ကားလမ်းပိတ်ပေမယ့် နယ်စပ် လူအဝင် မပျက်

Monday, June 27, 2011

ဒီလ ၂၄ ရက်နေ့ကစပြီးတော့ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အတွက် ထိုင်းမြန်မာနယ်စပ် ကုန်သွယ်ရေးရဲ့ အဓိကလမ်းကြော မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းပေါ်မှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် ကားလမ်းတွေပိတ်ပြီး နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေခဲ့ပါတယ်။

ကားလမ်းတွေ ပိတ်သွားတဲ့အတွက် မြန်မာဘက်ပို့မယ့် ထိုင်းကုန်တွေ ကားနဲ့ အစီးရေ ၄၀၀ လောက် မြ၀တီမှာပိတ်မိနေပြီး ထိုင်းဘက်ကို တင်သွင်းမယ့် မြန်မာကုန်ပစ္စည်းတွေ ကားနဲ့ အစီးရေ ၃၀၀ ကျော် ကော့ကရိတ်ဘက်မှာ ပိတ်မိနေပါတယ်။

ကုန်သွယ်ရေးလမ်းကြော ပိတ်သွားပေမယ့် ထိုင်းနိုင်ငံထဲမှာ အလုပ်အကိုင်ရှာဖွေဖို့ ၀င်ရောက်လာတဲ့ မြန်မာတွေက သူ့နည်းသူ့ဟန်နဲ့ ၀င်လာနေကြတာ ပိုများလာတယ်လို့ စက်လှေမောင်းတဲ့လူတွေက ပြောပါတယ်။ သူတို့အဆိုအရ မနေ့ကကူးလာတဲ့ မြန်မာအရေအတွက်ဟာ အနည်း ဆုံး ၇၀၀ လောက်ရှိတယ်လို့ ပြောပါတယ်။

အဆက်မပြတ် ရွာနေတဲ့မိုးကြောင့် ထိုင်း-မြန်မာနယ်ခြား သောင်ရင်းမြစ်ရေ ကြီးလာတဲ့အတွက် လှေစီးရတာ အန္တရယ်ကြီးမှန်းသိပေမယ့် ထိုင်းဘက်ကို မဖြစ်မနေ ကူးလာခဲ့ရတယ်လို့ ဘန်ကောက်တက်ပြီး အလုပ်ရှာမယ့် မိန်းကလေးတဦးက ပြောပါတယ်။ (ဓာတ်ပုံ - ဧရာဝတီ)








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved