ဖုန်း ခိုးနားထောင်မှု အရှုပ်တော်ပုံ

Wednesday, July 20, 2011

ဇာနည်မာန်

ရာထူးမှ နှုတ်ထွက်သွားတဲ့ ထိပ်တန်း ရဲချုပ် Paul Stephenson နဲ့ John Yates (ဓာတ်ပုံ - Reuters)

ဖုန်း ခိုးနားထောင်မှု အရှုပ်တော်ပုံကြောင့် ရာထူးကနေ နှုတ်ထွက်လိုက်တဲ့ လန်ဒန်မြို့ ရဲတပ်ဖွဲ့ ထိပ်ဆုံးက တာဝန်ခံ ၂ ဦးကို ဒီနေ့ လန်ဒန်မြို့မှာ လွှတ်တော်အမတ်တွေ၊ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေက စတင် စစ်ဆေးနေကြပါပြီ။

သတင်းသမားကျင့်ဝတ်ကိုဖောက်ဖျက်ပြီး ဖုန်းခိုးနားထောင်တယ်၊ ဖုန်းတွေကို ဟက်ခ်လုပ်တယ်ဆိုတဲ့ကိစ္စကြောင့် ဗြိတိန်နိုင်ငံက နာမည်ကြီး News of the World သတင်းစာ ပိတ်သိမ်းလိုက်ရပြီးနောက်ပိုင်းမှာ လန်ဒန်မြို့ ရဲအဖွဲ့က ရဲမင်းကြီး Sir Paul Stephenson နဲ့ လက်ထောက်ရဲမင်းကြီး John Yates တို့ ရာထူးကနေ နှုတ်ထွက်သွားတဲ့အထိ ရိုက်ခတ်မှုတွေ ပြင်းထန်လာနေတာပါ။

Yates ကတော့ ဒီဖုန်းခိုးနားထောင်မှုကို စုံစမ်းစစ်ဆေးမှုတွေ မလုပ်ခဲ့မိတဲ့ပေါ့ဆမှုကြောင့် နှုတ်ထွက်လိုက်တာပါလို့ ပြောပါတယ်။

ပထမဆုံး ဖွင့်ချခဲ့သူ သေဆုံး
တဖက်မှာလည်း ဖုန်းခိုးနားထောင်ပြီး သတင်းအချက်အလက်တွေ ယူပါတယ်လို့ အစဖော်ပြောဆိုခဲ့တဲ့ News of the World သတင်းထောက်ဟောင်း Sean Hoare ကို မနေ့က သူ့ရဲ့အိမ်မှာ သေဆုံးနေတာတွေ့ခဲ့ရတာကြောင့် ဖော်ကောင်ကို နှုတ်ပိတ်တာလား၊ သမားရိုးကျသေဆုံးမှုလားဆိုတာတွေက လူအများဆုံး စိတ်ဝင်စားနေတဲ့ ကိစ္စတခုဖြစ်နေပါတယ်။

ရဲတွေကတော့ သူဟာ အသတ်ခံရတယ်လို့ သံသယဖြစ်ဖွယ် မရှိဘူးလို့ ပြောပေမယ့် သူဘာကြောင့် သေဆုံးရတယ်ဆိုတာကတော့ မသိရသေးပါဘူး။ သူ့နဲ့နီးစပ်သူတွေကတော့ သူဟာ နေမကောင်းဖြစ်နေတာ ကြာလှပြီလို့ ဆိုပါတယ်။
သေဆုံးသူ Sean Hoare

သတင်းစာဝန်ထမ်းဟောင်းတွေလည်း အစစ်ခံရ
ဖုန်းခိုးနားထောင်ပြီး သတင်းအချက်အလက်တွေယူခဲ့တယ်လို့ စွပ်စွဲခံရတဲ့ News of the World ရဲ့ အယ်ဒီတာဟောင်း Andy Coulson ကိုလည်း ဗြိတိန်ရဲ့ ဖမ်းဆီးစစ်ဆေးနေပြီး ပါဝင်ပတ်သက်တယ်လို့ ယူဆတဲ့ဝန်ထမ်းတွေကိုလည်း စစ်ဆေးမေးမြန်းတာတွေ လုပ်နေပါတယ်။

Andy Coulson ကို ပြောရေးဆိုခွင့်အရာရှိအဖြစ် ခန့်အပ်ခဲ့ရကောင်းလားဆိုပြီး အတိုက်အခံ လေဘာတီပါတီက ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ် ကမ်းမရွန်း ကို ပြစ်တင်ဝေဖန်တာတွေရှိပါတယ်။

ဒီအရှုပ်တော်ပုံကြောင့် News of the world ရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ News Corporation ရဲ့ ရှယ်ယာတွေ ကျသွားသလို၊ ဒီသတင်းစာကို ထုတ်ဝေတဲ့ News International က စီနီယာဝန်ထမ်းတချို့ အလုပ် ထွက်ကုန်ကြပါတယ်။ အမေရိကန်နိုင်ငံ ၉/၁၁ တိုက်ခိုက်မှုတုန်းက သေဆုံးသူတွေရဲ့ မိသားစုဝင်တွေရဲ့ ဖုန်းကို ဟက်ခ်တာတွေပါ ပါနေလို့ နိုင်ငံတကာကလည်း News Corporation ရဲ့အစွယ်အပွား သတင်းစာတွေ အားလုံးကို စောင့်ကြည့်စစ်ဆေးနေကြပါတယ်။

ဖုန်းခိုးနားထောင်တဲ့ အရှုပ်တော်ပုံ ပြဿနာဟာ တဖြည်းဖြည်း ကြီးထွားလာနေတာကြောင့် ၀န်ကြီးချုပ် ကမ်းမရွန်းဟာ သူ့ရဲ့ အာဖရိက ခရီးစဉ်ကနေ အရင်သတ်မှတ်ထားတာထက်စောပြီး ပြန်လာမယ်လို့ သိရပါတယ်။
ဗြိတိန်အစိုးရအဖွဲ့ဟာလည်း ကမ်းမရွန်းအနေနဲ့ ဒီကိစ္စကို ဖြေရှင်းနိုင်ပ့ါမလားဆိုတာကို စိုးရိမ်နေကြပါတယ်။

အရှုပ်တော်ပုံ အသေးစိတ်
News of the World ရဲ့ တော်ဝင်သတင်းအယ်ဒီတာ ကလစ်ဖ် ဂွတ်မန်း ဟာ တော်ဝင်မိသားစုတွေရဲ့ ဖုန်းတွေကိုဟက်ခ်လုပ်ပြီး သတင်းအချက်အလက်တွေရယူတယ်ဆိုတာကြောင့် ၂၀၀၇ ခုနှစ်မှာ ထောင်ကျခဲ့တယ်။ အဲ့ဒီနှစ် ဇန်န၀ါရီမှာ အယ်ဒီတာ Andy Coulson ဟာ ဒီကိစ္စ ရိုက်ခတ်မှုကြောင့်ရာထူးက နှုတ်ထွက်လိုက်ပါတယ်။
အဲ့ဒီနောက်မှာ Andy Coulson ဟာ ၀န်ကြီးချုပ် ဒေးဗစ်ကမ်းမရွန်းရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ပါတယ်။
ဒီသတင်းစာရဲ့ ဖုန်းဟက်ခ်ခဲ့တဲ့ကိစ္စကို ဂါးဒီးယန်း သတင်းစာက မီးခိုးကြွက်လျှောက် လိုက်ပြီး တစချင်း ဆွဲထုတ်ပြီး ဖုန်းဟက်ခ်ခံရတဲ့သူတွေရဲ့စာရင်းကို ဖော်ထုတ်ခဲ့လို့ ၂၀၀၉ ခုနှစ်မှာ ဒီအရှုပ်တော်ပုံကို စစ်ဆေးဖို့ လန်ဒန်ရဲမင်းကြီး Sir Paul Stephenson က သူ့ရဲ့လက်ထောက် John Yates ကို တာဝန်ပေးခဲ့တယ်။ Yates က အမှုတွဲကို စစ်ဆေးပြီး ရှေ့ဆက်စစ်ဆေးမှုမလုပ်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်လို့ လန်ဒန်သတင်းတွေက ဆိုပါတယ်။

ဒီအရှုပ်တော်ပုံကို ပြည်သူလူထုရှေ့ ပွင့်အံလာတာဟာ လေဘာပါတီအမတ် တောမ်ဝဒ်ဆန်နဲ့ တခြားမီဒီယာတွေရဲ့ ကြိုးပမ်းမှုတွေဖြစ်ပါတယ်။

Andy Coulson ဟာ အယ်ဒီတာဘ၀တုန်းက ဖုန်းတွေကို ကြားဖြတ်ခိုးနားထောင်၊ ဖုန်းတွေကိုဟက်ခ်လုပ်ပြီး သတင်းယူဖို့ သူ့ရဲ့သတင်းထောက်တွေကို အားပေးအားမြှောက်လုပ်ခဲ့ပါတယ်ဆိုပြီး သတင်းထောက်ဟောင်း ရှောန်းဟိုအာရ်က နယူးယောက်တိုင်းမ်သတင်းစာကို ထုတ်ဖော်ပြောခဲ့တဲ့နောက်မှာ ဒီလိုဖုန်းတွေဟက်ခ်ခံနေရတဲ့ ကိစ္စတွေစုံစမ်းဖို့ ဗြိတိန်ပြည်ထဲရေးကို နှိုးထစေခဲ့ပါတယ်။

ကျော်ကြားသူတွေရဲ့ဖုန်းတွေ၊ နိုင်ငံရေးသမားတွေရဲ့ဖုန်းတွေ၊ တော်ဝင်မိသားစုတွေရဲ့ ဖုန်းတွေကိုသာ မကပဲ အသတ်ခံရတဲ့ ဗြိတိန်ကျောင်းသူလေး မီလီဒေါင်လာရဲ့ ဖုန်း၊ တိုက်ပွဲတွေမှာ သေဆုံးသွားတဲ့ ဗြိတိန်စစ်သား မိသားစုတွေရဲ့ဖုန်း၊ လန်ဒန်မြို့ ဗုံးကွဲမှုက ဓားစားခံတွေရဲ့ဖုန်းတွေကို ခိုးနားထောင်တာ၊ သတင်းအချက်အလက်ရဖို့ ရဲတွေကို လာဘ်ပေးတာတွေ ဘူးပေါ်သလို တခုပြီးတခု ဆက်တိုက်ဆိုသလို ထွက်ပေါ်လာတဲ့နောက်မှာတော့ News of the World ကို နေ၀င်ချိန်ဆီတွန်းပို့လိုက်ပါတော့တယ်။

၁၈၄၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ စတင်ထုတ်ဝေခဲ့တဲ့ ဗြိတိန်ရဲ့ လူဖတ်အများဆုံး၊ အကျော်ကြားဆုံး သတင်းစာ News of the World ဟာ ၂၀၁၁ ဂျူလိုင် ၁၀ ရက်နေ့မှာတော့ သူ့ရဲ့နောက်ဆုံး သတင်းစာကို ထုတ်ဝေပြီး ရုံးတွေကို ပိတ်သိမ်းလိုက်ပါတော့တယ်။

News of the World ရဲ့ မိခင်အဖွဲ့အစည်း News Corporation ဥက္ကဌ ရူးပတ်မါးဒေါ့ဟာလည်း ဖြစ်ခဲ့သမျှတွေကို တောင်းပန်ခဲ့ပြီး ပါလီမန်အမတ်တွေရဲ့ရှေ့မှာ စစ်ဆေးမေးမြန်းမှုတွေကို ဖြေရှင်းနေရပါတယ်။

သူရဲ့ ၀န်ထမ်း ၂၀၀ ကျော် အလုပ်လက်မဲ့ဖြစ်သွားပြီး ဗြိတိန်အစိုးရကတော့ ဖုန်းအရှုပ်တော်ပုံနဲ့ ပတ်သက်တဲ့အချက်တွေ၊ လူတွေကို ဒီနေ့အထိ ဖော်ထုတ်စစ်ဆေးမေးမြန်းနေဆဲပါ။
ဒီလို ဖုန်းခိုးနားထောင်တာ၊ ဖုန်းတွေကို ဟက်ခ်ပြီး သတင်းအချက်အလက်ရယူတာဟာ သတင်းစာတခုရဲ့ ကျင့်ဝတ်နဲ့ မညီညွတ်၊ ပြစ်မှုမြောက်တဲ့အပြင် နိုင်ငံရေး၊ လူမှုရေး ရှုပ်ထွေးမှုတွေဖြစ်စေတဲ့ လုပ်ရပ်ဖြစ်လို့ News of the World အခုလို ဇာတ်သိမ်းမလှခဲ့တာဟာ နိုင်ငံတကာက သတင်းသမားတွေအဖို့ကတော့ သင်ခန်းစာ တရပ်ပါ။

News of the World ကတော့ ထိပ်တန်းနိုင်ငံရေးသမားတွေ၊ ထင်ပေါ်ကျော်ကြားသူတွေ၊ သတင်းဖြစ်နေတဲ့ သတင်းထဲမှာပါဝင်နေတဲ့ ကာယကံရှင်တွေရဲ့ ဖုန်းတွေကို ခိုးနားထောင်တာကြောင့် ဒီလိုအဖြစ်မျိုး ကြုံခဲ့ရတယ်။ ပြည်သူတွေရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ လုံခြုံမှုကို ထိပါးနှောင့်ယှက်လို့ ဒီလိုပြစ်ဒဏ်တွေ တန်ပြန်ခံစားရတယ်။

ဒီလိုအဖြစ်မျိုး မြန်မာပြည်မှာသာ ဖြစ်ခဲ့မယ်ဆိုရင် …

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved