အခု လွှတ်မယ် ... တော်ကြာ လွှတ်မယ် ...

Tuesday, May 3, 2011

ရန်ကုန်မှာ လိုင်းကားတွေ၊ ကြားကားတွေ စီးတုန်းက လူမပြည့်မချင်း မထွက်တတ်လို့ ခရီးသည်နဲ့ ကားစပယ်ယာတို့ မကြာ မကြာ ဆူကြ ပွက်ကြတာ ကြုံဖူးပါတယ်။ ခပ်ရွတ်ရွတ် ခရီးသည်တွေက ဘယ်လို ခနဲ့သလဲဆိုတော့ “ကားဘယ်တော့ ထွက်မလဲဆိုတော့ ... အခုထွက်မယ် ... တော်ကြာ ထွက်မယ် ... ထွက်ချင်မှ ထွက်မယ်” တဲ့။

သမ္မတ ဦးသိန်းစိန် တက်လာပြီးကတည်းက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စဟာလည်း ခုန စကားနဲ့ပဲ ပြောရတော့မလိုပါဘဲ။ “အခု လွှတ်မယ် ... တော်ကြာ လွှတ်မယ် ... လွှတ်ချင်မှလည်း လွှတ်မယ်”။

အခု AFP သတင်းဌာနက အစိုးရသစ်ဟာ အကျဉ်းသားတချို့ကို လွှတ်ပေးမယ်လို့ အမည်မဖော်လိုသူ အရာရှိတဦးကို ကိုးကားပြီး ရေးပါတယ်။ နိုင်ငံရေး အကျဉ်းသား ပါ၏၊ မပါ၏ကတော့ မသိပါ တဲ့။

ဦးသိန်းစိန်ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲကို တက်ဖို့ လာမယ့် ကြာသပေတေးမှာ သွားရမှာပါ။ သမ္မတဖြစ်ပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်ပါ။

“သမ္မတရဲ့ ပထမဆုံး နိုင်ငံတော်ခရီးစဉ် ကာလဝန်းကျင်မှာ အကျဉ်းသား တချို့ကို လွှတ်ပေးလိမ့်မယ်” လို့ အရာရှိတဦးကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။ အသေးစိတ်တော့ မပါပါဘူး။

မြန်မာပြည်က ထောင်တွေထဲမှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရသူ ၂၂၀၀ ကျော် ရှိပါတယ်။ စစ်အစိုးရလက်ထက်ကတည်းက တခြား ရာဇဝတ်ပုဒ်မတွေနဲ့ အကြောင်းပြ စွပ်စွဲ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အားလုံးက စိတ်ဝင်စားနေကြတာကတော့ လွှတ်မယ့် အထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်နှဦး ပါမလဲ ဆိုတာပဲ ဖြစ်ပါတယ်။ လွတ်နီး လို့ ခေါ်တဲ့ လွတ်ခါနီးလူတွေကိုပဲ ဟန်ပြ လွှတ်မလား၊ တကယ့်ခြေတလှမ်း တရပ်အနေနဲ့ လွှတ်သင့် လွှတ်ထိုက်သော နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မလားဆိုတာကတော့ မကြာမီ အဖြေပေါ်မှာပါ။

ဘာပဲဖြစ်ဖြစ် လွှတ်ရင် လွှတ်တယ်လို့ မှတ်ဆိုပြီးပဲ စောင့်ကြည့်ရမှာပါပဲ။

1 comments :

  1. Anonymous said... :

    ဟား...ဟား...ပဲခူးမြို.လည်ခေါင် သေနတ်နဲ့ လက်သရမ်းခဲ့တဲ့ စစ်ဗိုလ်လေး ပြန်လွတ်တော့မယ်ကွ...လက်သတ်မွေးတာတောင်ခံရအုံးမှာ..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved