ရုပ်ပွားတော်နဲ့  အလှဆင်ခြင်း

Sunday, June 5, 2011


မကြာသေးခင်က ပြင်သစ်မှာ ရိုက်ထားတဲ့ပုံ။ စားသောက်ဆိုင်ရှေ့  ဗုဒ္ဒရုပ်ပွားတော်။

အနောက်နိုင်ငံတွေမှာ၊ အာရှနိုင်ငံတချို့ မှာ ဒါမျိုးတွေ ရိုးနေပြီ။ ဆရာတင်မိုးက ဗုဒ္ဓနှင့်တွေ့ ဆုံခြင်း ဆိုတဲ့ ကဗျာတပုဒ် ရေးထားသေးတယ်။ ဆရာကြီးကတော့ ဘာသာရေးအမြင်နဲ့ မဟုတ်ဘဲ သူခံစားမိတဲ့ မြန်မာပြည်နိုင်ငံရေးအခြေအနေတွေကို ရေးသွားတာပါ။

အဲဒီကဗျာကို ဖတ်ရတဲ့ ဒေါက်တာသန်းထွန်းက သူဟာ ကဗျာဆရာ မဟုတ်ပေမယ့် တင်မိုးကဗျာဖတ်မိလို့ ရေးလိုက်အုံးမယ် ဆိုပြီး ဂေါတမရေ မပြန်လေနဲ့-- ဆိုပြီး ကဗျာ ရေးခဲ့ဖူးပါသေးတယ်။

ဆရာကြီးတွေကတော့ ရုပ်ပွားတော်တွေ ဟိုဆိုင် ဒီဆိုင်ထဲ ရောက်နေတာနဲ့ ပတ်သက်ပြီး ရေးကြ ဖွဲ့ကြပြီးပါပြီ။

ဧရာဝတီဝိုင်းတော်သားတချို့ကရော ဒါကို ဘယ်လို မြင်ကြပါသလဲ။ ရုပ်ပွားတော်ကို အလှဆင်ပစ္စည်းအဖြစ် သုံးနေကြတာ ဘာပြောချင်သလဲလို့ မေးဖြစ်ပါတယ်။ သူတို့ ဖြေကြတာတွေကို စုစည်းပေးလိုက်ပါတယ်။


သူ့ဆိုင်ကို စိတ်ဝင်စားအောင် လုပ်တာပဲ။ ဆိုင်ရှင်က ဗုဒ္ဓဘာသာ ဆိုရင်တော့ မထားသင့်ဘူး။ သူ တခြားဘာသာဝင်မို့ ထားတာ ဖြစ်မှာပေါ့။
သန်းထိုက်ဦး၊ သတင်းထောက်

ထားချင် ထားပေါ့။ ထိုင်းက ဆိုင်တွေမှာလည်း မြင်ဖူးနေတာပဲ။ စိတ်ထဲ ဘယ်လိုမှ မခံစားရဘူး။ ဆင်းတုတော် ထုနေချိန်မှာတောင် ကျော်ခွပြီး ထုနေရတာပဲ။ အနေကဇာ တင်မထားရင် ဘာမှ မဖြစ်ဘူး။
အိုင်တီသားကြီး၊ ၀က်မာစတာ

ဘာသာရေးနဲ့ ဆိုင်တော့ အကဲဆတ်တဲ့ အကြောင်းအရာ ဖြစ်တယ်။ သတိထားရမယ်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ ဒါက ဘာမှ မဖြစ်ဘူးပေါ့။ ဘာသာရေး ကိုင်းရှိုင်းသူ၊ ရှေးရိုးဆန်သူ ဆိုရင်တော့ ဒါဟာ စိတ်ဆင်းရဲစရာ ဖြစ်လိမ့်မယ်။ လက်ခံကြမှာ မဟုတ်ဘူး။
ဘယ်သာသာကိုမဆို တဦးနဲ့တဦး အပြန်အလှန် လေးစားမှု ရှိသင့်ပါတယ်။ ဒါမှ ကမ္ဘာကြီး ငြိမ်းချမ်းမှာပေါ့။
ကိုစိုး၊ စာတည်း

(၁) ဘုရားပုံသုံးသည် ဆိုရာဝယ် ဂေါတမ ဗုဒ္ဓရုပ်တုက ရှေးဟောင်းပစ္စည်းအနေနှင့် ရောင်းကြတော့ ရှေးဟောင်းပစ္စည်းလို သဘောထားကာ ရောင်းချ၊ ဝယ်ယူ၊ သုံးစွဲနေကြသည် ထင်ပါသည်။
(၂) ဘုရားရုပ်က တမျိုးတည်းမရှိ၊ ပုံမျိုးစုံ ဖြစ်နေတော့ ဘုရားမျိုးကွဲတယ် နိုင်ငံခြားသားတွေက ထင်ကြသလား မသိ။
(၃) ရုပ်ရှင်တွေထဲ ဘုရားရုပ်တုကို အကျီချိတ်စရာ အဖြစ် လှေခါးအနီးထားတာလည်း မြင်ဖူးပါသည်။
(၄) အယ်လ်ကေးဒါးတွေက အာဖဂန်က ရပ်တော်မူဘုရားကြီးတွေကို လောင်ချာပစ်ပြီး ဖြိုတော့ ဗုဒ္ဓဘာသာဝင်တွေ ရင်နာဖူးကြသည်။ သီတဂူ ဆရာတော်ကြီးပင် အင်တာဗျူးမှာ ပြောဖူးသည်။ ဘင်လာဒင်ကို အမေရိကန် ဝင်သတ်တော့ ထိပြီလို့ ဗုဒ္ဓဘာသာဝင်တွေက စိတ်နာနာနဲ့ ပြောတာ ကြားရဖူးသည်။
(၅) မြန်မာသချိုင်းတွေက လက်ဝါးကတ်တိုင် သုံးသည်။ ရန်ကုန်က ဆယ်မီနာကြီးတခုမှာ ခရစ်ယာန်များက သူတို့ လက်ဝါးကတ်ကိုင်ကို အလွဲသုံးပါသည်ဟု ဝေဖန်ဖူးသည်ကို မြင်ခဲ့ရပါသည်။
(၆) ဗုဒ္ဓဘာသာဝင်တွေက လူအေးတွေ ဖြစ်သည်ဟု မြင်သည်။ တော်ရုံလည်း အသံထွက်ကြသည် မဟုတ်။ အင်တာနက်မှာ ခုနပြောသလို ကိစ္စ မလျော်တာသုံးတာ လှုံ့ဆော်မှပဲ ထပြောကြတာ မြင်ရသည်။
(၇) ဘာသာရှိသူရော မရှိသူပါ သူတပါး ယုံကြည်မှုကို လေးစားသဖြင့် စော်ကားသမှု မပြုကြစေလိုပါ။
ခက်ထန်၊ စာတည်း

ဗုဒရုပ်ပွားတော်တွေကို တစ်ခြားလူတွေက အလှထားတာဟာ သူတို့ဘာသာ သူတို့ သာသနာ မဟုတ်တာ တကြောင်းလည်း ဖြစ်နိုင်တယ် ထင်ပါတယ်။
နောက် တန်ဖိုးထားလို့ မြတ်နိုးလို့ ထားတာလည်း ဖြစ်နိုင်ပေမဲ့ သူနေရာနဲ့သူမဟုတ်ဘဲ ကလပ်တို့ ဘာတို့မှာ ထားတာကတော့ Globalization မှာလူတွေ စိတ်ပိုင်းဆိုင်ရာ အမြင် တော်တော် ချို့ယွင်းလာကြပြီလို့ မြင်ပါတယ်ခင်ဗျား။
ပီတာအောင်၊ ၀က်မာစတာ

ဗုဒ္ဓရုပ်ပွားတော်တွေကို အလှဆင်ပစ္စည်းအဖြစ် သုံးတယ် ဆိုတာ
ကတော့ ဘာသာရေးဖြစ်နေတော့ နည်းနည်း ပြောဖို့ခက်ပါမယ်။ ကိုယ်တိုင်က ဗုဒ္ဓဘာသာ မဟုတ်ပါဘူး။ ဒီလို အလှဆင်အဖြစ်သုံးတာက အများဆုံးက အနောက်နိုင်ငံတွေမှာပါ။ အနောက်နိုင်ငံတွေမှာ ဘာသာတရား လေးစားသူတွေကတော့ ဒီလိုမလုပ်ပါဘူး။

ဘာသာရေးအရ အထွဋ်အမြတ်ထားတာ မဟုတ်ပေမယ့် အမှတ်တရ အနေနဲ့ အိမ်ရှေ့ဧည့်ခန်းမှာ တလေးတစား သပ်သပ်ရပ်ရပ် ထားတတ်တဲ့သူတွေကိုလည်း မြင်ဖူးပါတယ်။ သူတို့ပြောတာကတော့ ဒီလိုပဲ အမှတ်တရအနေနဲ့ တလေးတစားတော့ ထားတယ်။ အနေကဇာ တင်ထားတာ မဟုတ်တော့ ပွင့်ပွင့်လင်းလင်း ပြောရရင် အထွဋ်အမြတ်ကြီး ထားတယ်တော့ မဟုတ်ဘူးပေါ့ လို့ ပြောပြကြပါတယ်။

ဗုဒ္ဓရုပ်ပွားတော်တွေကို နိုက်ကလပ်လို နေရာမျိုး ထားတာကတော့ ဘာသာတရားတခု၊ ယုံကြည် ကိုးကွယ်မှုတခုကို လေးစားတဲ့အနေနဲ့ ဒါမျိုး မလုပ်သင့်ဘူးလို့ မြင်ပါတယ်။

ဘယ်ဘာသာဝင်ဖြစ်ဖြစ်၊ ဘယ်တိုင်းနိုင်ငံသား ဖြစ်ဖြစ် အခု ရာစုနှစ်တွေမှာ ကိုယ်ကျင့်တရား၊ စာရိတ္တ၊ စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ အမြင်တွေ ချို့တဲ့လာတာတော့ အသေအချာပါ။

ဗုဒ္ဓရုပ်ပွားတော်တွေ ထုလုပ်တယ် ရောင်းချတယ် ဆိုတာက ဗုဒ္ဓဘာသာ ထွန်းကားတဲ့တိုင်းပြည်ကပဲ ထုလုပ်၊ ရောင်းချကြတာပါ။ ထိုင်းနိုင်ငံမှာ၊ ဗုဒ္ဓဂါယာမှာ ဒီတိုင်း ဈေးတန်းမှာ ရောင်းနေကြတယ်။ Souvenir, Souvenir ဆိုပြီး အော်ရောင်းကြတယ်။ ဂါယာလို နေရာကို ရောက်လာတဲ့ နိုင်ငံခြားသားကတော့ အမှတ်တရ ဆိုပြီး ၀ယ်မှာပဲ။ သူတို့ကို ဒါက အထွဋ်အမြတ်ပါ။ ဟိုလိုမထားသင့် ဒီလိုမထားသင့် ဆိုတာ ဘယ်ဈေးရောင်းတဲ့သူကမှ မရှင်းပြကြဘူး။

ဝယ်တဲ့သူရှိလို့ရောင်းတာလား၊ ရောင်းတဲ့သူရှိလို့ ၀ယ်တာလား ဆိုတာကတော့ စဉ်းစားစရာပါ။
ဇာနည်မာန်၊ သတင်းထောက်

ထားလို့ ရတယ်။ ပြဿနာ မရှိဘူး။ ဆိုင်ရှင်က ဗုဒ္ဓဘာသာ ဖြစ်ဖြစ် ခရစ်ယာန်ဘာသာဝင်ပဲ ဖြစ်ဖြစ် သိပ် ပြဿနာ မရှိပါဘူး။ ဆင်းတုတော်ရှေ့ ပေါက်ကရ မလုပ်ရင် ပြီးတာပဲ။
အောင်အောင်၊ ၀က်မာစတာ

6 comments :

  1. layminthar said... :

    အဲ ဒီ လို မ ရို မ သေ တွေ လုပ် နေ လို့  မွတ် ဆ လင် တွေ နဲ့  သတ် နေ ကြ တာ ။ သူ တို့  ခ ၇စ် ယန် ယေ ၇ှူ ကို အဲ့  ဒိ လို ထား ရင် ရော ဘယ် လို နေ မ လဲ ။ စာ တတ် ပေ တတ် ဆ ရာ တွေ ကန့်  ကွတ် သင့်  တယ် ။ ခ ရစ် ယန် ဘာ သာ ၀င် တွေ ထဲ က နား လည် သူ တွေ လဲ ဒိ အ ပြု အ မူ ကို တား မြစ် သင့်  ပါ တယ် ။

  1. Anonymous said... :

    ‘မသိမှုကြောင့် ထင်ရာလုပ်၊ ထင်ရာလုပ်လို့ ဒုက္ခရ၊ ဒုက္ခထဲက အမြစ်ထွက်၊ အမြစ်ထွက်လို့ အပင်ပေါက်၊ ခြာလည်ဒုက္ခရောက်။’ (တစ်ဘဝသာသနာ ကျမ်းပြုဆရာတော် ဘဒ္နတ္တ ဃောသိတ) အမှန်မသိမှု ကြောင့် ဘုရားစစ်ကို မမြင်နိုင်ကြလို့ပါ။ ကျေးဇူးမသိလို့ ကျေးဇူးမရှိ၍ လုပ်ကြတာမို့ သိသူများက သနားကရုဏာ ထားကာ တရားစစ်တရားမှန် အမြန်တွေ့ပါစေလို့ မေတ္တာပွား ပေးလိုက်ပါ။ မေတ္တာ (အဒေါသ) ကဦးသွားရင် မကြိုက်နှစ်သက်ခြင်း မမြင်ရက်ခြင်း ဒေါသထွက်ခြင်း (ဒေါမနဿ) ဖြစ်ခွင့်မရဘဲ သင် အေးမြမှုကို ‘အကာလိကော’ ချက်ခြင်းလက်ငင်းနဲ့ ‘သန္ဒိဋ္ဌိကော’ ကိုယ်တိုင်ခံစားရမှာသေချာပါတယ်။ ကိုယ့်အကြောင်း မကောင်းခဲ့လို့ မမြင်သင့်သော ဒေါမနဿဖြစ်ဖွယ် ကိုမြင်လိုက်ရသော်လည်း အကုသိုလ်အကျိုးပေးခွင့် မရတော့ဘဲ (ဒေါမနဿ) ကုသိုလ်အကျိုးပေးခွင့်ရသွား သလိုပေါ့။
    သူများ ဘုရားကိုစော်ကားသလိုအပြုအမူကို လုပ်ရင်တော့မြင်တတ်သလို ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ကြည့်ပါ။ ကိုယ်ရော ဘာတွေ ဘုရားကို ဂွတိုက် ဆန့်ကျင်ဘက်ပြု စော်ကားမိသလဲပေါ့???
    ရဝေထွန်း ရဲ့ ကြယ်တစ်ပွင့်

  1. Anonymous said... :

    ယေရှုခရစ်တော် တို့ မယ်တော်မာရီတို့ ပုံတွေကို နိုက်ကလပ်မှာ နိမ့်ကျတဲ့ နေရာတွေမှာ ထားတာ မတွေ့ဖူးသေးဘူး..။ သို့မဟုတ် တွေ့သော်လည်း အရေးမကြီးလို့ သဘောထားကာ ကန့်ကွက်သူ မရှိဘူးလို့ပြောမလား..။ ဒါကို သိအောင်လုပ်ကြည့်ကြပါဦး..။

    တဦးထဲအမြင်ဆိုရင်တော့ ခက်ထန် ပြောတာကို သဘောတူတယ်..။ ဗုဒ္ဓဘာသာကောင်းတယောက်ဆိုရင် တော့ ဒီလိုတွေးမှာ အသေအချာဘဲ..။ တောင်မရောက်မြောက်မရောက်တွေများလာတာနဲ့အမျှ ဒါမျိုးတွေ ပိုဖြစ်လာမှာ.. ခုကိုဘဲ တောင်မရောက်မြောက်မရောက် ဧရာဝတီသတင်းထောက်တွေ အတော်တွေ့နေရတယ်နော်..။ ရင်နာစရာပါဘဲလား..။ ဒီလိုလူမျိုးတွေ ဦးဆောင်တဲ့နေရာ ယူလာနိုင်ကြရင်… အင်း …… မပြောရက်တော့ပါဘူးလေ..။

  1. Anonymous said... :

    ကဗျာဆရာကြီး တင်မိုး ရေးသည့်-- ဗုဒ္ဓနှင့်တွေ့ဆုံခြင်း--သည် အလွန်စိတ်ပျက်ဖို့ကောင်းသည်။ နိုင်ငံရေးလား ဘာရေးလဲကွာ ဒါတွေက==(---ကိုယ်တော် မသိလို့နော်
    ကိုယ်တော်သာ မြန်မာနိုင်ငံမှာရှိရင်
    ပူဇေမိ အမျိုးမျိုးနဲ့
    ရှိခိုးခံရမှာတော့ အမှန်ပါပဲ။
    ဒါပေမယ့်
    မမှန်တာတွေပြော၊ မမှန်တာတွေဟောနေရ
    ကိုယ်တော်က ဗုဒ္ဓေါတ,မိပြီး
    ပြေးကြွချင်မှာ သေချာတယ်။
    မမှန်တာတွေ ပြောတော့လဲ
    သံသရာတကြောမှာ
    အဖန်တရာ မောနေဦးမှာကိုး ဘုရာ့။-
    ------
    ကိုယ်တော့်အဖို့ကတော့
    ဥရောပ စူပါမားကတ်မှာ
    ငြိမ်သက်စွာ စံပယ်တာကမှ
    အန္တရာယ်ခပ်သိမ်း၊ ကင်းပျောက်ငြိမ်းပြီး
    သိန်းသန်းမက တန်ဖိုးတက်
    ဗုဒ္ဓ ဗုဒ္ဓ ဆိုပြီး
    နှုတ်ဟလို့ အမြွက်ခံရဦးမယ်။
    စိတ်လက်မသာ ရှိတော်မမူပါနဲ့ ဘုရား။--------

    ပညာရှင်တွေရဲ့ အတွေး မတွေးရက်အောင်ကိုပဲ--:) :)။ အတွေးအခေါ်လိုလို၊ လွပ်လပ်တဲ့အယူအဆလိုလို၊ ကယ်တင်ရှင်တွေ၊ ပြာင်းလဲဖို့ကြိုးစားနေသူတွေလိုလို --ရှုပ်နေတာပဲ၊ ဘုရားကိုတောင် အလွတ်မပေးပဲ ဆရာလုပ်တာ ပိုဆိုးတာပေါ့ဗျာ။
    ---------
    ဘုရားဆင်းတု အဲလို မလုပ်သင့်ဘူး၊ မလုပ်ရဘူး။ သူတစ်ပါးထိခိုင်တတ်တယ်။
    ဘယ်သူ့အတွက်မှ မကောင်းတာမလုပ်နဲ့ ၊ လူတိုင်းအတွက် ကောင်းတာလုပ်၊ မထိခိုင်စေနဲ့။ ကိုယ့်စိတ်ဓာတ်ကို ကိုယ်တိုင်ကြည်ညိုနိုင်အောင်လုပ်သင့်တယ်။

  1. Anonymous said... :

    ဘာသာရေးအရ မကောင်းပါ၊ခက်နေတာက အဲဒီဘုရားတွေ၊ံကျွန်တော်တို့ ရဲ့ ရှေးဟောင်အမွေအနှစ်တွေကိုပြည်ပရောက်လာအောင် ထုတ်ခွင့်ပေးကြသူတွေကြောင့်လည်းပါပါတယ်

  1. Anonymous said... :

    Dear All,

    As per our religion, the statute is statute before "anay kazar" ceremony or monks blessing.
    It is the wood before and carved by either women or men by sitting on it or lying on every places on the ground. That you all might probably see in Myanmar, Thailand and other Buddhist countries.
    Regarding the decoration with buddhist statue are widely grow in Asia as well as in the west. Among asia you could easily see restaurants and bars in Thailand, Cambodia & Laos etc..
    Just share!
    Regards,
    MM

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved