် ရှော်င်နေရတယ် ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved