လပြည့်ဝန်းသို့ တမ်းခြင်း ၁

Friday, May 27, 2011


တေးရေး ကိုနေဝင်းဆိုရင် မြန်မာပြည် စတီရီယိုလောကရဲ့ အကျိုးပြုသူ ကျေးဇူးရှင်တဦးအဖြစ် ဘယ်သူမှ ငြင်းမယ် မထင်ပါဘူး။ အထူးသဖြင့်တော့ လက်ရှိ ဂီတလောကမှာ ပြန်ဆိုတေးတွေကို အခေါက်ခေါက်အခါခါ ပြန်ဆိုနေကြတဲ့ အဆိုတော်ကြီး အဆိုတော်လတ် အဆိုတော်ငယ်တွေက ပိုလို့တောင် ငြင်းမယ် မထင်ပါဘူး။

တချိန်က လျှမ်းလျှမ်းတောက် နာမည်ကြီး အဆိုတော်တွေ ဖြစ်ခဲ့ပြီး အခုအချိန်မှာ ခေတ်ဟောင်းအဆိုရှင်တွေ လို့တောင် သတ်မှတ်လို့ ရနိုင်ပြီဖြစ်တဲ့ အဆိုတော် ခိုင်ထူး၊ စိုင်းထီးဆိုင်၊ ကံ့ကော်တောမျိုးအောင်၊ ဘိုဘိုဟန်၊ စိုးပိုင်၊ ခင်မောင်တိုး၊ မွန်းအောင် စတဲ့သူတွေဟာ ကိုနေဝင်းရဲ့ သီချင်းတွေနဲ့ နာမည်ကြီး အောင်မြင်ခဲ့တယ်လို့တောင် ပြောနိုင်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ဒီနေ့ထိ မရိုးနိုင်တဲ့ “မောင့်လပြည့်ဝန်း” သီချင်းကတော့ ကိုနေဝင်းရဲ့ ကလပ်စစ် ... ဂန္ထဝင် သီချင်းတပုဒ်ပါ။

ဒါကြောင့်လည်း ကိုနေဝင်းနဲ့ ဂီတဖွားဘက်တော်လို့ ပြောနိုင်တဲ့ မဇ္ဈိမလှိုင်း တေးဂီတဝိုင်းရဲ့ နှစ် ၃၀ ပြည့်ခရီးနဲ့ အတူ မကြာသေးခင်က ကျင်းပခဲ့တဲ့ ကိုနေဝင်းရဲ့ အသက် ၆၀ ပြည့်မွေးနေ့ကို “လပြည့်ဝန်းသို့တမ်းခြင်း” လို့ နာမည်ပေးပြီး MRTV4 မှာ ထုတ်လွှင့်ပြသ ခဲ့ပါတယ်။ အဲဒီဂီတပွဲမှာ မဇ္ဈိမလှိုင်းတေးဂီတ ဝိုင်းက တီးခတ်ပြီး ကိုနေဝင်းရဲ့ သီချင်းတွေကို လက်ရှိ နာမည်အကြီးဆုံးဆိုတဲ့ မြန်မာအဆိုတော် အများစုက ဂုဏ်ပြုသီဆိုပေးထားတာ တွေ့ရပါတယ်။ အဲဒီပွဲမှာ လာတဲ့ ပရိသတ်တွေနဲ့ အမေးအဖြေ ပုံစံမျိုးတွေပါ ထည့်သွင့်ထားပါတယ်။

အခု တခါမှာတော့ အဆိုတော် ဘိုဖြူ ပြန်လည်သီဆိုထားတဲ့ ကိုနေဝင်းရဲ့ “အဆိပ်ရည်အပြည့်နဲ့ပုံး” နဲ့ “ချစ်သူတရေးနိုး” သီချင်းတွေကို ဧရာဝတီ ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။ နောက်ထပ်လည်း ဆက်လက်ပြီး ကိုနေဝင်းရဲ့ နှစ် ၆၀ ပြည့်မွေးနေ့ပွဲ အစီအစဉ်ကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ကိုနေဝင်း (ဝဲ)၊ ကိုရဲလွင် (ယာ)



1 comments :

  1. Anonymous said... :

    ကျေးဇူးပဲဗျာ။ နောက်ထပ်လည်း တင်ပေးပါဦး။ ဘိုဖြူက အသံနည်းနည်းပျော့ပြီး၊ ဆွဲလွန်းသလားလို့ ။ သူ့ စတိုင်ပေါ့လေ။
    ကိုနေ၀င်းသီချင်းတွေ နားထောင်ရသလို၊ ကိုရဲလွင် (အနုပညာအခေါ်ပါ၊ ဦးရဲလွင်ပေါ့ဗျာ။) သူ့ ကို ၂၀၀၇ ရျွှေဝါရောင်တော်လှန်ရေးမှာ ပါသွားပြီး၊ ထပ်မတွေ့ ရတော့ဘူးထင်နေတာ။ အခုပြန်တွေ့ ရတာ သိပ်ဝမ်းသာပါတယ်။ သိပ်လေးစားဖို့ ကောင်းတဲ့ ဂီတပညာရှင်ကြီးတွေပါပဲဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved