ဗလက္ကာရမှုနဲ့ ထိန်းသိမ်းခံရတဲ့ IMF အကြီးအကဲ

Monday, May 16, 2011

(Photo - BBC)

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အကြီးအကဲဖြစ်ပြီး လာမယ့် ပြင်သစ်သမ္မတ သက်တန်းအတွက် ဝင်ပြိုင်မယ့်သူလို့လည်း ရေပန်းစားနေတဲ့ ဒေါမနစ် စထရော့ ခန်း (Dominique Strauss-Kahn) ဟာ နယူယော့ခ်မြို့က ဟိုတယ်တခုမှာ ဟိုတယ် သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးကို ဗလက္ကာရပြုရန် ကြိုးပမ်းမှုနဲ့ ပြီးခဲ့တဲ့ စနေနေ့က အဖမ်းခံရပါတယ်။

ဒေါမနစ်
စထရော့ ခန်းကို အသက် ၃၂ နှစ် အရွယ် အမျိုးသမီးအား “ရာဇဝတ်မှုမြောက်တဲ့ ကာမရယူမှု၊ မတရား ချုပ်နှောင်မှု၊ ဗလက္ကာရပြုရန် ကြိုးပမ်းမှု” တွေနဲ့ အရေးယူနိုင်တယ်လို့ နယူးယော့ခ်က ရဲတပ်ဖွဲ့ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ရိုင်ယန် ဆီဆာက ဆိုပါတယ်။

၂၀၁၂ ရွေးကောက်ပွဲအတွက် ပြင်သစ် အမြင်သဘောထား စစ်တမ်းမှာ ဦးဆောင်နေတဲ့ အသက် ၆၂ နှစ်အရွယ် ဆိုရှယ်လစ် တဦးဖြစ်တဲ့
စထရော့ ခန်း ကို စနေနေ့က ပြင်သစ်လေကြောင်းလိုင်းနဲ့ ဂျွန် အက်ဖ် ကနေဒီ နိုင်ငံတကာလေဆိပ်ကနေ မထွက်ခွာမီ မိနစ်ပိုင်းအလိုမှာ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

အာဏာပိုင်တွေက ဆိုဖီတယ် နယူးယော့ခ် ဟိုတယ်မှာ စထရော့ ခန်းက ဟိုတယ် သန့်ရှင်းရေး အမျိုးသမီးအပေါ် ပြုကျင့်မှုနဲ့ ပတ်သက်ပြီး
စုံစမ်းစစ်ဆေးမှုတွေ စလုပ်နေပါပြီ

နယူးယော့ခ်တိုင်းမ် သတင်းဖော်ပြချက်တွေအရတော့ အခင်းဖြစ်ပွားပုံက ဒီလိုပါ။ ဟိုတယ် သန့်ရှင်းရေးအမျိုးသမီးက အခန်းမှာ လူမရှိဘူးထင်ပြီး ဝင်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် IMF အကြီးအကဲက ရေချိုးခန်းထဲကနေ အဝတ်ဗလာနဲ့ ထွက်ပေါ်လာပြီး ဗလက္ကာရ ပြုဖို့ ကြိုးပမ်းတာ ဖြစ်ပါတယ်။

IMF အကြီးအကဲ ဆိုဖီတယ် ဟိုတယ်မှာ ငှားနေတဲ့ အခန်းက တညကို အမေရိကန် ဒေါ်လာ ၃၀၀၀ (ကျပ်ငွေ ၂၅ သိန်း) ပေးရပါတယ်။


IMF အကြီးအကဲက အဲဒီအမျိုးသမီးကို ချုပ်ပြီး ရေချိုးခန်းထဲ ဆွဲသွင်းတယ်၊ ပြီးတော့ အိပ်ယာပေါ် တွန်းလှဲတယ်၊ ပြီးတော့ တံခါးကို ဂျက်ချထားခဲ့ပါတယ်။

ဟိုတယ် သန့်ရှင်းရေး အမျိုးသမီးကလည်း ပြန်ခုခံတယ်။ ဒါပေမယ့် နောက်ထပ် ဗလက္ကာရပြုဖို့ ကြိုးစားခံရပြန်တယ်။ MSNBC ရုပ်သံကတော့ ရေချိုးခန်းထဲ
စထရော့ ခန်းဟာ အဲဒီအမျိုးသမီးကို ပါးစပ်နဲ့ လိင်ဖျော်ဖြေပေးလို့လည်း အတင်းစေခိုင်းပြီး သူမရဲ့ အဝတ်အစားတွေကိုလည်း ဆွဲချွတ်တယ်လို့ ဖော်ပြသွားပါတယ်။

နောက်တော့ အမျိုးသမီးဟာ လွတ်မြောက်ပြီး အပြင်ကို ထွက်ပြေးတယ်၊ ဟိုတယ်က တခြား ဝန်ထမ်းတွေကို ပြောပြပြီး 911 အရေးပေါ်ဖုန်းကို လှမ်းခေါ်ခဲ့ပါတယ်။

ရဲများရဲ့ အဆိုအရ
စထရော့ ခန်းဟာ ဟိုတယ်အခန်းထဲမှာ မိုဘိုင်းဖုန်းနဲ့ တခြား ပစ္စည်းတွေ အလျင်စလိုနဲ့ မေ့ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

ဝါရှင်တန်အခြေစိုက် IMF က ပြောခွင့်ရ အမျိုးသမီးကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ တစုံတရာ မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။

စထရော့ ခန်းဟာ အခင်းဖြစ်ပွားပြီး နောက်တနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ဂျာမန် အဓိပတိ အင်ဂလာ မာကယ်နဲ့ တွေ့ပြီး ဂရိနိုင်ငံရဲ့ ကြွေးမြီကိစ္စ ပြောဖို့ ရှိပါတယ်။ တနင်္လာနေ့မှာ ဥရောပ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးနဲ့ အင်္ဂါနေ့မှာ ဘရပ်ဆဲလ်ကို သွားဖို့ ရှိပါတယ်။

နာမည်ကြီး ဂျာနယ်လစ်မတယောက်နဲ့ လက်ထပ်ထားတဲ့ IMF အကြီးအကဲဟာ လိင်မှုကိစ္စမှာ အရင်ကလည်း အနံ့ထွက်ဖူးတယ်လို့ ဆိုပါတယ်။

၂၀၀၈ မှာ ဟန်ဂေရီယန် စီးပွားရေး ပညာရှင်တယောက်နဲ့ ပြဿနာ ပေါ်ဖူးပါတယ်။ IMF က စုံစမ်းစစ်ဆေးပြီး
စထရော့ ခန်းဟာ ကျူးလွန်စော်ကားတာမရှိပေမယ့် ကာအိနြေ္ဒပျက်စေတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဆိုဖီတယ် ဟိုတယ်ကတော့ ဒီကိစ္စမှာ သက်သေ အထောက်အထားရဖို့ သူတို့ ပူးပေါင်းကူညီပေးနေပါတယ်လို့ AFP ကို ပြောထားပါတယ်။

စထရော့ ခန်းဟာ ၂၀၀၇ နိုဝင်ဘာမှာ IMF အကြီးအကဲ ဖြစ်လာတယ်။ ၂၀၀၇ ကနေ ၂၀၀၉ အထိ ဂလိုဘယ် ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ဥရောပ ကြွေးမြီပြဿနာတွေကို အဓိက ကိုင်တွယ် ဖြေရှင်းခဲ့သူ ဖြစ်ပါတယ်။

Ref: AFP, Bangkok Post

3 comments :

  1. Anonymous said... :

    ခိုင်မာတဲ့ဥပဒေရှိတဲ့နိုင်ငံမှာဆိုတော့ ဟော်တယ်သန့် ရှင်းရေးဝန်ထမ်းကိုတောင်
    မတရားလုပ်လို့ မရတာသက်သေပါဘဲ။ ကျုပ်တို့ နိုင်ငံမှာတော့ တရားသူုကီး
    ကိုယ်တိုင်က လာတ်စားနေတော့ ကွာပါတယ်ဗျာ။

  1. Anonymous said... :

    သိပ်မယုံချင်ဘူးဗျာ......လူတွေမသိနိုင်တဲ့
    အဖြစ်တွေက..တပုံတပင်ကြီး..ပြီးတော့လူတွေဥာဏ်နဲ့
    တွေးလို့မမီနိုင်တဲ့..အံ့သြစရာအချက်တွေ..အင်း.....
    ခက်တယ်ဗျာ...ကျွန်တော်လည်းကိုယ့်ဥာဏ်မီသလောက်
    တွေးကြည့်တယ်..။ဒီလိုပိုက်ဆံအများကြီးသုံးနိုင်တဲ့လူကြီးက
    ဒီလိုအမျိုးသမီးလေးတစ်ယောက်ကိုရဖို့..ဒီလောက်တောင်
    သိက္ခာမဲ့ခံပြီးလုပ်ပါ့မလားဆိုတာ..အဲ့လိုအတွေးမျိုး..

  1. Anonymous said... :

    မစိတ်ငယ်ထိပ်ပေါ် ရောက်တဲ့အထိ တင်ထားတဲ့သူတွေကတော့ ပိုက်ဆံဘယ်လောက်သုံးနိုင်ပါစေ သူတို့ရဲ့ ဆင်ခြင်နိုင်စွမ်းကို အဖိခံထားရတော့ ဒီလိုပဲဖြစ်မှာပဲ တပ်ထဲမှာတောင်အရာရှိငယ် ကတော်ဘ၀ ကတည်းကဖေါက်ပြန်တဲ့မိန်းမ က တိုင်းမှူးကတော် ၀န်ကြီးကတော် ဖြစ်တဲ့အထိဖေါက်ပြန်တာပဲ ဒီလိုပဲ ယောက်ကျား ရင့်မာ စစ်ဗိုလ်တွေ ဗိုလ်ကြီး ဗိုလ်မှူး ဗိုလ်မှူးကြီးတွေ ဖြစ်ပြီး လက်အောက်စစ်ဗိုလ်စစ်သား နဲ့ဖေါက်ပြန်လို့ တပ်ကနေ အနားပေးရတာလဲကြားဖူးတယ် ကျွန်တော်အမြင်တော့ အခြားဖက်မှာတော်ပေမဲ့ သတိ နဲ့ ဆင်ခြင်ထိန်းချုပ်နိုင်စွမ်းနည်းတယ်ထင်တာပဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved