သမ္မတကြီး ဦးသိန်းစိန် ရဲ့ အလုပ်သမားနေ့သ၀ဏ်လွှာ တဲ့ ဗျား (အပိုင်း - ၁)

Friday, May 6, 2011

ဦးမင်းနိုင်မင်း

ဦးသိန်းစိန်ရဲ့ အလုပ်သမားနေ့သ၀ဏ်လွှာ စာပိုဒ် (၁) မှာ တမူထူးပြီးဖေါ်ပြထားတာက “တိုင်းရင်းသားအလုပ်သမားကြီးများ အားလုံး” တဲ့ခင်ဗျ။


အဲ.. ဦးသိန်းစိန် ခြေလှမ်းစပုံက.. ဘွာဗျို့..ဘွာ,ဘွာ။ သ၀ဏ်လွှာစွမ်းပြပုံက.. ဟဲ..ဟဲ “တိုင်းရင်းသား အလုပ်သမားကြီးများ” တဲ့..ခင်ဗျ။ ဒီနေရာမှာ “တိုင်းရင်းသား” ဆိုတဲ့စကားလုံးကို ရှေ့တန်းမှာထားပြီး မွှန်းသွားသဗျ။ အဲ..လေမရှည်ချင်လို့ ဒီအကြောင်းကို နောင်မှပြောပါ့မယ်။ လောလောဆယ်မှာတော့ စကားကြွေးလို့သာ မှတ်ထားလိုက်ပါဗျား။

အဲ... ဦးသိန်းစိန်ရှေ့ကိုဆက်တာက “အလုပ်သမားကြီးများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြလျက် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းဖြင့် သ၀ဏ်လွှာကို ဂုဏ်ပြုပေးပို့ပါသတဲ့..။”

ဟိုက်..ဒါတွေက.. စကားလှ, စကားရွတွေ၊ အပေါ်ရံ`ဟန်´စကားတွေ၊ ပလီပလာတီတီတာတာ စကားတွေပါဗျာ..။ လက်တွေ့ကျပြီး အလုပ်ဖြစ်တဲ့စကားမျိုး.. မဟုတ်ပါဘူး။ ပြောရိုးပြောစဉ်ပြောတာပါလို့ ဆင်ခြေဆင်လက်တွေ ပေးကောင်းပေးပါလိမ့်မယ်..ဟဲ..ဟဲ..။ ကဲ..ရှိပါစေတော့.. ရှိစေတော့။
ပါပဲဖြစ်ဖြစ်… ဦးသိန်းစိန်ရဲ့နှလုံးသားထဲမှာ ကောင်းသောစေတနာ စေတသိက်တစုံတရာအတိုင်း အတာထိရှိတယ်ဆိုတာကိုတော့ အမှန်တကယ် ယုံကြည်ပါတယ်ဗျာ။

နောက်စာပိုဒ် (၂) မှာ ဖေါ်ပြထားတာတွေကို တစ်ခုချင်းတစ်ခုချင်း ဆွဲထုတ်လိုက်ရင် အေးချမ်းသာယာတဲ့..၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့..၊ စည်းကမ်းပြည့်ဝတဲ့..ဒီမိုကရေစီနိုင်ငံ.. ဖြစ်လာရေးအတွက်..တဲ့ ခင်ဗျ။


ဖတ်ရတာ,နားထောင်ရတာ သိပ်ကိုကောင်းပါတယ်။ ဒါပေမယ့်..အေးချမ်းသာယာမှုကို ဘယ်သူတွေက ဖျက်ဆီးနေသလဲ။ တိုင်းရင်းသား တန်းတူအခွင့်အရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအတွက်၊ မလွှဲသာမရှောင်သာ လက်နက်ကိုင်ထားရတဲ့… တိုင်းရင်းသားလူမျိုးတပ်မတော်များကို အမှည့်ချွေ,ချွေဖို့၊ ဥာဏ်နီဥာဏ်နက်မျိုးစုံသုံးပြီး.. မွေးတာ၊ သပ်လျှိုတာ၊ ရန်စတာ၊ ခြိမ်းချောက်တာ..၊ အဲဒါတွေကို န၀တ နအဖ လက်ထက်ကလိုပဲ ဆက်လုပ်နေတာ..ဘယ်သူလဲ။

ရပ်ရွာတွေကို အဓမ္မရွှေ့, မီးရှို့, ကြိုက်တဲ့ပစ္စည်းတွေ့တာယူ, လူတွေကိုနှင်ထုတ်, အမျိုးသမီးတွေကိုစော်ကား, တွေ့ရာလူကို တိရစ္ဆာန်လိုသဘောထားပြီး ပေါ်တာလုပ်ခိုင်း, လူသားစစ်စစ်ကို မိုင်းရှင်းကြိယာအဖြစ်အသုံးချ….။ ဒီအလုပ်တွေကို ဆက်လုပ်နေတာကရော... ဘယ်သူလဲ။

မြို့ပေါ်မှာ ရပ်ကွက်တွေထဲက လူတေ လူပေ လူဆိုး လူမိုက် လူရမ်းကားတွေ..။ ထောင်ထဲကထုတ်လာတဲ့ ရာဇ၀တ်သားတွေ..။ သူတို့ကိုနေ့ထွက်ပေး၊ အထူးအခွင့်အရေးပေး၊ အရက်တိုက်..။ ဒီနည်းနဲ့ပြည်သူတွေကို နှိမ်နင်းဖြိုခွင်းဖို့၊ စိုင်းပြင်းနေတာကရော.. ဘယ်သူလဲ။

အေးချမ်းသာယာရေးကို ဖျက်ဆီးနေတာဟာ၊ အုပ်ချုပ်ခံနေရတဲ့ပြည်သူတွေနဲ့ သူတို့ရဲ့ဘက်တော်သားတွေလား..။ အုပ်ချုပ်တဲ့အ၀န်းအ၀ိုင်းက အဆင့်ဆင့်သော အာဏာပိုင်တွေလား။
ဒီတော့ သမ္မတကြီးဦးသိန်းစိန်ကို ပြောပါ့မယ်။ ရွှေသမင်ဘယ်ကထွက်.. မင်းကြီးတာကထွက်.. ဖြစ်နေပြီ။ ဒါကြောင့် ပြည်ထောင်စုသားအချင်းချင်းပဲဗျာ။ လက်နက်ကြီးတွေကိုင်ပြီး ထိပ်တိုက်မလုပ်ပါနဲ့။ ခေါင်းချင်းဆိုင်ပြီး မခွေ့ပါနဲ့။ မခွပ်ပါနဲ့။ ပတ်ကြမ်းမတိုက်ပါနဲ့။

အမှန်တကယ် ငြိမ်းချမ်းသာယာချင်သလား.။ အချင်းချင်းပဲဗျာ..။ စာပွဲဝိုင်းမှာတွေ့ဆုံးဆွေးနွေး အဖြေရှာတဲ့နိုင်ငံရေးနည်းကို သုံးလိုက်ရင် အလွယ်ကလေးပါဗျာ။

သမ္မတကြီးဦးသိန်းစိန်..ရေ့..။ နိုင်ငံတော်တရားခံကြီး ဗိုလ်သန်းရွှေရဲ့ လမ်းစဉ်အတိုင်းလိုက်ရင်တော့၊ သူ့လိုပဲဦးသိန်းစိန်လည်း နိုင်ငံတော်တရားခံကြီး ဖြစ်သွားပါလိမ့်မယ်။
ဖြစ်သမျှကိစ္စအ၀၀.. နိုင်ငံတော်သမ္မတကြီးရဲ့ခေါင်းပေါ် အကုန်စုပြုံကျမှာမို့ ဦးသိန်းစိန်..ရေ့..။

ကိုယ့်လမ်းကိုယ်ဖေါက်၊ ကိုယ့်လမ်းကိုယ်လျှောက်ပါဗျား။ ကိုယ့်ဗိုက်ကိုငှားပြီး ဓါးထိုးမခံပါနဲ့ဗျာ။
သမ္မတကြီးတို့ရဲ့အစစ်အမှန်ရန်သူက ဒေါ်အောင်ဆန်းစုကြည် မဟုတ်ဘူးဗျ။ ဦးသိန်းစိန်ကို စိတ်စေတနာကောင်းနဲ့ ပြောမယ်ဗျာ။ ၀န်းကျင်က ဦးသိန်းစိန်ရဲ့စိတ်ထားမျိုးမရှိတဲ့ နိုင်ငံတော်တရားခံစာရင်း ပေါက်ပြီးသား လူဆိုးလူမိုက်တွေကို သတိဗျို့.. သတိ..သတိ..။

အေးချမ်းသာယာမှုအကြောင်းကို ဒီမှာတဖြတ်, ဖြတ်ပြီး ရှေ့ကိုတလှမ်း လှမ်းပါ့မယ်။
ဦးသိန်းစိန်က ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်လာစေချင်ပါသတဲ့..။ ကောင်းပါ့ဗျာ။ ကောင်း,ကောင်း,ကောင်း,လို့ကို ပြောလိုက်ချင်ပါရဲ့။ သမ္မတကြီ ဗွေဆော်ဦးပြောခဲ့တဲ့ မိန့်ခွန်းထဲကအတိုင်း ကောင်းမွန်သောအုပ်ချုပ်မှုစနစ် (Good Governance)၊ သန့်ရှင်းသောအစိုးရ (Clean Government) ပေါ်ပေါက်လာဖို့ ဆိုတဲ့စကားဟာ လေထဲလွင့်ပျောက်မသွားစေရပဲ အကောင်အထည် တကယ်ဖေါ်နိုင်ရပါလိမ့်မယ်ခင်ဗျ။ အဲ..ဒီနေရာမှာ ဆရာကြီးဦးသုခရဲ့ အဆိုအမိန့်ကို ပြန်ပြောင်းသတိရစေချင်ပါတယ်။ “တကယ်လုပ်ချင်ရင်၊ တကယ်လုပ်။ အဟုတ်ဖြစ်ရမည်။” တဲ့ခင်ဗျ။
သမ္မတကြီးလိုချင်တဲ့ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်၊ သန့်ရှင်းသောအစိုးရဆိုတာ တကယ်တော့လူပေါ်မှာ မူတည်တယ်ဗျ။`လူသာပဓါန´ပါဗျ။ ဒီနေရာမှာကြားညှပ်ပြီး ပြောချင်တာက၊`လူသာပဓါန´ဆိုတာ၊ မဆလ က တီထွင်ခဲ့တဲ့ မဆလကိုယ်ပိုင်စကားလုံး မဟုတ်ပါဘူးဗျာ။ ရှေးရှေးကတည်းက ရှိခဲ့တာကို မဆလ က ဆွဲယူသုံးခဲ့တာပါ။

အဲ.. မူလစကားပြန်ကာကောက်ရရင် သမ္မတကြီး ရေ့ `လူသာပဓါန´ နော်။ ဒီတော့..သမ္မတကြီး ဖြစ်စေချင်တဲ့ `သန့်ရှင်းသောအစိုးရ´(Clean Government) ဆိုတာမျိုးပေါ်လာဖို့ရာ သမ္မတကြီးရဲ့အစိုးရအဖွဲ့ဝင်တွေဟာ ဘယ်လောက်များ သန့်ရှင်းကြပါသလဲခင်ဗျာ..။

ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံလွတ်လပ်ရေးရအောင် နိုင်ငံရေးလုပ်သွားခဲ့တယ်။ အသက်ကိုတောင် တိုင်းပြည်အတွက်ပေးသွားခဲ့တယ်။ သေသာသွားတယ်၊ ဘာတစ်ခုလေးကိုမျှ ကိုယ်ကျိုးမရှာခဲ့ဘူး။ မှဲ့တစ်ပေါက် အစွန်းမခံခဲ့ဘူး။ သန့်ရှင်းလိုက်ပါဘိဗျာ။ အဲဒီလိုသန့်ရှင်းတဲ့ ပုဂ္ဂိုလ်မျိုးတွေက သမ္မတကြီးရဲ့အစိုးရအဖွဲ့ထဲမှာ ဘယ်နှစ်ယောက်များရှိလို့တုန်း။ စိတ်မရှိနဲ့ဗျာ။ အလုပ်သဘောအရမေးရတာပါ။ သမ္မတကြီးကစ,လို့ ဘေးနားက ဒု-သမ္မတကြီးတွေပါ, အပါအ၀င်၊ ဟိုး..အောက်ဆုံးက ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေအထိ ဘယ်လောက်များ သန့်ရှင်းကြပါသလဲခင်ဗျာ.။

အခုလေးပဲ သတိရမိပါတယ်။ လူရွှင်တော် (ဦး)ပေါစံ ရဲ့ ပြက်လုံး..။ ဟိုးတချိန်က အင်မတန်ကျော်ကြားခဲ့တဲ့ မြို့တော်သိန်းအောင် ဇာတ်သဘင်ထဲက လူရွှင်တော်(ဦး)ပေါစံ က ဇတ်သဘင်ရာဇ၀င်မှာ စာတင်ရမယ့်ပြက်လုံးတွေ ထုတ်ခဲ့တယ်။ အဲဒီပြက်လုံးတွေထဲက ပြက်လုံးတစ်ခု ၊ဒီလိုပါခင်ဗျ။

(ဦး)ပေါစံ က စကားတခွန်းကို ဗျုံးခနဲ ခပ်တည်တည်`ပစ်´ထည့်လိုက်တယ်။

“ဟေး..ဘုရားဟောတရားတော်ထဲက ခိုးသားငါရာ၊ လူ့ပြည်မှာ လူဝင်စားတွေဖြစ်ကုန်ကြပြီ။”

ပွဲကြည့်ပရိသတ်တွေရဲ့ မျက်လုံးတွေ ကျယ်လာကြတယ်။ (ဦး)ပေါစံရဲ့ တွဲဖော်တွဲဘက် လူရွှင်တော်ကလည်း ပြူးတူးပြဲတဲဖြစ်သွားတယ်။ သူကတအံ့တသြနဲ့ ဒိုး ဒေါက် ခွပ် မေးခွန်း ထုတ်လိုက်တယ်။

“ဟေ..ဒီ ခိုးသားငါးရာ၊ ဘယ်မှာလူဝင်စားဖြစ်ကြတာတုန်း”

ပွဲကြည့်ပရိဿတ်လည်း သိချင်ဇောနဲ့ ခါးအထက်ပိုင်းကတကိုယ်လုံး`ဆတ်´ခနဲအကြောတွေ စန့်ထွက်ပြီးဦးခေါင်းပါ မြင့်တက်လာကုန်ကြတယ်။ (ဦး)ပေါစံ ဘယ်လိုဖြေမလဲ။ ကြားချင်လိုက်ကြတာ၊ အသဲ တယားယားနဲ့ဗျ။ အဲဒီလိုပွဲကြည့်ပရိသတ် ရောဂါတက်နေချိန်မှာ၊ (ဦး)ပေါစံကအဖြေကို `ဒိုင်း´ခနဲ ဖွင့်ထုတ်လိုက်တယ်။

“ကုန်သွယ်ရေး မှာ”

ဒီနေရာမှာ လိုအပ်လာလို့ အဖြည့်စကားလေး ပြောလိုတာက (ဦး)ပေါစံတို့`ခေတ်ထ´တာက မဆလခေတ်။ မဆလခေတ်မှာ ကုန်သွယ်စီးပွါးလုပ်ငန်းကို မဆလ အစိုးရက ပြည်သူပိုင်သိမ်းထားတယ်။ ကုန်သွယ်စီးပွါး လုပ်ငန်းအားလုံးဟာ မဆလ ပါတီ ကောင်စီ လူကြီးတွေ,နဲ့ ဌာနဆိုင်ရာအရာရှိတွေ, ၀န်ထမ်းတွေရဲ့လက်ထဲမှာ သွန်လိုသွန်,မှောက်လိုမှောက်….။ ဒီလိုနဲ့ကုန်သွယ်ရေးမှာ သူခိုးတွေချည်း စုပုံနေတော့တာ..။

ဒီအခြေခံအကြောင်းတရားကို ပရိသတ်အားလုံက သိပြီးဖြစ်နေလို့…၊ (ဦး)ပေါစံ ရဲ့ အဖြေပြက်လုံးကိုလည်း ကြားရရော ပွဲခင်းတခုလုံး`၀ါး´ခနဲ ပွဲကျကုန်ရပါတယ်ခင်ဗျာ။

ဒါကြောင့် သမ္မတကြီးဦးသိန်းစိန်ကို တင်ပြပါတယ်။ တိုက်တွန်းပါတယ်။ တောင်းဆိုပါတယ်။ ကြံ့ဖွံ့အစိုးရထဲမှာ လူဝင်စားအဖြစ် ၀င်ရောက်ခိုလှုံလာကြတဲ့ ခိုးသားငါးရာကို လက်ဦးမှုယူပြီး သန့်စင်ပစ်ပါ။ ဒါမှသာ သမ္မတကြီးဦးသိန်းစိန်ပြောတဲ့ သန့်ရှင်းသောအစိုရ (Clean Government) ပေါ်ပေါက်လာမှာပါ။

ကိုင်း.. သန့်ရှင်းသောအစိုးရကိုတော့ ရပါပြီ။ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance) ကို အကောင်အထည်ဖေါ်ရပါတော့မယ်။ ဒီနေရာမှာ သင်ခန်းစာယူစရာကို ထောက်ပြဖို့လိုလာပါပြီ။ `ဒိတ်´ဆိုတဲ့ သင်ခန်းစာကို ထောက်ပြပါ့မယ်။

ရေနက်ကွင်း စပါးစိုက်ပျိုးရေးတဲ့ခင်ဗျ။ ဒီစီမံကိန်းကို`ချ´တဲ့သူက အခြားအခြားသော `အနုညာတ´ပုဂ္ဂိုလ်, `ချာတူးလန်´ပုဂ္ဂိုလ်မဟုတ်ပါ။ နိုင်ငံတော်အကြီးအကဲ, နအဖဥက္ကဋ္ဌကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေပါဗျ။ ရေနက်ကွင်းစီမံကိန်းဒေသတွေက ဟိုနေရာဒီနေရာတွေမှာ အနှံ့အပြား ဆိုင်းဘုတ်ကြီးတွေထောင်ပြီး `ကြွား´ထားလိုက်သေး။ ဆိုင်းဘုတ်ကြီးရဲ့ထိပ်ဆုံးမှာ ရေးထားတာက “နိုင်ငံတော်အကြီးအကဲကြီး, နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လမ်းညွှန်ချက်အရ” တဲ့..ဟဲ..ဟဲ..။

မှူးကြီးသန်းရွှေက ခေတ်ပျက်သူဌေးတွေကို ရေနက်ကွင်းစပါးစိုက်ကြတဲ့...။ လိုအပ်ချက်မှန်သမျှကို နိုင်ငံတော်ကပံ့ပိုးပေးမယ်တဲ့။ ရေနက်ကွင်းစပါးစိုက်မယ့် ခေတ်ပျက်သူဌေးတွေကို ဗိုလ်မောင်အေးက မအူမလည်ဝင်ပြီး ချီးမြှောက်လိုက်တဲ့ဘွဲ့ထူး ဂုဏ်ထူး က “ရဲဘော် ရဲဘက်တွေ” တဲ့ဗျ..ဟဲ..ဟဲ..။

စာရင်းချုပ်လိုက်တော့ နိုင်ငံတော်ကထုတ်ချေးလိုက်တဲ့ငွေတွေ၊ ထုတ်ပေးလိုက်တဲ့ဒီဇယ်တွေ, စက်ယန္တယားတွေကအစ အားလုံးရေနက်ကွင်းထဲမှာ ရေမျောကုန်တာပါပဲဗျာ။ ခေတ်ပျက်သူဌေးတွေကတော့၊ `ရောင်ပြ´ကလေးလုပ်ပြီး နိုင်ငံတော်ဆီကရသမျှ `မ´သွားတော့တာပေါ့ဗျာ။

ရေနက်ကွင်းစပါးစီမံကိန်းအကြောင်း ပြောရရင်ဆုံးမှာ မဟုတ်ပေဘူး။ ဒါကြောင့်လိုရင်းကိုတို့ပြီး ချုပ်ရရင် နိုင်ငံတော်အကြီးအကဲကြီးရဲ့ မဟာစီးပွါးရေးစီမံကိန်းတစ်ခုအကြောင်းကို လက်တွေ့မျက်တွေ့ လက်ညှိုးညွှန်ပြပါ့မယ်။ ရန်ကုန်နဲ့မဝေးဘူးခင်ဗျ..။ တိုက်ကြီးမြို့အလွန်က`ဥတို´စိုက်ကွင်းကို သွားကြည့်ကြပါဗျာ။

ဟယ်လီကော်ပတာ ဆင်းတက်တဲ့လေယာဉ်ကွင်းနဲ့ဗျ။ အတွဲလေးတွေခေါ်သွားပြီး`စပိဘုတ်´စီးကြပါဗျ။ ပြီးတော့`ဘန်ဂလို´လေးတွေမှာ နားနားနေနေ ညအိပ်တည်းခိုကြပါခင်ဗျာ။ ”နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လမ်းညွှန်ချက်အရ”လို့ ခေါင်းစဉ်တတ်ထားတဲ့ ဆိုင်းဘုတ်ကြီးတွေကတော့ အတောင်ပံပေါက်ပြီး လွင့်ပျံသွားလို့မတွေ့ရတာ ကြာပါသော်ကောဗျာ။

ဥတိုစိုက်ကွင်းက တာဝန်ရှိသူတယောက်ကတော့ ပြောပါတယ်။ “ငွေတွေဘယ်လောက်ပဲကုန်ကုန်၊ တန်ပါတယ်ဗျာ” တဲ့။

“ဟာ..ဘယ်ပုံဘယ်နည်း တန်တာလဲ”လို့ တအံ့တသြပြန်မေးလိုက်တော့ ကိုယ်တော်မြတ်က တဟား..ဟာ..ရယ်မောပြီး ထူးထူးဆန်းဆန်းအဖြေကို ပေးသဗျ။

“သုတေသနလုပ်တယ်လို့သာ သဘောထားလိုက်ရင် တန်သွားပြီပေါ့ဗျာ ..ဟား..ဟား..ဟား”

(အပိုင်း ၂ သို့ ဆက်ရန်)

5 comments :

  1. Anonymous said... :

    အခုဒီဆောင်းပါးကိုပြန်လည် သုံးသပ်သူအနေနဲ့ခင်ဗျားအခုရောက်နေတဲ့ နေရာကနေ ဒီထက်မြင့်အောင် အရင်ကြိုးစားကြည့်ပါအုံး သူများကိုဝေဖန်မှ ထမင်းစားရတဲ့ သူကများ

  1. M.P said... :

    ဘယ်လိုနည်းနဲ့ပဲ အာဏာရထားပါစေ၊ အစိုးရအနေနဲ့ သဝဏ်လွှာရေးတဲ့အခါ ဒီလိုပဲ နှုတ်ခွန်းဆက်တာ၊ ကောင်းတာတွေဖြစ်လာအောင် လုပ်ပါ့မယ် ဘာညာရေးရတာပေါ့ဗျာ။ သဝဏ်ထဲတော့ ဘာတော့ဘယ်လိုဖြစ်ပြန်ပြီဆိုတဲ့ အစီရင်ခံစာလို ဘယ်ပါပါ့မလဲ။ ဘယ်နိုင်ငံမှာမှလဲ သဝဏ်လွှာထဲက ဆုတောင်းစာတွေ၊ ဟိုဟာလုပ်မယ် ဒီဟာလုပ်မယ်တွေကို မဲဆွယ်တုန်းကလို အာရုံမစိုက်ကြပါဘူး။ မြန်မာအစိုးရကတော့ပိုသနားဖို့ကောင်းတယ်။ နည်းနည်းလေး မပြောလိုက်နဲ့ - နွှာမယ်ဆိုတာချည်းပဲ။ နှုတ်ခွန်းဆက်တာက အစ မလွတ်တော့ဘူး။ “တိုင်းရင်းသားအလုပ်သမားကြီးများ အားလုံး” ဆိုတာ ဘာအပြစ်ရှိလို့လဲ။ ထမင်းစားကျွန်ခံကြီးများလို့ ပြောတာမှ မဟုတ်တာ။ စာရေးတော့ ဒီလိုပဲရေးရမှာပေါ့။ သဝဏ်လွှာ မပို့တော့ အဖတ်တောင် မလုပ်ဘူး တွေ့လား လို့ ပြောဦးမယ်။ ခွေးဟောင်တိုင်းထကြည့်ချင်လည်း သဘောပါပဲဗျာ။ တိုင်းပြည်အတွက် လုပ်နိုင်တာလုပ်ပေးကြပါ။ ဒီသူတောင်းစားတွေ တောရေး၊ တောင်ရေး ရေးတာကို ဝေဖန်လေကန်ရမယ့် အချိန်မဟုတ်တော့ဘူးဗျာ။

  1. မင်းဆရာ said... :

    ဆရာ MP ခင်ဗျာ၊ စာပေလွတ်လပ်ခွင့်ကို နားလည်ပေးစေလိုပါသည်။ ဤနေရာတွင် စာပေစီစစ်ရေးဋ္ဌာန မရှိပါ။ ဆရာ သဘောမတွေ့လို့ လွတ်လပ်စွာ ကော်မန့်ရေးသလို၊ ဆောင်းပါးရှင်လည်း ထိုနည်းအတူပဲဖြစ်ပါသည်။ အိပ်ပျော်စားဝင်ပါစေ.... ကျေးဇူးတင်ပါသည်။

  1. Anonymous said... :

    ဝေဖန်စရာ မရှိအောင်နေရင် ဝေဖန်ဘို့လဲ မလိုတော့ဘူးပေါ့ဗျာ
    အခုတော့ ဆရာသမားရေး ခင်ဗျားမငတ်နိုင်သေးဘူး
    စစ်အစိုးရမှာ ကဘယ်နေရာ ကြည့်ကြည့် အကောင်းတစက်မှမရှိဘူး ခင်ဗျားဝေဖန်စရာတွေ ရှိလာအုံးမှာပါ

    ဆရာသမား ခင်ဗျားအောင်မြင်တယ်လို့ပဲပြောရမယ် ဒီဆရာသမားနှစ်ယောက်က ခင်ဗျားကိုပြန်ဝေဖန်နေလို့ အဲဒါနဲ့ အဲ့၂ယောက်ကော ခင်ဗျားလိုထမင်းစားရရဲ့လားမသိဘူးဗျ

  1. Anonymous said... :

    comment ဆရာများ စကားနိုင်လုခြင်းဖြင့် အဖြေထွက်လာမည် မဟုတ်ဘိသကဲ့သို့ ထင်ရာရေးနေခြင်းဖြင့်လည်း ခင်ဗျားတို့ ကျနော်တို့ ဆန္ဒတွေ ပြည့်လာမည်မဟုတ်ပါ ။ အဓိက လုပ်ရမှာ ကျနော်တို့ကိုယ်တိုင်ပါ ။ မည်သို့ပင်ဖြစ်ပါစေ အတိုက်အခံများ၏ ကျောထောက်နောက်ခံ စီးပွားရေးလုပ်ငန်းများ ဆထက်တိုးပေါ်ပေါက်လာပါလျင် မြန်မာပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းကောင်းများ ပေါ်ပေါက်လာပါလိမ့်မည်။ အထူးသဖြင့်ဒေါ်စု ကိုယ်တိုင် ဦးဆောင်ပြီး အမျိုးသားစီးပွားရေးကို လုပ်ကိုင်ဆောင်ရွက်ပါလျင် ယခုထက်ပိုမိုပြီး မြန်မာ ပြည်သူအပေါ်င်းတို့၏ လူမှု့ရေး ကျန်းမာရေး အဆင့်အတန်းများ အလုပ်အကိုင်အခွင့် အလမ်းများ အဆင့် အတန်းမြင့်မားလာမည်ဟု ယုံကြည်မိပါ၏ ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved