ဒလမြို့က HELLO ဓာတ်ဆီဆိုင်

Friday, June 3, 2011

သင်းအောင်

ရန်ကုန်တဖက်ကမ်း ဒလမြို့က HELLO ဓာတ်ဆီဆိုင်ကြောင့် ဒေသခံတွေ စိတ်မသက်မသာ ဖြစ်နေပါတယ်။ မတော်တဆ မီးအန္တရာယ်နဲ့ ကြုံရရင် ဒီဆိုင်ကြောင့် ဒုက္ခအကြီးအကျယ် ရောက်နိုင်တယ် ဆိုပြီး စိုးရိမ်နေကြတာပါ။
ဒီရက်ပိုင်း အတွင်း ဖွင့်လှစ်လိုက်တဲ့ ဒီဆိုင်ဟာ မြို့လယ် နာရီစင် အနီးတ၀ိုက်၊ လူနေအိမ်တွေနဲ့ သိပ် နီးနေပါတယ်။ ဘေးနားက နာရီစင်ဈေးကလည်း
မီးလောင်လွယ်တဲ့ ၀ါးဓနိတွေနဲ့ဆောက်ထားတာပါ။
ဒလမြို့နယ် မီးသတ်ကလည်း ကား ၂ စီးပဲ ရှိတယ်၊ ရေပေါတဲ့ဒေသလည်း မဟုတ်ပါဘူး။
သောက်ရေ သုံးရေ ရှားပါးနေတာလည်း နှစ်ကာလ ဆယ်ချီနေပါပြီ။

``အရင်က ပတ်လည်မှာ ရေမြောင်းကျယ်ကြီးတွေနဲ့ အလယ်မှာ အားကစားကွင်း ဖြစ်ပါတယ်။ အဲလို ဈေးဧရိယာမြေကို မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ ညှိပြီး ခုလို စက်သုံးဆီ အရောင်းဆိုင် တည်ဆောက် ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပါတယ်´´ လို့
HELLO ဆိုင်နားက မြို့ခံတဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းဆိုင် စပြီး ဆောက်ကတည်းက မီးဘေးအန္တရာယ် စိုးရိမ်တယ် ဆိုပြီး ဒေသခံတွေက
အာဏာပိုင် အဆင့်ဆင့်ကို တိုင်ကြားပြီးသားပါ။ ဒီသတင်းတွေ ပြည်ပအခြေစိုက် မီဒီယာတွေမှာ ပါခဲ့ပါတယ်။

``အဲလို တိုင်ကြားလိုက်တော့ ဖောင်ဒေးရှင်းရဲ့ အထက် တည်ဆောက်ဆဲ အဆောက် အအုံကို ဖြိုချလိုက်တယ်။ ပြီးတော့ အဲဒီနေရာမှာ လောင်စာဆီ သိုလှောင်ကန် လုပ်ပစ်လိုက်တယ်။ ရုံး အဆောက်အအုံကိုတော့ ကားလမ်းနံဘေးဘက် ရွှေ့ဆောက်လိုက်တယ်´´ လို့ ကမာကဆစ် ရပ်ကွက် ဒေသခံတဦးက ပြောပါတယ်။

HELLO ဆိုင်က ဘာလဲ။

HELLO စက်သုံးဆီ အရောင်းဆိုင် ပိုင်ရှင်က ဦးမိုးဆန်း ဖြစ်ပါတယ်။
MAX Myanmar ကုမ္ပဏီကနေ တဦးတည်း ကိုယ်စားလှယ် ရယူ ဖြန့်ချိခွင့်ရထားသူလို့ သိရတယ်။
ယခင်မြို့တော်ဝန် ဦးအောင်သိန်းလင်းနဲ့ နီးစပ်သူလို့ ထင်ရှားတယ်။
သူက ဒလမြို့နယ် တာဝန်ခံ အင်ဂျင်နီယာ တဦးလည်း ဖြစ်ပါတယ်။

``ဒလမြို့နယ်၊ ဆာပါချောင်၊ ပျော်ဘွယ်ကြီး၊ ပျော်ဘွယ်လေးအပါအ၀င် ရပ်ကွက် လမ်းသွယ်တွေမှာ ကတ္တရာ၊ ကွန်ကရစ် ခင်းမယ်ဆိုရင် ဦးမိုးဆန်းဆီ အကြောင်းကြားရတယ်။ မြို့တော် စည်ပင်က ဘိလပ်မြေ၊ ကတ္တရာ ခွင့်ပြုတယ်၊ ရပ်ကွက်က ကျန်အထွေထွေကို ထည့်ဝင်ပြီး ခင်းခဲ့ကြတယ်။ ရပ်ကွက် လမ်းသွယ်တွေ အဲလို ခင်းပေးနေပေမယ့် ပင်မ လမ်းမကြီးဖြစ်တဲ့ ဒလ - တွံတေးလမ်းဆုံ လမ်းပိုင်းကို ဖာထေးပြုပြင်ရုံပဲ လုပ်ပေးနေတာက စဉ်းစားစရာ ဖြစ်နေတယ်´´ လို့ ဒေသခံတယောက်က သူ့လုပ်ငန်းတချို့ အကြောင်း ပြောပြပါတယ်။

ဒလမှာ ပုဂ္ဂလိကကို လွှဲပြောင်းပေးထားတဲ့ စက်သုံးဆီ အရောင်းဆိုင် တဆိုင်လည်း ရှိပါသေးတယ်။
ဒလ - တွံတေး ယာဉ်သွားလမ်း နံဘေး လယ်ကွင်းစပ်မှာပါ။
အဲဒီဆိုင်နေရာကတော့ ဈေး၊ လူနေရပ်ကွက် လိုမျိုး အလွယ်တကူ မီးလောင်ကျွမ်းနိုင်တဲ့ အရာတွေနဲ့ အလှမ်းဝေးပါတယ်။

HELLO က အဲဒီ မြို့ပြင်ဆိုင်လို မဟုတ်ဘဲ မြို့လယ်ခေါင် ရောက်နေလို့ မြို့သားတွေ မကျေမနပ် ဖြစ်နေရတာပါ။ ။

4 comments :

  1. Anonymous said... :

    မြို့ထဲမှာ ဆီဆိုင်မထားစေချင်ရင်.. ဆီကုန်ခါနီးတိုင် မြို့ပြင်ထွက်ဝယ်နေရမှာပေါ့.. လမ်းဘေးဓါတ်ဆီဆိုင်တွေရော မီးမလောင်နိုင်ဘူးလား.. ဒို့လူမျိုးတွေက ဘယ်လို့ပူပေါင်းဆောင်ရွက်ရမယ်ဆိုတာမကြည့်ဘူး.. ကိုယ်ဖြစ်ချင်တာတွေဘဲ ပြောနေတယ်.. နိုင်ငံတကာမှာ ရပ်ကွက်တိုင်းလိုလို လမ်းတိုင်းလိုလို ဆီဆိုင်ရှိတယ်..

  1. Anonymous said... :

    “နိုင်ငံတကာမှာ ရပ်ကွက်တိုင်းလိုလို လမ်းတိုင်းလိုလို ဆီဆိုင်ရှိတယ်” နိုင်ငံတကာမှာ ရှိတာက ပတ်ဝန်းကျင်လုံခြုံရေးကို အပြည့်အ၀အာမခံထားပြီးသား၊ ဖြစ်လာရင်လည်း နစ်နာကြေးပေးဖို့က အဆင်သင့်လေ၊ ကိုယ့်တိုင်းပြည်က အဲလိုဟုတ်လို့လားးးးး

  1. Anonymous said... :

    နိုင်ငံတကာနဲ့ ယှဉ်တဲ့ဆရာရယ် နိုင်ငံတကာမှာ လမ်းတိုင်းဓါတ်ဆီဆိုင် ရှိတာလေးပဲ ကွက်မမြင်ပါနဲ့။ နိုင်ငံတကာက မီးသတ်ကား၊ အလိုအလျှောက် အချက်ပေးစနစ်၊ ရေဖြန်းစနစ် နဲ့ မြေအောက်မီးသတ်ပိုက်လိုင်း ကရေထွက်နှုန်း လည်းယှဉ်ကြည့်ပါဦး။ နောက်ဆုံး မီးသတ်သမား ရဲ့လက်အိတ်လေး၊ မျက်မှန်လေး၊ ဦးထုပ်လေး ဖြစ်ဖြစ်ပေါ့။ တို့နိုင်ငံမှာ မီးသတ်ကား အချိန်မီရောက်တယ်ဆိုတာ လှိုင်သာယာ အလုပ်သမားတွေ ဆန္ဒပြတုန်းကပဲ ကြားဖူးလိုက်ပါတယ်။ အဲ ကားအရည်အတွက် များပြီးတန်းစီရောက်လာတယ် ဆိုတာကတော့ ခဏခဏပါ။ မီးသတ်ကားတော့မဟုတ်ဘူး။ ဆန္ဒပြသူတွေကို ပစ်မဲ့ စစ်ကားတွေပါ။

    မြို့လည် ဈေးနား ဓါတ်ဆီဆိုင်ရှိတာလည်း သူတို့အတွက် တစ်မျိုးကောင်းပါတယ်။ မီးမလာတဲ့ တွံတေးဈေးက ၀ါယာရှော့ဖြစ်ပြီးမီးလောင်ပြီးပြီဆိုတော့ ဒီတခါ ဒလဈေးအလှည့်နဲ့တူတယ်။ ၀ါယာရှေ့ဖြစ်တယ်ဆိုပြီး အကြောင်းရှာ ပြစရာမလိုတော့ဘူးပေါ့။

    မီးမလာတဲ့ နိုင်ငံကြီးမှာ ဈေးတွေကလည်း ၀ါယာရှော့ပဲဖြစ်နိုင်လွန်းတယ်။ အဲဒါရော နိုင်ငံတကာမှာ ဒီလိုပဲလား ဆရာရယ်။

  1. Anonymous said... :

    june 3,2011 4;02 pm မှာရေးထားတာ တော်တော်ကိုကောင်းပါတယ် ။ချက်နဲ့ လက်နဲ့ ပြောတတ်ပါပေရဲ့  ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved