ချမ်းသာသည့်ဒဏ် ခံနိုင်ရန် အမျိုးသားတရပ်လုံး ကြိုးစားဖို့ လိုအပ်

Wednesday, July 13, 2011


ကျွန်ုပ်တို့ မြန်မာပြည်ကြီးကား ဆင်းရဲမွဲတေမှုများ အမှန်တကယ် ပပျောက်၍ ချမ်းသာမှုများ ဗုံးပေါလအော ... အစုလိုက် အပြုံလိုက် ဝင်ရောက်လာပေတော့မည်။ တရုတ်သိုင်းဝတ္ထုများ ဖတ်သကဲ့သို့ မည်ကဲ့သို့ ပြုလုပ်လိုက်သည်မသိ ချမ်းသာတော့မည်ဖြစ်ရာ လူတိုင်း လူတိုင်း ချမ်းသာသည့်ဒဏ်ကို ခံနိုင်ရည်ရှိရေးအတွက် ကြိုတင် ကြိုးစားထားဖို့ နှိုးဆော်အပ်ပါသည်။ ကျွန်ုပ်တို့ အစိုးရသည် အလွန်တရာ အံ့ဖွယ်ကောင်းလှသော အစိုးရတရပ် ဖြစ်ရငြား ... ပြင်ပကမ္ဘာတွင် မဖြစ်နိုင်သော၊ မဖြစ်သေးသော၊ မဖြစ်လတံ့သော အရာများကို ၎င်းတို့၏ သတင်းစာ တော်ကြီးများထဲ၌ မစားရဝမခန်းလည်း ပြောတတ်ကြသည် မဟုတ်ပါလား။ ယခု တင်ပြသော သတင်းစာ ဖြတ်ပိုင်းကို ရှုလော့ ...။ ကျေးလက် တောရွာများတွင် ဓာတ်မီးများ ထိန်ထိန်ငြီးကာ “ရတနာ ခုနစ်သွယ် တကယ်ပင် စုံညီ တို့အမျိုးသားတိုင်းပြည်” အစရှိသည့် စာသား ပါရှိသော နဂါးနီသီချင်းကို ပဲ့တင်ရိုက်ဟည်းမျှ ဆိုညည်းကြရတော့မည်ဟု ပါလေ၏။ ကျွန်ုပ်၏ တထွာတမိုက် မျှသော ဉာဏ်ကလေးဖြင့် စဉ်းစား ကြည့်မိသောအခါဝယ် ဤသို့ တွေ့ရလေသည်။ ဓာတ်မီးများ ထိန်ထိန်ငြီးမည် ဆိုသည့်စကား မှန်လေ၏။ သူက လျှပ်စစ်မီးလို့မှ မဆိုလေဘဲ။ ဓာတ်မီး = ဘထ္ထရီဖြင့် ထွန်းရသောမီး၊ တနည်း - ကိုယ်ထူကိုယ်ထ မီး။ နဂါးနီသီချင်းကို တွင်တွင်ဆိုညည်းကြရတော့မည် ဆိုခြင်းမှာလည်း သွေးထွက်အောင် မှန်လေ၏။ အဘယ် ကြောင့်နည်း ...။ ကျေးလက်တောရွာများတွင် အဆိုပါ သီချင်းကို အရက်မူးသော အခါ၌ လည်းကောင်း၊ ကာရာအိုကေ ဆိုင်များ၌ လည်းကောင်း တွင်တွင် ဆိုညည်းပြီးသား ဖြစ်သည် မဟုတ်တုံလော။ ကျွန်ုပ်သည် အစိုးရအား လက်ဖျားကော ခြေဖျားပါ ခါ၍ ချီးကျူး မိလေသည်။ သတင်းစာထဲတွင် ဓာတ်ခဏခဏ လိုက်ရလေအောင် လျှပ်စစ်မီးများ ပေးဝေတတ်သကဲ့သို့ ယခုအခါ သတင်းစာ ထဲ၌ပင် ဆင်းရဲမွဲတေမှု ပပျောက်အောင် လုပ်ဆောင်ချေပြီ။ ကျွန်ုပ်အပါအဝင် မြန်မာပြည်သူလူထု အနေဖြင့် ချမ်းသာသည့်ဒဏ် ခံနိုင်ရေးကို ကြိုးစားဖို့သာ လိုပေတော့မည် မဟုတ်ပါလား။

ရန်ကုန်သားတာတေ

6 comments :

  1. နအဖ လူထွက်တွေ ရူးကြောင်ကြောင် ဖြစ်ကုန်ကြပီ ထင်ပါရဲ့  ဗျာ။ poverty alleviation ကို ပြောကြဆိုကြ တုန်း။
    ဟီးဟီး။

  1. Anonymous said... :

    This article is so funny and I love it.. We should stand of wealthy.. :D

  1. Anonymous said... :

    တော်တော်ရီရတဲ့သူတွေပဲ...

  1. Anonymous said... :

    Narinjara မှာ ပါတဲ့ သတင်းပါ။

    နိုင်ငံတော်ကို အုပ်ချုပ်ခဲ့သူ အဆက်ဆက်သည် မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူတို့ အရေးကို လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း အစိုးရပိုင် သတင်းစာ တစ်စောင် ဖြစ်သော ကြေးမုံ သတင်းစာပါ ဆောင်းပါး တပုဒ်က ဝေဖန် ရေးသားလိုက်သည်။

    ဇူလိုင်လ ၁၀ ရက်နေ့ နေ့စွဲဖြင့် ရေးသားထားသော ဆောင်းပါးရှင် ဝေယံမောင်၏ " တိုင်းရင်းပီစွာ ရိုင်းပင်းညီကာ ၀ိုင်းဝန်း ပါဝင်ကြပါစို့ " ဆောင်းပါးတွင် ဝေဖန်ချက်ကို ထိုသို့ ရေးသားဖေါ်ပြထားခြင်း ဖြစ်သည်။

    စာရေးသူ ဝေယံမောင်က ပွင့်ပွင့်လင်းလင်း ဝေဖန်ရမည် ဆိုလျှင် ရေမြေတောတောင် သဘာဝနှင့် သယံဇာတ ပေါကြွယ်ဝလှသည့် ကျွန်တော်တို့ နိုင်ငံ၊ မြေကြီးက ရွှေသီးသည်ဟု တင်စားသည့် ကျွန်တော်တို့ တိုင်းပြည်တွင် ဆင်းရဲ နွမ်းပါးမူ ၂၆ ရာခိုင်နုန်း ကျော်ခဲ့ရခြင်းသည် သက်ဆိုင်ရာ အုပ်ချုပ်သူ အဆက်ဆက်တို့က ဆင်းရဲနွမ်းပါးသူတို့၏ အရေးကို လုပ်သင့် လုပ်ထိုက်သလောက် မလုပ်ဆောင်နိုင်ခဲ့၍ ဖြစ်သည်ဟု ဆိုကာ ရေးသားဖေါ်ပြထားသည်။

    ၎င်းပြင်သူက အုပ်ချုပ်မူ အားနည်းခြင်းနှင့် အထူးအခွင့်အရေးများ ပေးခြင်း တို့ကြောင့် ဆင်းရဲ ချမ်းသာ ကွာဟမူ မြင့်မားခြင်းတို့ကို ရင်ဆိုင်နေကြရခြင်း ဖြစ်ကြောင်း၊ ခေတ် အဆက်ဆက် အုပ်ချုပ်မူ အားနည်းခြင်းတို့၏ ရလဒ်ကြောင့် ဖွံ့ဖြိုးတိုးတက်မူ နှေးကွေးခဲ့ရကြောင်း၊ လက်တစ်ဆုတ်စာ လူတန်းစားတို့၏ အခွင့်ထူးခံ လုပ်ရပ်များကြောင်း ပြည်သူအများစု နစ်နာခဲ့ရသည်။ တိုင်းပြည်၏ အကျိုးစီးပွား အကျိုးမဲ့စွာ ဆုံးရှုံးခဲ့ရသည်ဟုလည်း ဖေါ်ပြထားသည်။

    စာရေးသူ ဝေယံမောင်က တိုင်းပြည်ကို အုပ်ချုပ်သူ အစိုးရ အဆက်ဆက်ကို ပြောဆို ဝေဖန်ထားသဖြင့် တိုင်းပြည် အာဏာကို နှစ်ပေါင်း ၂၃ နှစ် ကြာ ရယူ ထားခဲ့သော စစ်အစိုးရအားလည်း သူ့ဆောင်းပါးက အရှက်ရစေလိမ့်မည်ဟု စာဖတ်သူများက သုံးသပ် ပြောဆိုသည်။

    ၎င်းပြင် ယနေ့ မြန်မာနိုင်ငံ တွင် ကောင်းစားနေသော လက်တဆုတ်စာ လူတန်းစားမှာ ယခင် တိုင်းပြည်ကို အုပ်ချုပ်သွားခဲ့သော တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်များ၏ ဆွေမျိုးသားချင်းများနှင့် နီးစပ်သူများ ဖြစ်သဖြင့် ဝေယံမောင်၏ ဆောင်းပါးမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေအပါအ၀င် သန်းကြွယ် သူဌေး ဦးတေဇတို့၏ အရှိုက်ကို လက်သီး တိုက်ရိုက် ထိမှန်သွားသလို ခံစားရမည့် ဆောင်းတပါး တပုဒ်အဖြစ် စာဖတ်သူများက ရှု့မြင်နေကြရသည်ဟု သတင်း ရရှိသည်။

  1. Anonymous said... :

    အမှန်ဆင်းရဲမွဲတေနေတာက သူတို့အသိုင်းအ၀ိုင်းတွေပါ ၊
    ရုပ်ဝတ္ထုအားဖြင့်တော့ တသက်စားမကုန်အောာင်ချမ်းသာကောင်းချမ်းသာမှာဖြစ်ပေမဲ့ . . . . .
    လူလူချင်းညှာတာထောက်ထားရမဲ့စိတ်
    အကြင်နာတရားထားတတ်တဲ့စိတ်
    ဘာသာတရားကိုင်းရှိုင်းတဲ့စိတ်
    မင်းကျင့်တရားနဲ့ အညီ အုပ်ချုပ်လိုတဲ့စိတ်
    တွေဆင်းရဲမွဲတေ ရုံမျှမက ခေါင်းပါးနေတာကိုတွေ့ရမှာဖြစ်ပါတယ်
    ဆင်းရဲမွဲတေမှုတိုက်ဖျက်မယ် ဆိုရင်သူတို့ ကိုယ်တိုင်ကိုက စိတ်ဓာတ်လေးတွေ ခ၀ါ ဦးစွာ
    ချဖို့ လိုတယ်

  1. Anonymous said... :

    ချမ်းသာသည့်ဒါဏ်ကိုခံ နိုင်ရန်အောက်ပါအချက်များကိုပြင်ဆင်ရပေမည်။

    ၁) အဲယားကွန်းဖွင့် ပြီး အအေးဓါတ်လွတ်ထားသည့် ကုန်တိုက်ကြီးများတွင် နေ့စဉ်သွားထိုင်ခြင်း... သိုမှသာ.. ချမ်းသာသည့်အခါ အဲယားကွန်းဖွင့်ကာ ဇိမ်ခံယစ်မှုးမိသောဒါဏ်ကို ကာကွယ်နိုင်မည်။

    ၂) မိသားစုများစုံဖွဲ့ စားသောက်ကြသည့်အခါတွင်လည်းကောင်း သူငယ်ချင်းမိတ်ဆွေများတွေ့ ဆုံကြလျှင်လည်းကောင်း..၀က်သားကြက်သားများချည်းစားသောက်နေပါက ကျန်းမာရေးထိခိုက်သည့်အတွက် ယခုလို ဟင်းသီးဟင်းရွက်များကိုဆီမပါ ဆားမပါ ခေတ်မီစွာချက်ပြုတ်သောက်နေရကြောင်း အားရှိပါးရှိပြောဆိုကြရန်... သို့မှသာ တကယ်ချမ်းသာလာသည့်အခါတွင် ကျန်းမာအောင်နေထိုင်စားသောက်တတ်သွားမည်။

    ၃) ထို့အတူ ဘတ်စကားစီးချိန်. ကုန်းကြောင်းလျှောက်ရချိန်များတွင်လည်း.. လှောင်စာဆီကိုချွေတာသုံးစွဲခြင်းသည်.. သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရာရောက်ကြောင်း..သတိပေးပြောဆိုကြရန်.. သို့မှသာ ချမ်းသာသည့်အခါ ခြောက်စီးပြိုင်မောင်းနိုင်သော အဝေးပြေးလမ်းများပေါ်လာသည့်အခါတွင်.. ဆီကိုချွေတာစွာသုံးစွဲကြပေမည်..။

    ၄) အ၀တ်အစားများဝတ်စာသည့်အခါတွင်လည်း..အရိုးတကာ့အရိုးဆုံးအ၀တ်များကို ၀တ်ဆင်ခြင်းသည်တိုင်းပြည်ဘဏာငွေကို ထိန်းသိမ်းရာရောက်ကြောင်း...သို့ဖြစ်သောကြောင်ုးခုကဲ့သို့ ဂုံနီအိပ်သာသာ အ၀တ်များကိုဝတ်ဆင်ခြင်းသည် အမျိုးသားဂုဏ်ကို တက်စေကြောင်းပြောဆိုကြရန်.. သို့မှသာ ချမ်းသာချိန်တွင် သောင်းချီ သိန်းချီတန်သော အ၀တ်အစားများကို အီတလီလို တိုင်းပြည်မှ နေ့စဉ်မှာယူတင်သွင်းဝတ်ဆင်ခြင်းမှ ကာကွယ်နိုင်မည်။

    ဆက်ရေးနေက ယခု စာပြောင်ကိုရေးနေသော စာရေးဆြာကြီး အလွန်အားကျသွားမည်ဆိုးသော ကြောင့် ရေးသားခြင်းကို ရပ်တန့်လိုက်ရပေသည်..

    ဟေ့ဒို့နဂါးနီ..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved