စစ်ကိုင်းတိုင်းတွင် ရင်ချင်းဆက်အမွှာညီအစ်မ မွေးဖွား

Thursday, May 12, 2011

စစ်ကိုင်းတိုင်း ချောင်းဦးမြို့ ပြည်သူ့ဆေးရုံတွင် ရင်ချင်းဆက် အမြွှာညီအစ်မနှစ်ဦးကို အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ချောင်းဦးမြို့ ရွှေတောင်ကွက်သစ်ရပ်၊ ဦးနိုင်ဝင်း ဒေါ်အေးမြင့်သန်းတို့၏ ရင်သွေးများဖြစ်သော အဆိုပါ ရင်ချင်းဆက်အမွှာညီအစ်မကို မေလ ၆ ရက်နေ့ည ၁၀ နာရီတွင် ၈ မိနစ်တွင် ခွဲစိတ်မွေးဖွားခဲ့ပြီး မေလ ၉ ရက်နေ့တွင် လိုအပ်သော ကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် မန္တလေး ကလေးအထူးကုဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

“ကလေးတွေက နှစ်ယောက်ပေါင်း ၄.၄ ကေဂျီ (၁၀ ပေါင်) နဲ့ ကျန်းကျန်းမာမာပါပဲ။ အထူးကုဆရာဝန်ကြီးတွေနဲ့ ၂၄ နာရီ စောင့်ရှောက်မှုတွေ ပေးနေပါတယ်။ ကလေးတွေက ရင်ချင်းဆက်တဲ့အပြင် အသည်းချင်းပါ ဆက်နေပါတယ်။ စမ်းသပ်စစ်ဆေးမှုတွေလုပ်ပြီး ခွဲစိတ်ကုသဖို့ကတော့ သူတို့လေးတွေရဲ့ ကျန်းမာရေး အခြေအနေနဲ့ အသက်အရွယ်ပေါ်မှာမူတည်ပြီး လုပ်သွားမယ်ဆိုပြီး ဆရာဝန်ကြီးက ရှင်းပြတယ်” ဟု ဆေးရုံသို့ သတင်းသွားယူသူ သတင်းသမားတဦးက ပြောသည်။

အဆိုပါ သတင်းသွားယူသော သတင်းထောက်များကို ကလေးငယ်များ၊ မိဘများနှင့် တွေ့ခွင့်၊ ဓာတ်ပုံရိုက်ခွင့်များမပေးကြောင်း သူကဆိုသည်။

မြန်မာနိုင်ငံတွင် ရင်ချင်းဆက်အမြွှာမွေးဖွားမှု၊ ခွဲစိတ်အောင်မြင်မှုများရှိခဲ့ရာ မနန်းစိုးနှင့် မနန်းစံ၊ အေးအေးငြိမ်းနှင့် အိအိငြိမ်း၊ စိုပြေလင်းနှင့် စိုပြေ၀င်း၊ မိုးမမအောင်နှင့် မိုးပပအောင်တို့ကို ခွဲစိတ်အောင်မြင်မှုများမှာ မြန်မာ့ဆေးပညာသမိုင်းတွင် မှတ်တမ်းတင်ရသော ခွဲစိတ်အောင်မြင်မှုများဖြစ်သည်။

1 comments :

  1. အိုပါး (ခေတ္တကိုရီးယား) said... :

    ဂုဏ်ယူပါတယ် မြန်မာဆရာဝန်များ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved