ငြိမ်းချမ်းရေးကျောင်း ငြိမ်းချမ်းနိုင်ပါ့မလား

Wednesday, June 22, 2011


ထိုင်းမြန်မာ နယ်စပ် စာသင်ကျောင်းတခုသို့ မကြာသေးခင်က ရောက်ခဲ့သော ကျွန်ုပ်တို့၏ သတင်းထောက်က သူမြင်တွေ့ခဲ့သမျှကို အောက်ပါအတိုင်း ရိုက်ကူး ရေးသား ပေးပို့လာသည်။


ဒီစာသင်ကျောင်းမှာ ကလေးငယ် ၂၅၀ ၀န်းကျင် ပညာသင်ယူနေပါတယ်။


ကရင် ပြည်နယ်လှိုင်းဘွဲမြို့နယ်နဲ့ တခြား ဒေသတွေက ကလေးတွေပါ။



အစိုးရကျောင်းများမှာ ပညာသင်ကြားနိုင်မယ့် အခွင့်အလမ်းများ မရှိတဲ့အတွက် ဒီကျောင်းမှာ လာ စုနေကြပါ တဲ့။


စကတည်းက အာဏာပိုင်တို့ရဲ့ အကူအညီ မပါဘဲ ကိုယ်ထူကိုယ်ထ ဖွင့်တဲ့ ကျောင်း ဖြစ်တယ်၊ ဒီဒေသက ကလေးငယ်များကို အခြားလူမျိုးများ နည်းတူ ပညာတတ်စေချင်တယ် လို့ ကျောင်းအုပ်ဆရာကြီး စောအောင်ထူးက ပြောပါတယ်။


"ကရင်ပြည်နယ်အတွင်းမှာ ပြည်တွင်း စစ်ပွဲတွေ ဖြစ်နေတာ နှစ်ပေါင်း ၆၀ ကျော် ရှိပြီး နယ်စပ်မှာရှိတဲ့ ကလေးတွေဟာ စစ်ပွဲတွေကြောင့် ပညာသင်ကြားခွင့် မရကြဘဲ အောက်ကျ နောက်ကျဖြစ်ခဲ့ရတယ်
ကျနော်တို့ ကလေးတွေလည်း အခြားကလေးတွေနဲ့ တန်းတူ ဖြစ်ဖို့ အတွက် ဒီပညာရေးဝန်ဆောင်မှုကို ၂၀၀၇ ခုနှစ်ကစပြီး ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်" လို့ ကျောင်းအုပ်ကြီးက ရှင်းပြပါတယ်။



ထက်ဝက်လောက်က ရပ်ဝေးဒေသက လာကြတဲ့ အဆောင်နေကျောင်းသားတွေ ဖြစ်တယ်၊ ကျန်တာက ဌာနေကျောင်းသားတွေဖြစ်တယ် လို့ သိရပါတယ်။


ငြိမ်းချမ်းရေးကောင်စီ ဗိုလ်ချုပ်ယဉ်နုက လာမယ့်နှစ်ကျရင် ဒီနေရာမှာပဲ ပညာရေး ကောလိပ်ကျောင်း ဖွင့်ဖို့ အတွက် စီစဉ်နေတယ်လို့ ဆိုပါတယ်။


"ကျနော်တို့ လက်ရှိ သုံးနေတာက နိုင်ငံတကာ သင်ရိုး အချို့နဲ့ ကရင် သင်ရိုးညွန်းတန်းတွေ ဖြစ်တယ်။
ဒီကျောင်းတွေက အောင်မြင်သွားတဲ့ ကလေးတွေ အတွက် ဒီနှစ်ကနေ စပြီး ပြည်ပနိုင်ငံတွေမှာ ပညာ ဆက်လက် သင်ကြားနိုင်မဲ့ အစီအစဉ်တွေ ဆောင်ရွက်နေပါတယ်" တဲ့။



"အခု ကျောင်းဆောင်သစ်တွေ စ ဆောက်နေပြီ၊ ကရင်ပြည်နယ်မှာ ဒေသဖွံ့ဖြိုးရေး အတွက် လုပ်မယ် ဆိုရင်
ငြိမ်းချမ်းရေးနဲ့ ညီညွတ်မှု မရှိရင် လုပ်လို့ မရပါဘူး ဒီကိစ္စကို ကျနော်တို့ ကြိုးစားနေပါတယ်" လို့ ပြောပြပါတယ်။



ပညာသင်ကြားဖို့ အခက်အခဲရှိတဲ့ နယ်စပ်က ကလေးငယ်များ ကျောင်းအိပ် ကျောင်းစား အခမဲ့ လာရောက် ပညာသင်ကြားနိုင်တယ် လို့လည်း
ငြိမ်းချမ်းရေးကောင်စီရဲ့ ပညာရေးဌာနက ပြောပါတယ်။ နယ်စပ်ကလေးငယ် ဆိုတာ ၂ ဘက် နိုင်ငံက ကလေးတွေကို ဆိုလိုတာပါ တဲ့။



ဧရာဝတီတိုင်းမှ ၈ တန်း ကျောင်းသူတဦးက " ဒီကျောင်းမှာနေတာ ၃ နှစ်ရှိပြီ။ ဒီက အဘိုးတွေနဲ့တွေ့ပြီး ဒီကျောင်းကို ရောက်လာတာပါ။
ဒီ ကျောင်းက အောင်ရင်ကောလိပ်အဆင့် ဆက်တက်မယ်။ ပြီးရင် ဒီမှာပဲ ကျောင်းဆရာမ ပြန်လုပ်မယ်၊ ကိုယ့်လို ဘ၀တူတွေကို ပညာရေးအမွေ လက်ဆင့်ကမ်းပေးချင်တယ်" လို့ ဆိုပါတယ်။



စာသင်ကျောင်း၊ ဆေးရုံ၊ ကျန်းမာရေးမှူး သင်တန်းကျောင်းတို့ ရှိတဲ့ ဝေလယ်မူးမြို့သစ်မှာ ကျောင်းသား ကျောင်းသူများ အပါအ၀င် လူဦးရေ ၇၀၀ ၀န်းကျင် ရှိပါတယ်။


KNU-KNLA ငြိမ်းချမ်းရေးကောင်စီ က ဖွင့်ထားတာပါ။

ဒီကောင်စီ ဆိုတာ KNU အဖွဲ့ကနေ ၂၀၀၇ မှာ ခွဲထွက်သွားသူတွေနဲ့ စုစည်းထားပါ။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထော့ကိုကိုး ဒေသမှာ ဌာနချုပ် တည်ရှိပါတယ်။

KNU နဲ့ အဆင်မပြေတဲ့ ဒီအဖွဲ့က အာဏာပိုင်တို့ နဲ့လည်း အဆင်မပြေပါ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ လက်မခံတဲ့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ အဆော်ခံရပါတယ်။
http://www.irrawaddy.org/bur/index.php/news/5107-2010-12-01-09-56-56

သူတို့လူ ၆ ယောက်လည်း အရှင်းခံရပါတယ်။ http://www.irrawaddy.org/bur/index.php/news/5169-2010-12-08-09-11-49

ဒီနေ့ သတင်းစာမှာပဲ သူတို့အဖွဲ့က ၂၅ ယောက် လက်နက်ချတယ် ဆိုတာ ပါလာပါတယ်။

ဒါဆို ဒီဒေသရဲ့ အခြေအနေကရော ဘယ်လို ဖြစ်လာမလဲ။ ဒီဒေသမှာ ဒီကျောင်းသားတွေရဲ့ စာအံသံတွေ ဆက်ရှိနေမှာလား။ သေနတ်သံ၊ ဗုံးသံတွေ ထွက်ပေါ်ပြီး ဒီကျောင်းသားလေးတွေ ပြေးလွှား ရှောင်တိမ်းရမှာလား။ အဖြေကတော့ လက်နက်ကိုင်ထားသူတွေရဲ့အဆုံးအဖြတ်အပေါ် မှာပဲ မူတည်ပါလိမ့်မယ်။



ဓာတ်ပုံများ - ဧရာဝတီ







0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved