ငတိသန်းရွှေ (အပိုင်း ၄)

Friday, June 10, 2011


ဗိုလ်ဖိုက်တာ

[ဗိုလ်ဖိုက်တာ၏ ငတိသန်းရွှေ အပိုင်း (၁)(၂)(၃) ]

ငတိသန်းရွှေရဲ့ မနောကံ

ငတိသန်းရွှေသည် ရရှိထားသောအာဏာ သက်ဆိုးရှည်ရေးအတွက် ဥာဏ်နီ၊ ဥာဏ်နက် မျိုးစုံကို ရေလဲထုတ်သုံးကာ အစဉ်မပြတ်တရစပ် မနောကံမှု (၀ါ) စိတ်ဖြင့်တွေးတောကြံစည်သမှု ပြုနေရ၏။ မနောကံပြစ်မှား၊ အံသွားကိုကျိတ်ခဲလျက်၊ မကောင်းမှုဘက်ကချည်း ရပ်တည်ကာ ပြုနေရသဖြင့် ပြုပြုသမျှတို့သည် မကောင်းမှုဒုစရိုက်တွေချည်း ဖြစ်ကုန်၏။

ထိုထိုမကောင်းမှု ဒုစရိုက်နယ်ပယ်တွင် ငတိသန်းရွှေက စိတ်ထင်တိုင်းကျဲကာ တဖက်သတ်အပေါ်စီးဖြင့် အပိုင်ကစားခဲ့သည်ချည်းဖြစ်၏။ စီနီယာသိန်းစိန်ကို နောက်ပို့ပြီး ဂျူနီယာရွှေမန်းကို ဖူးဖူးမှုတ်၍ ရွှေစိတ်တော်အလိုကျ အိမ်ရှေ့မင်းသားအရာ ပေးသနားချီးမြှင့်ခဲ့၏။ ထိုစဉ်က ရွှေမန်းအူမြူးခဲ့ရသလောက် သိန်းစိန်ခမျာ ဖီလင်အောက်ခဲ့ရသည်။

ငတိသန်းရွှေ ကြံ့ဖွံ့အစိုးရထဲမှာ မွှေ

ဟော … ခုတော့ ငတိသန်းရွှေက နောက်အချိုးအကွေ့မှာ စိတ်တမျိုးပြောင်းသွားလို့ ရွှေမန်းခမျာ အိမ်ရှေ့မင်းသားအရာမှ ပြုတ်ကျရပြီ။ တလလျှင် ကျပ်သိန်းသုံးဆယ်ပဲစားရတဲ့ လွှတ်တော်ဥက္ကဋ္ဌ … တဲ့။ သူ့အောက်ရောက်ခဲ့ရသူ သိန်းစိန်က ကျပ်သိန်းငါးဆယ်စား နိုင်ငံတော်သမ္မတတဲ့… ။ ဟိုး ... အောက်က တင်အောင်မြင့်ဦးကတောင် ကျပ်သုံးဆယ့်ငါးသိန်းစား ဒုသမ္မတ ... တဲ့။


ကဲ ... ကြည့်ကြပါဗျာ။ ကိုယ်ချင်းစာကြပါဗျာ။ မောင်ရွှေမန်းခမျာ ပင့်တင်ပြီးမှရိုက်ချခံရတာ၊ အကျနာလိုက်တာဗျာ။ နာလို့ “ဘေးထွက်ထိုင်” နေရင်လည်း မြောက်ကိုရီးယားကိစ္စမျိုးလိုဟာတွေ ဖွင့်ချလေမလားဆိုတဲ့ စိုးရိမ်ချက်နဲ့ “အဖြောင်” ခံရဖို့ပဲရှိပါတော့တယ်။

ဒီတော့ … မောင်ရွှေမန်းခမျာ … အသက်နဲ့ခန္ဓာ အိုးစားမကွဲချင်ရင် ငတိသန်းရွှေအမိန့်ပေးလို့ ဘုန်းကြီးတွေကိုတောင် သတ်ခဲ့ရသလို စိတ်ပါပါ မပါပါ ကြိတ်မှိတ် လုပ်နေရတော့မပေါ့ဗျာ။ ဒါကြောင့် ..ဟိုး.. ၂၀၁၀ခုနှစ် ဒီဇင်ဘာ ၂၂ ရက် ဧရာဝတီဘလောဂ့်မှာ “ဦးအလံမလှဲ” က မောင်ရွှေမန်းခမျာ နားချင်ရင်လည်း နားမရတော့၊ ကြိုးရှည်ရှည်နဲ့ အလှန်ခံနေရပြီလို့ ဆိုခဲ့တာပေါ့ဗျာ။

ဒီနေရာမှာပြောစရာရှိတာက အရပ်သူအရပ်သားတွေ ပြောပြောနေကြတဲ့ “ဖွဲ့စည်းပုံ” ဆိုတာ စစ်တပ်ထဲမှာ အတော်ကြီးကို စကားပြောတယ်ဆိုတဲ့ အချက်ပါဗျ။

သိန်းစိန်ကပြောမယ် .. ငါက DSAအပတ်စဉ် (၉) ...။ `ပဲ´ကို အရင်စားခဲ့သူ ...။

ရွှေမန်းကပြောမယ် … ငါက`သူရ´ဆိုတဲ့ ၂ လုံးကိုလည်း `ရ´ထားသူ..။ အိမ်ရှေ့စံလည်းလုပ်ခဲ့သူ..။
ဟော ... တင်အောင်မြင့်ဦးကလည်း လက်မထောင်ပါဦးမယ်..။ ငါက ... နာမည်ကိုက … တင်, အောင်, မြင့်, ဦး တဲ့… ၄ လုံး..။ ရတဲ့ဘွဲ့က `သီဟသူရ´ ဆိုတော့… နောက်တိုး … ၄ လုံး..။ စုစုပေါင်း ၈ လုံးကြီးများပိုင်ရှင် …။ ဒါ့အပြင် … လူမြင်ရင်ပါးရိုက်တော့မယ့် မျက်နှာပိုင်ရှင်..။ ငါ့ကိုယှဉ်နိုင်တဲ့သူ ဘယ်မှာလဲလို့ မေးပါလိမ့်မယ်ဗျား။

ဒါဟာ ... ကြံ့ဖွံ့အစိုးရအဖွဲ့ထဲက အရှုပ်အပွနမူနာတခုမျှပါ။ ဒီလိုအရှုပ်အပွ, ဘယ်ကလာ..။ ငတိသန်းရွှေရဲ့ မနောကံဒုစရိုက်ဆီကလာ..။

ကဲ ... ငတိသန်းရွှေရဲ့မနောကံမှုကြောင့် `ငနဲ´ ၃ ယောက်မှာ `သူက, ဘာ၊ ငါက,ညာ´ ဆိုတဲ့ မာနစိတ်၊ တယောက်နှင့်တယောက် မယုံသင်္ကာစိတ်အစရှိတဲ့ မနောဒုစရိုက်စိတ်တွေကြောင့် ထိုင်ခုံတွေ လှုပ်, ခါ, ရမ်း ပြီး စိတ်မနောပူလောင်ကျွမ်းရတာ၊ စိတ်ထောင်းကိုယ်ကျေဒဏ်ခံရတာက … နောက်..။

ငတိသန်းရွှေက အကုသိုလ်စိတ်နဲ့က ပြောင်းကပြန်တွေကို အပြင်းအထန်တွေးတောကြံစည်ခဲ့ရတာ အစောကတည်းကမို့ အိပ်မပျော်စားမ၀င်, ဦးနှောက်တွေခြောက်, ရင်တွေပူ, ထိုင်လိုက်, ထလိုက်, လမ်းလျှောက်လိုက်နဲ့ ဂဏာမငြိမ်ဒဏ်ခံရတာက … အရင်..။ ဒါပဲဗျ ... ငတိသန်းရွှေခံရတဲ့ မနောကံရဲ့အကျိုးဆက်..။

ကဲ ... ကြံ့ဖွံ့အစိုးရအဖွဲ့ဆိုတဲ့ အမှိုက်ပုံထဲက ရှုပ်ရှုပ်ပွပွအမှိုက်စတွေ ဓာတ်ချင်းမတဲ့ကြလို့ မီးခိုးတွေအူနေတဲ့ဇာတ်လမ်းကို ဒီမှာတစခန်းရပ်ပြီ ၊ကြံ့ဖွံ့ပါတီထဲက အရှုပ်အပွတွေအကြောင်းကို ဆက်ကြပါစို့လားဗျာ။

ငတိသန်းရွှေ ကြံ့ဖွံ့ပါတီထဲမှာ မွှေ

အိမ်ရှေ့စံအရာကျ မောင်ရွှေမန်းခမျာက ကြံ့ဖွံ့ပါတီဥက္ကဋ္ဌဖြစ်လာခဲ့ပြန်တယ်။ ပြည်သူ့လွှတ်တော်မှာလည်း ဥက္ကဋ္ဌ၊ ကြံ့ဖွံ့ပါတီမှာလည်း ဥက္ကဋ္ဌဆိုတော့ အကောင်မသေးလို့ မသိမ်ငယ်ပါဘူးဆိုတဲ့သဘောမျိုးပေါ်အောင် ငတိသန်းရွှေက ကျောသပ်ပေးတာပါ့ဗျာ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကုလားထိုင်နဲ့ ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ ကုလားထိုင်။ အဲဒီကုလားထိုင်နှစ်လုံးကို ရွှေမန်းကခွထိုင်ပြီး သိန်းစိန်နဲ့တင်အောင်မြင့်ဦးကို ပြန်ပြီးတော့ `ထောက်´ တာကလည်း ငတိသန်းရွှေရဲ့ ခိုင်းစားချက်တစ်ခုပါ့ဗျာ။ ဒါတွေဟာ ငတိသန်းရွှေက `divide and rule´ နည်းကို သုံးထားတဲ့ လှည့်ပတ်ကစားကွက်တွေပါ့ဗျာ။

ကြံ့ဖွတ်ပါတီထဲမှာ ငတိသန်းရွှေ ရဲ့ နောက်ထပ်ကစားကွက်တခု ရှိသေးသဗျ။

ရန်ကုန်မြို့ ကိုးမိုင်မစိုးရိမ်ကျောင်းလမ်း ဘိန်းဘုရင်လော်စစ်ဟန်စံအိမ်တော်ရဲ့ လက်နှစ်ကမ်းမျှအလွန် ၀ဲဘက်ခြမ်းမှာ ကျောက်စိမ်းတုံးတွေကို ခြံစည်းရိုးလုပ်ပြီး ၉ မိုင်ဂေါက်ကွင်းကို ကျောဘက်မြင်ကွင်းယူကာ အထင်ကရတိုက်အိမ်ကြီးဆောက်ထားတဲ့ ဌေးဦး ... ဟဲ ... ဟဲ ...။

ခိုးသားငါးရာအဖွဲ့ဝင်၊ လက်ညှိုးညွှန်ရာသူ့ဥစ္စာ၊ ငတိသန်းရွှေကို ဇက်ကြောဆွဲပေးရာမှာ လက်ပေါက်လွန်းတဲ့ အနှိပ်သည်တော်၊ ငတိသန်းရွှေရဲ့ ဒီပဲယင်းလုပ်ကြံမှုဆြာကြီး အောင်သောင်း (ခေါ်) အောင်တောင်း ... ဟဲ ... ဟဲ ...။

သူတို့နှစ်ယောက် `စောင်´ နေကြတာပါဗျ။ ကြံ့ဖွံ့မှာ ဌေးဦးက အထွေထွေအတွင်းရေးမှူး၊ အကြံကြီးတဲ့ လူမိုက်အောင်တောင်းက ရိုးရိုးအတွင်းရေးမှူး..။ ဒါကြောင့် ကုလားထိုင်ရောဂါပြဿနာတက်ပြီး `စောင်´ နေကြတော့တာပေါ့ဗျာ။ ဒီကစားကွက်ဟာလည်း ငတိသန်းရွှေရဲ့ divide and rule လုပ်ချက်ဆီက လာတာပါ။

ငတိသန်းရွှေ စစ်တပ်ထဲမှာ မွှေ

နောက်တကွက်ထပ်ဆက်ရမှာက စစ်ရာထူးခန့်တဲ့အကွက်ပါ။ ဒီအကွက်မှာ ဘယ်သူကမှ လုံးဝမျှော်လင့်မထားတဲ့ ဂျူနီယာကလေး မောင်မင်းအောင်လှိုင်ကို ကော်ပြီးတင်လိုက်တော့ ငတိသန်းရွှေဆိုတဲ့ `လည်လွန်းတဲ့ဘီး ချီးနင်း´တာကို လူမိသွားတော့တာပေါ့ဗျာ။ ပိုဆိုးသွားတာက စီနီယာ သူရမြင့်အောင်က ဘာမထီစိတ်နဲ့လျှပ်တပြက် `ဘက်ကန်´ လိုက်တော့ အပွဲပွဲနွှဲလာတဲ့ ငတိသန်းရွှေ ဘီးနင်းမိတဲ့ချီးပုံပေါ် တည့်တည့်ကြီးကို မှောက်လျက်သား လဲကျသွားတဲ့အလားပါပဲဗျာ။

ဇာတ်ပေါင်းသော်

အဲ … ဘာပဲဖြစ်ဖြစ် ကြံ့ဖွံ့အစိုးရနယ်ပယ်ရယ်၊ ကြံ့ဖွံ့ပါတီနယ်ပယ်ရယ်၊ စစ်တပ်နယ်ပယ်ရယ်မှာ ရာထူးကုလားထိုင်ကစားကွက်ကို divide and rule နဲ့ တဖက်သတ် မောင်ပိုင်စီးပြီး စိတ်ထင်သလို ကစားသွားခဲ့တာကတော့ ဆိုက်ဝါးကလာတဲ့ ငတိသန်းရွှေပါခင်ဗျာ။

ဒီတော့ ငတိသန်းရွှေ အင်မတန်တော်တယ်လို့ သူ့လောင်းရိပ်အောက်မှာ တွင်ကျယ်နေကြသူများက `ကြွား´ကြတယ်ခင်ဗျ။

ငတိသန်းရွှေရဲ့အောက်ဆွဲတွေ `ကြွား´ကြသလို ဘယ်လောက်ပဲ တော်တော်၊ စိတ်မနော ကောင်းတဲ့ဘက်မှာ တော်တာမဟုတ်ဘဲ စိတ်မနောယုတ်တဲ့ဘက်မှာ တော်တာမျိုးဖြစ်လို့ စိတ်မနောယုတ်ကနေ သီးပွင့်လာတဲ့ အကုသိုလ်ကံအကျိုးပေးကို ပြေးလို့လွတ်မှာ မဟုတ်ပါဘူးဗျာ။

ငတိသန်းရွှေကို အင်မတန်တော်တယ်လို့ သူ့အရိပ်အောက်မှာ လောင်းမိနေသူတွေထဲမှာ အချို့ကပြောကြသလို ကျန်အချို့ကတော့ ငတိသန်းရွှေကို အင်မတန်လည်တယ်လို့ ပြောကြပြန်ပါတယ်။ စကြာကဲ့သို့ အင်မတန်လည်တယ်လို့ပဲ ဆိုပါတော့ဗျာ ... ဟဲ ... ဟဲ..။

လူလည်လုပ်တယ်ဆိုတာ အပြောလွယ်သလောက် တကယ်လက်တွေ့မှာ မလွယ်ပါ။ ငတိသန်းရွှေကြီးဟာ ဥာဏ်နီ, ဥာဏ်နက် သာမက ဥာဏ်မဲ, ဥာဏ်ပြာ စသည့် ဥာဏ်မျိုးစုံကို ကလိမ်ကလည် အောက်လမ်းနည်းတွေနဲ့ တွေးတောစိတ်ကူးကြံစည်နေရတာပါ။ သို့ပါသောကြောင့် ငတိသန်းရွှေရဲ့ ရွှေမျက်နှာတော်ဟာ ဘယ်ကလာကြည်လင်ရွှင်လန်းပြီး ရွှေရောင်ကဲ့သို့ဝါ၀ါဝင်းနိုင်ပါတော့မလဲ။ အရောင်မှိုင်းမှိုင်း နွမ်းနွမ်းညစ်ညစ် ဖါးပြုတ်ကြီးကဲ့သို့ မျက်နှာတော် ယုတ်ညံ့ခန်းခြောက်ရတော့တာပေါ့ဗျား။

ဤတွင် ငတိသန်းရွှေဇာတ်လမ်း ပြီးဆုံးသွားပါပြီ။ ဘယ်ဟာက နတ်ပန်း၊ ဘယ်ဟာက ငရဲပန်း ရယ်လို့ ရွေးချယ်တတ်ပြီး နတ်ပန်းကိုဆောင်၍ ပန်ဆင်နိုင်ကြပါစေ။ ငရဲပန်းကိုရှောင်၍ ဘေးဘယာကင်းနိုင်ကြပါစေ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved