ရန်ကုန်အနှိပ်သည်များ နေပြည်တော်သွား

Thursday, June 9, 2011


စည်သူ

အနှိပ်ခန်း ဗန်းပြပြီး ကမ္ဘာ့သက်တမ်းအရင့်ဆုံးလုပ်ငန်းကို ဒိုင်လျှို လုပ်ကိုင်နေသူတွေ ရန်ကုန်မှာ နှိပ်ကွပ်ခံနေရပါတယ် တဲ့။ ဒီတော့ သူတို့ ဘယ်ကို စားကျက် ပြောင်းသွားပါသလဲ။

ရန်ကုန်မှာ ဇွန် ၂ ရက်က စတင်တဲ့ အနှိပ်ခန်း နှိမ်နင်းရေး စီမံချက်ကြောင့် နေပြည်တော်ကို တော်တော်များများ ဆင်းသွားကြပါပြီ လို့ နေပြည်တော်ရောက် အနှိပ်သမ တယောက်က ပြောပါတယ်။

“ကျမတို့ ရန်ကုန်မှာ အဖမ်းအဆီး များနေလို့ ဆင်းလာတာပါ။ ဒီမှာကတော့ လုပ်ရတာ ပိုတောင် ကောင်းနေသလိုပဲ။ အဖမ်း အဆီး မရှိပါဘူး” လို့ သူက အခြေအနေကို ရှင်းပြပါတယ်။

ဒါကြောင့် နေပြည်တော် အနှိပ်ခန်းတွေမှာ နောက်ဆက်တွဲ ဖြစ်လာတာကတော့ ဈေးနှုန်း လျှော့ချခြင်း၊ ဆက်ရှင် အချိန်ကို တိုးပေးခြင်းတွေပါပဲ လို့ နေပြည်တော် ပျဉ်းမနား အနှိပ်ခန်း ပိုင်ရှင်များက ဆိုတယ်။

“ရန်ကုန်က မိန်းကလေးတွေ ဆင်းလာတော့ အရမ်းများနေတယ်။ အဲဒိတော့ ကျနော်တို့က ဈေးလျှော့ပေးရတယ်။ အရင်က တဆက်ရှင် ၄၅ မိနစ်ကို ၆၀၀၀ ။ အခု ၅၀၀၀ ပဲ ယူတော့တယ်။ တဆက်ရှင်ကိုလည်း တနာရီအထိ ပေးရတော့တယ်” တဲ့။ ပျဉ်းမနား မြို့နယ်၊ ပေါင်းလောင်းရပ်ကွက် အနှိပ်ခန်း လုပ်ငန်းရှင်တယောက်က ပြောတာပါ။

ဒီတော့လည်း နေပြည်တော် စားသုံးသူတွေက အိမ်ကွင်းမှာ ကစားကွက် အသာရနေပါပြီ။

“အချို့ဆိုင်တွေက နှစ်ဆက်ရှင် ၀င်ရင် တဆက်ရှင် အပိုပေးတာတွေလုပ်လာတယ်။ အချို့ကတော့ တဆက်ရှင်ဝင် တဆက်ရှင် အပိုပေးတယ်ဆိုပြီး အထိ လုပ်လာကြတယ်” ဆိုပြီး အနှိပ်ခန်းတချို့ရဲ့ အရောင်းမြှင့်တင်ရေး ဗျူဟာအကြောင်း စားသုံးသူတယောက်က ဖောက်သည်ချပါတယ်။

အရောင်းမြှင့်တင်တဲ့ နောက်တနည်းကတော့ ဆိုင်ကယ် ကယ်ရီသမားတွေကို မဟာမိတ်လုပ်တဲ့ နည်းပါ။

အငှားဆိုင်ကယ် သမားတချို့က ခရီးသည်ကို အနှိပ်ခန်းသွားရေး စကားလမ်းကြောင်းတယ်၊ ညပိုင်းမှာ လက်ကမ်းကြော်ငြာ ဝေတယ် လို့ ဆိုတယ်။ ပေါ်တင်ပါပဲ တဲ့။

“မနေ့ညက ရာဇဌာနီလမ်းပေါ်ကို သွားပါတယ်။ ကယ်ရီသမားက အကို အနှိပ်ခန်း သွားမလား ဆိုပြီး လက်ကမ်းစာစောင် ထုတ်ပေးတယ်။ ကျနော်လည်း အံ့သြသွားတယ်။ ဒါမျိုးအလုပ်တွေကို ဒီလို လက်ကမ်း ကြော်ငြာဝေတာအထိ လုပ်နေတာကို ဘယ်သူကမှ အရေးမယူကြဘူးလား ဆိုတာကိုပေါ့” လို့ အသက် ၃၀ ၀န်းကျင် ပျဉ်းမနားမြို့ခံ တယောက်က ပြောပါတယ်။

“အပြိုင်အဆိုင် လုပ်လာကြတယ်ဆိုတာ အရင်က နေပြည်တော် တည်ဆောက်ရေးက ငွေကို အကန့်အသတ်မထားဘဲ ထုတ်ပေးတယ်။ စီမံကိန်းတွေ ပေါတယ်။ အဲဒီတော့ ဆောက်လုပ်ရေး လုပ်ငန်း လုပ်တဲ့သူတွေက ညဆို ဘီယာဆိုင်၊ ကာရာအိုကေ၊ အနှိပ်ခန်းတွေမှာ ပြည့်နေတာလေ။အခု အစိုးရ သစ်တက်လာတဲ့ နောက်ပိုင်း အရင်ကလို စီမံကိန်းအသစ်တွေ သိပ် မရှိတော့ဘူး။ ငွေကိုလည်း စိစစ်ပြီးတော့ ချပေးတော့ ညပိုင်းမှာ အနှိပ်ခန်းတွေ၊ ကာရာအိုကေဆိုင်တွေမှာ အရင်လို လူမများတော့ဘူး။ အဲလို လူမများရတဲ့ ကြားတဲ့ ရန်ကုန်က မိန်းကလေးတွေက အဖမ်း အဆီးကြောင့် ဆင်းလာတော့ ပိုဆိုသွားတာ ပေါ့” လို့ နေပြည်တော်တည်ဆောက်ရေး လုပ်ငန်းတွေကို အုတ်၊ သဲ၊ ကျောက် သွင်းသူတယောက်က ဆိုတယ်။

ပေါင်းလောင်း ၁၂ လမ်းမှာ လုပ်ကိုင်တဲ့ အသက် ၂၅ နှစ်ဝန်းကျင် အနှိပ်သမတဦးက နေပြည်တော်အနှိပ်ခန်းလောကဟာ ၀ယ်သူဈေးကွက် ဖြစ်နေပြီလို့ ညည်းပါတယ်။

“အရင်က အနှိပ်ခန်းလာတဲ့သူ များတယ်။ အဲဒီတော့ သမီးတို့က ခပ်တင်းတင်း နေလို့ရတယ်။ ကိုယ့်ကို သိပ် အထိမခံဘူး။ အခု ရန်ကုန်က ဆင်းလာကြတော့ အရင်ကလိုတော့ ဖောက်သည်ကို တင်းတင်းမာမာ ပြောလို့ မရတော့ဘူး။ အရင်ကဆို ညတိုင်း ဆက်ရှင်ပြည့်တယ်။ အခုတော့ တညကို လေးဆက်ရှင်တောင် အနိုင်နိုင်ရယ်။ ဖောက်သည် မျှော်နေရတယ်” တဲ့။

အနှိပ်ခန်း အများဆုံးရှိတာ ပျဉ်းမနားမှာပါ။ မတ်လဆန်းပိုင်းက ပြည့်တန်ဆာ လုပ်ငန်း လုပ်တယ်လို့ သံသယ အဖြစ်ခံရတဲ့ အနှိပ်ခန်းများ၊ ကာရာအိုကေခန်းများ လုံခြုံရေးအခြေအနေ စိုးရိမ်ရေမှတ်ကို ရောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရာသီဥတု ပြန်ကောင်းလာပြီး ပုံမှန် ပြန်ဖြစ်ခဲ့တာလို့ သိရပါတယ်။

1 comments :

  1. Anonymous said... :

    Just curiosity. Are they actually using the term 'going down' to Naypyidaw? I believe we generally use 'going up' if you are going to upper Burma. Or, is that because Naypyidaw is just a secondary to Rangoon? The article itself is interesting. Thank you.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved