ပြည်တွင်းစစ်များ ရပ်တန့်ရေးနှင့် စစ်ပြေးဒုက္ခသည်များကို ကူညီရန်တောင်းဆို

Friday, June 24, 2011




ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများ ရပ်တန့်ပေးရန်နှင့် စစ်ပြေး၊ စစ်ရှောင်ဒုက္ခသည်များကို နိုင်ငံတကာမှ ကူညီရန် အိန္ဒိယနိုင်ငံရောက် ကချင်တိုင်းရင်းသားများက တောင်းဆိုလိုက်သည်။

အိန္ဒိယရောက် ကချင်တိုင်းရင်းသား ဒုက္ခသည်များအဖွဲ့မှ မဂျာနွယ်က “နယ်စပ်ဒေသတလျှောက်မှာ ဒုက္ခရောက်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေကို တရုတ်နိုင်ငံအနေနဲ့ ကူညီပြီး ခိုလှုံခွင့်ပေးဖို့နဲ့ နိုင်ငံတကာနဲ့ ကုလသမဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကလည်း ကူညီပေးဖို့ တောင်းဆိုလိုပါတယ်” ဟု ဧရာဝတီသို့ပြောသည်။




ကချင်ဒေသအပါအ၀င်၊ ရှမ်း၊ ကရင်စသည့် တိုင်းရင်းသားဒေသများသို့ ထိုးစစ်ဆင်နေမှုများကို အမြန်ဆုံး ရပ်တန့်ပေးရန် မြန်မာအစိုးရသစ်ထံသို့ တောင်းဆိုလိုကြောင်းလည်း သူကဆိုသည်။

“စစ်ပွဲတွေဖြစ်တဲ့အခါ အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေက ပိုဒုက္ခရောက်ရတယ်။ မြန်မာစစ်တပ်တွေဟာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာကို လက်နက်တခုလို အသုံးချလာနေတာကို တွေ့နေရတယ် ဒါတွေကို ချက်ခြင်းရပ်တန့်ပေးပါ” ဟု ဆန္ဒပြ ကချင်တိုင်းရင်းသားများက ပြောသည်။


ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်နေမှုများကို ရပ်တန့်ရန်၊ တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်နေမှုများကို ရပ်တန့်ရန်၊ ဒေသခံ တိုင်းရင်းသားများကို ဖမ်းဆီးနှိပ်စက် မုဒိမ်းကျင့်မှုများကို ရပ်တန့်ရန်၊ ပြည်တွင်းစစ်ကြောင့် ထွက်ပြေးနေကြရသည့် စစ်ပြေးဒုက္ခသည်များကို နိုင်ငံတကာမှ အကူအညီပေးရန်၊ စစ်အစိုးရကျောထောက်နောက်ခံ အစိုးရသစ်ကို နိုင်ငံတကာမှ အသိအမှတ်မပြုရန်စသည့် အချက် ၆ ချက်ပါ တောင်းဆိုချက်များကို နယူးဒေလီအခြေစိုက် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ပေးပို့မည်ဟု ဆိုသည်။

အကြောင်းအမျိုးမျိုးကြောင့် အိန္ဒိယနိုင်ငံသို့ ခိုလှုံရောက်ရှိနေသော ကချင်တိုင်းရင်းသား ၅၀ ကျော်ရှိနေပြီး ယခုလို ကချင်ဒေသတွင်း စစ်ပွဲများဖြစ်နေခြင်းကြောင့် ကချင်ဒုက္ခသည်များ ထပ်မံရောက်လာနိုင်သည်ဟု ကချင်တိုင်းရင်းသား ဒုက္ခသည်များအဖွဲ့က ဆိုသည်။



1 comments :

  1. Anonymous said... :

    သူတို့ဆိုင်းဘုတ်ကြီးတွေနဲ့တောင်းဆိုမှပဲ မသိရင် နိုင်ငံတကာက မြန်မာအစိုးရက ပြည်သူတွေကို အကြောင်းမဲ့ သတ်နေတယ်ထင်နေအုံးမယ်။Stop War ဆိုတော်ပြီပေါ့။အပိုတွေ ဘာတွေလျှောက်ရေးနေတာလား။ Give us funds တို့ Stop killing people ဘာတို့။မလိုတာတွေကို လျှောက်ပြီးပိုလုပ်နေကြတယ်။ဒီလူတွေနဲ့ခက်ပါတယ်။


    ပေါက်ကြီး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved