တေးမြုံငှက် ... မရှိတော့ပြီ

Sunday, June 5, 2011


တေးရေး မောင်သစ်မင်း ကွယ်လွန်သွားပါပြီ။

ဒီမနက် ၉ နာရီ မိနစ် ၂၀ ကပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆီမီတဝေ့ ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။

တေးရေး မောင်သစ်မင်းဟာ စတီဒီယို ခေတ်ဦးမှာ ပါဝင်ခဲ့သူဖြစ်ပြီး သူရေးခဲ့တဲ့ သီချင်းတွေနဲ့ မြန်မာစတီဒီယို လောကကို အများကြီး အကျိုးပြုခဲ့သူဖြစ်ပါတယ်။ သူကွယ်လွန်ချိန်မှာ သူနဲ့ ရေးဖော်ညီအစ်ကိုတွေဖြစ်တဲ့ တေးရေး ဝင်းမင်းထွေးနဲ့ တေးရေး မြင့်မိုးအောင်တို့ အနားမှာ ရှိနေကြပြီး ငြိမ်းငြိမ်းချမ်းချမ်းပဲ ကွယ်လွန်ခဲ့တယ်လို့ Eleven Media မှာ ရေးသားခဲ့ပါတယ်။ သူ ကွယ်လွန်ချိန်မှာ ၅၈ နှစ်ရှိပါပြီ။

သူဟာ ၂၀၁၀ နိုဝင်ဘာလကတည်းက အူမကြီးကင်ဆာ ဝေဒနာကို ခံစားခဲ့ရပြီး မေ လကုန်ပိုင်းလောက်မှာ ဘန်ကောက်ကို ဆေးကုသမှု ခံယူဖို့ ရောက်ရှိခဲ့ပါတယ်။

မောင်သစ်မင်းဟာ ၁၉၇၁ ခုနှစ်လောက်ကစပြီး ဝတ္ထုတွေ၊ ကဗျာတွေ ရေးရာကနေ တေးရေးလောကို ခြေချခဲ့သူပါ။ ကျော်ဟိန်းရဲ့ အဓိပ္ပာယ်ရှိသောလူနဲ့အတူ သူ့ကို တွဲလျက် မှတ်သားလို့ရသလို တေးမြုံငှက် ဆိုရင်လည်း သူ့ကို ပြေးမြင်နိုင်ပါတယ်။ စိုးပိုင်ဆိုတဲ့ “အနီးဆုံးလူ” သီချင်းကတော့ သူ့ရဲ့ ပထမဆုံး ကိုယ်ပိုင်သံစဉ်သီချင်းလို့ သိရပါတယ်။

“မကွယ်လွန်မီ အချိန်အထိ မြန်မာနိုင်ငံဂီတအစည်းအရုံး၌ တွဲဖက် အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် မြ၀တီရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့ပြီး တေးရေးမောင်သစ်မင်း စီစဉ်ခဲ့သည့် 'စေတီရီယိုဂီတ မှတ်တိုင်များ' အခန်းဆက် အစီအစဉ်မှာလည်း ကျော်ကြားခဲ့သော လက်ရာတစ်ခု ဖြစ်ပါသည်” လို့ Eleven မှာ ရေးသားထားပါတယ်။

တေးရေး မောင်သစ်မင်းကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာပဲ မီးသဂြိုလ်မှာဖြစ်ပြီး ကျန်ရစ်တဲ့ အရိုးပြာကို မြန်မာနိုင်ငံကို ပြန်လည် သယ်ဆောင်မှာလို့ သိရပါတယ်။

ဓာတ်ပုံနဲ့ အချက်အလက်တချို့ကို Eleven media က ရယူပါတယ်။

1 comments :

  1. sein said... :

    ကိုသစ်မင်း ရဲ့ တေးမြုံငှက် စာအုပ် လေး လိုချင် လို့ပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved