ထိုင်းမှာ မီဒီယာ လွတ်လပ်ရေးဆိုင်ရာ ဝန်ကြီး ခန့်အပ်ဖို့ တိုက်တွန်း

Thursday, July 7, 2011

ဇူလိုင်လ ၅ ရက်နေ့က အမေရိကန် သံရုံးမှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ဝန်ကြီးချုပ်လောင်း ယင့်လတ်ကို ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ခရစ္စတီ ကင်နီနဲ့အတူ တွေ့ရစဉ် (Photo - The Nation)

ထိုင်းနိုင်ငံ အမျိုးသား ရင်ကြားစေ့ရေး အထောက်အကူ ဖြစ်စေဖို့အတွက် မီဒီယာဆိုင်ရာ မူဝါဒ ခိုင်မာအောင် မီဒီယာ လွတ်လပ်ခွင့်ဆိုင်ရာ ဝန်ကြီးတယောက် ရွေးချယ်ခန့်ထားဖို့ တက်လာမယ့် အစိုးရကို ပညာရှင်တွေနဲ့ ရုပ်သံထုတ်လုပ်သူတွေက ဒီရက်ပိုင်းထဲမှာ တိုက်တွန်းလိုက်ပါတယ်။

“ယင့်လတ် ရှင်နာဝပ်ရဲ့ အစိုးရဟာ အခု ပြည်ပြေးဖြစ်နေတဲ့ သူ့အစ်ကို သက်ဆင် အစိုးရ အုပ်ချုပ်တုန်းက အဖြစ်တွေကို သင်ခန်းစာ ယူသင့်ပါတယ်။ သက်ဆင်ဟာ မီဒီယာကို ထိန်းချုပ်တယ်။ သတင်းတလွဲတွေပေးတယ်။ လာဘ်စားမှုတွေကို ဖုံးဖိတယ်” လို့ ထိုင်း ပြည်သူ့ ရုပ်သံထုတ်လွှင့်ရေး ဝန်ဆောင်မှုများအဖွဲ့ (Thai PBS) ရဲ့ စီမံခန့်ခွဲမှု ဒါရိုက်တာ ထက်ပ်ချိုင်း ယွန်း က The Nation သတင်းစာကို ပြောထားပါတယ်။

ချူလာလောင်ကွန်း တက္ကသိုလ် ဆက်သွယ်ရေး ဘာသာရပ်များဆိုင်ရာ ဌာနမှူးဟောင်း ဒါရူနီ ဟိရန်ရက်စ်ဆာကတော့ အစိုးရသစ်ဟာ အမျိုးသားရင်ကြားစေ့ရေး အစစ်အမှန်ကို လိုလားတယ်ဆိုရင် နိုင်ငံပိုင် မီဒီယာတွေကို ပြည်သူ့အကျိုးကိုသာ ရှေးရှု သုံးသင့်တယ်။ နိုင်ငံရေးအတွက်၊ အတိုက်အခံတွေကို လက်တုံ့ပြန်ဖို့ အတွက်ပဲ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

မီဒီယာဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ၊ ကိုယ့်ဖာသာ တာဝန်ယူရမှု-ကျင့်ဝတ်နဲ့-လွတ်လပ်ခွင့်တွေကို အထောက်အကူဖြစ်စေမယ့် လွတ်လပ်သော မီဒီယာ ကော်မတီ ထူထောင်တာမျိုးတွေကို အစိုးရက လုပ်သင့်တယ်လို့လည်း ဒါရူနီက ထောက်ပြသွားပါတယ်။

ထိုင်း အမျိုးသား မီဒီယာ ကောင်စီ ကတော့ ရွေးကောက်ပွဲ မတိုင်ခင် ယင့်လတ်အကြောင်း ရေးပေးဖို့ ဂျာနယ်လစ်တွေနဲ့ တီဗီ စတေရှင်တွေကို ဘတ် ၂ သောင်း ပေးထားတယ်ဆိုပြီး သူ့ဘော့စ်ဆီ အီးမေးလ်ပို့ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ယင့်လတ်ရဲ့ ဖုယာ့ထိုင်းပါတီက ကိုယ်စားလှယ်ကိစ္စကို စပြီး ကိုင်တွယ် စုံစမ်းစစ်ဆေးသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

Source: The Nation

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved