မြောက်ကိုရီးယား သွားနေချေ ... တဲ့

Wednesday, July 27, 2011

သူသတ်မှု ကျူးလွန်ကြောင်း ဝန်ခံသူ Breivik ကို ရုံးထုတ်လာစဉ်။ (ဓာတ်ပုံ - Reuters)

လူ ၈ ဦးသေတဲ့ အော်စလို ဗုံးကွဲမှုနဲ့ ၆၈ ဦးကျော် သေတဲ့ Utoya ကျွန်း လူသတ်မှုတွေအတွက် ဖြောင့်ချက်ပေးထားတဲ့ Anders Behring Breivik က “ရူးနေတဲ့လူ” လို့ သူ့ရှေ့နေက ပြောဆိုလိုက်ပါတယ်။ ဒီလူဟာ တကယ့် လက်တွေ့လောကကြီးနဲ့ ကင်းကွာပြီး သူ့ကိုယ်သူ ဥရောပ ခရစ်ယာန် နှုန်းစံတန်ဖိုးတွေကို တဖြည်းဖြည်း ကယ်တင်ရင်း စတေးခံသွားမယ့် စစ်သည်တော်လို့ ယုံကြည်နေကြောင်း တရားခံရဲ့ ရှေ့နေ Geir Lippestad က ဆိုပါတယ်။

ဇူလိုင် ၂၂ ရက်နေ့က ဒီသတ်ဖြတ်မှုဟာ ဥရောပ စစ်ပြီးခေတ်ကြီးမှာ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး ဖြစ်ပါတယ်။

စိတ်အထူးကုဆရာဝန်တွေနဲ့တော့ Breivik ကို မပြရသေးကြောင်းနဲ့ Breivik ကို သီးသန့်ခွဲထားပြီး သူ့ကိုယ်သူ သတ်မသေနိုင်အောင် စောင့်ကြည့်ထားတယ်လို့ နော်ဝေရဲက ပြောပါတယ်။

Breivik က “သူသတ်လိုက်တာ လူဘယ်နှယောက် သေသလဲ” လို့ သူ့ရှေ့နေကို မေးပေမယ့် သူ့ရှေ့နေက သူ့ကို မပြောပြခဲ့ပါဘူး။ Breivik ဟာ ကျွန်းပေါ်မှာ သေနတ်နဲ့ လူတွေကို ပစ်သတ်တုန်းက မူးယစ်ဆေးဝါးတွေ အလွန်အကျွံ သုံးထားတယ်လို့ ရှေ့နေက ဆိုပါတယ်။

နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Jonas Gahr Store က မနေ့က ညနေမှာ သေနတ်ဒဏ်ရာကြောင့် ဆေးရုံတက်နေရတဲ့ လူငယ်တွေကို သွားရောက်ကြည့်ရှုပြီးနောက် အော်စလို ဗလီကိုသွားပြီး ကမ္ဘာ့ အစ္စလာမ် မစ်ရှင်မှာ နော်ဝေနိုင်ငံသား မွတ်ဆလင်တွေကို ညီညွတ်ရေး မိန့်ခွန်း ပြောပါတယ်။

Breivik က သူဒီလို အစုလိုက်အပြုံလိုက် လူသတ်တာဟာ မွတ်ဆလင်တွေကို အစိုးရက နိုင်ငံတွင်း အများအပြား အခြေချ နေထိုင်ခွင့် ပေးလို့ပဲလို့ တရားရုံးမှာ ပြောတယ်လို့ ဆိုပါတယ်။

အင်တာဗျူး တခုမှာ Store က Breivik သတ်ဖြတ်ခဲ့သူတွေထဲမှာ ခရစ်ယာန်၊ မွတ်ဆလင်၊ ဘာသာမဲ့ အကုန်ပါကြောင်း၊ နော်ဝေကို လာရောက် အခြေချသူတွေနဲ့ ပတ်သက်လို့ နော်ဝေဟာ “လူမျိုးတမျိုးတည်း ရှိတဲ့ နိုင်ငံကနေ လူမျိုးစုံ ယဉ်ကျေးမှုစုံ အတူတကွ နေနိုင်တဲ့ နိုင်ငံတခု” အဖြစ် ပြောင်းလဲနေမှာဖြစ်ကြောင်း ပြောပါတယ်။

“ဒါက အမှန်တရားပဲ။ ဒီလို မတူညီတဲ့ ကွဲပြားမှုတွေနဲ့ အတူယှဉ်တွဲ မနေနိုင်ရင် ခင်ဗျား မြောက်ကိုရီးယားသာ သွားနေပါ” လို့ ပြောပါတယ်။

Ref: The New York Times

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved