နှုတ်ခမ်းကွဲသူများ ၀မ်းသာစရာ

Monday, June 13, 2011


နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲသူများကို အခမဲ့ ခွဲစိတ်ပြုပြင်ပေးမယ့် အစီအစဉ်တခု အိန္ဒိယမြန်မာနယ်စပ်မှာ အစပြုနေပြီလို့ The Telegraph မှာ မနေ့က ရေးပါတယ်။

မြန်မာပြည် ဘက်က ခွဲစိတ်ခံလိုသူတွေ၊ အိန္ဒိယရဲ့ ပြည်နယ် ၃ ခု ဖြစ်တဲ့ နာဂလန်း၊ ထရီပူရ၊ အာသံ တို့က ခွဲစိတ်ခံလိုသူတွေ ဆီကို ဒီ အခမဲ့ အစီအစဉ်က အရောက်သွားမှာပါ။

“ဆေးအဖွဲ့ တဖွဲ့က ဒီလ ၂၈ ရက်နေ့မှာ အင်ဖာကနေ မန္တလေးကို သွားမယ်။ ပုဂ္ဂလိက ဆေးရုံတခုနဲ့ ညှိနှိုင်းပြီး ခွဲစိတ် ပြုပြင်ပေးမယ်” လို့ ဆေးရုံ စီမံခန့်ခွဲရေး ဒါရိုက်တာ Kh. Palin က ပြောကြောင်း သတင်းမှာ တွေ့ရပါတယ်။

မြန်မာပြည်က နှုတ်ခမ်းကွဲသူတွေ နိုင်ငံခြားသွားပြီး ပြုပြင်ရင် စရိတ်ကုန်တယ်၊ အင်ဖာမှာ ရှိတဲ့ သူတို့ Shija ဆေးရုံကို လာရင်တော့ စရိတ် သက်သာမယ်လို့ သူက ဆိုတယ်။

မနေ့က ဆေးရုံကို မြန်မာပြည်သား လူနာ ၉ ဦး ရောက်လာတယ်၊ အဲဒီထဲက တယောက်က နှုတ်ခမ်းကွဲလူနာ ဖြစ်တယ်လို့ ဆိုတယ်။

မြန်မာပြည်ကလာတဲ့ လူနာတယောက် ဆေးရုံမှာ စောင့်နေပုံကို သတင်းစာမှာ ဖော်ပြထားပါတယ်။
သူ့ပုံတွေကို ဆေးရုံရဲ့ ဖေ့စ်ဘုတ်မှာလည်း တွေ့ရမှာပါ။။

ဒီလ ၉ ရက်နေ့ ကတည်းက နယ်စပ်မြို့ မိုးရေးမှာ Palin တို့က စခန်းတခု ဖွင့်ပါတယ်။ မြန်မာပြည်က လာတဲ့ လူနာတွေကို စုစည်းဖို့ပါ။

ကုသမှုတော့ ခံယူချင်ပေမယ့် ပြဿနာက တခုပဲ ရှိတယ်။ အဲဒါက - မြန်မာပြည်သားတွေ အင်ဖာဘက်ကို သွားလာလို့ မရအောင် ပိတ်ပင်ထားတာတွေ ရှိနေတဲ့ အချက်ပါပဲ တဲ့။

သတင်း ဆိုလိုရင်းကတော့ ဒါပါပဲ။

အင်တာနက်မှာ ရှာကြည့်တော့ စစ်ကိုင်းတောင်ရိုး သီတဂူအာယုဒါန ဆေးရုံမှာလည်း ဒီလို အခမဲ့ ခွဲစိတ်ပေးတယ်။

နိုင်ငံပေါင်း ရှစ်နိုင်ငံမှ စေတနာရှင်ဆရာဝန်ကြီးများ ပါဝင်သည့် Operation Smile ဆိုတဲ့ အဖွဲ့ကလည်း မနှစ်တုန်းက မြန်မာပြည်ကို လာပြီးပြီ။

မြန်မာပြည်ဆရာဝန် တချို့ကလည်း New Life, New Look ဆိုတဲ့ အဖွဲ့ ဖွဲ့ထားတယ်။ အခမဲ့ ခွဲစိတ်ပေးတယ် တဲ့။ သူတို့ ကူညီခဲ့တာ လူပေါင်း ၆၀ ကျော်ပြီလို့ ဆိုတယ်။

မြန်မာပြည်မှာ ကလေး ၁၀၀၀ မှာ တယောက် ဒီအနေအထားနဲ့ မွေးဖွားလာပါသတဲ့။ ဘာအကြောင်းတွေကြောင့် အခုလို နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကြရတာလဲ။
New Life, New Look အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ကိုကိုမောင်ရဲ့ ပြောဆိုချက်ကို မြန်မာတိုင်း(မ်)မှာ အခုလို တွေ့ရပါတယ်။

"ဒီလိုအဖြစ်က အာဟာရချို့တဲ့တာ တစ်ခုတည်းကြောင့်မဟုတ်ဘူး။ တခြား အကြောင်းတွေလည်း ပါတယ်။ နောက် သတိမပြုမိကြတဲ့ အချက်တစ်ချက်က မိခင်ရဲ့ စိတ်ခံစားချက်ပဲ။ ကလေး အင်္ဂါ ပြည့်စုံဖို့ မိခင်လောင်းရဲ့ စိတ်ခံစားချက်က သိပ်အရေးကြီးတယ်။ အမေ က ကလေးရှိမှန်းသိကတည်းက ကိုယ်ဝန်ကိုလိုချင်တဲ့စိတ်နဲ့ ၀မ်းသာပီတိနဲ့ နေရမယ်၊ စောင့်ရှောက်ရမယ်၊ အဲဒီလိုမဟုတ်ဘဲ ကိုယ်ဝန် ရှိပြီ ဆိုကတည်းက ကလေးကို မလိုချင်ဘူး၊ မိခင်ရဲ့ စိတ်ပင်ပန်းမှု၊ စိတ်ဖိစီးမှုတွေက ကလေးဆီ ရောက်သွားတယ်။ ဗိုက်ထဲမှာ ကလေးက တဖြည်းဖြည်း ရုပ်လုံးပေါ်လာတာ။ မျက်လုံးဆို ဘယ်နဲ့ညာဘက်က နှစ်ခြမ်း လာဆက်တယ်။ မျက်နှာ၊ လက်၊ ခြေ၊ ခန္ဓာ ကိုယ်ထဲက အင်္ဂါတွေလည်း ဒီလိုပဲ၊ ဘယ်နဲ့ညာ တစ်ခြမ်းစီ လာဆက်ရတာ။ ဒီအချိန်မှာ မိခင်ရဲ့ စိတ်ခံစားမှုက ကောင်းနေရင် ကလေး ရုပ်လုံးက ပြတ်သားတယ်။ အင်္ဂါပြည့်စုံတယ်။ ဒါမှ မဟုတ်ရင်တော့ အင်္ဂါအစိတ်အပိုင်းတွေက မဆက်မိကြတာ၊ ချော်ကုန်တာတွေ ဖြစ်ကုန်တယ်"

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved